Chapter 22

3.1K 417 7
                                    

Chapter-22
နျဲ့ပုဖန်ဒီလိုလုပ်ခဲ့တယ်
...................................

နံနက်မိုးလင်းသောအခါ၌ စုချန်းယိနှင့် ရှန်းမုလန်တို့ မနိုးကြသေးသောကြောင့် နျဲ့ပုဖန် ၎င်းတို့ကိုမနှိုးတော့ပဲ ထလာခဲ့သည်။
ဤသည်မှာ ညက ကြက်ဆိပ်တတ်နေသောအရှိန်ကြောင့် အိပ်ပျော်နေကြခြင်းလည်း ဖြစ်သည်။

နျဲ့ပုဖန်သည် ရုတ်တရက် စားချင်တာ တစ်ခုခုအာသီသ ပေါ်လာသည့်အတွက် ပန်းပွင့်မိန်းကလေးကိုခေါ်ကာ အစားအသောက်များဝယ်ရန် မြို့တက်ခဲ့၏။ မြို့တွင် ကျန်းကျွင်းရှီ နှင့် လီယီ တို့ဆီလည်း ဝင်ရမည်။

နျဲ့ပုဖန်သည် ရွာကမထွက်ခင် စုချန်းယိ၏ နောက်လိုက်နှစ်ဦးထံ အရင်သွားခဲ့၏။
ရှုရှီ ဟုခေါ်သော အစေခံမှာ သူ့ကိုမမြင်ချင်ယောင်ဆောင်၍ မျက်နှာပုတ်သိုးနေပေမယ့် သက်တော်စောင့်ကတော့ ပျူပျူငှာငှာပင် နှုတ်ဆက်သည်။

''လူကြီးမင်း နျဲ့ မြို့တက်မလို့လားဗျ''

''ဟုတ်တယ်''
နျဲ့ပုဖန် ပြုံးလျှက်ဖြေသည်။

''မင်းသားတွေကို ခင်ဗျားတို့ သေသေချာချာစောင့်ရှောက်ထားပေးမယ် မဟုတ်လား''

သက်တော်စောင့်က ခေါင်းငြိမ့်သည်။
သို့ရာတွင် အစေခံ ရှုရှီ ကမူ စောင့်ကြီးအောင့်ကြီးဖြင့် ပြန်ပြော၏။
''မင်းသားက တစ်သက်လုံး ကျုပ်တို့နဲ့နေလာတာ ပူမနေနဲ့''

နျဲ့ပုဖန်က ထပ်ပြောလိုက်သည်။

''ခင်ဗျားတို့ မင်းသားက အိပ်ရာမနိုးသေးဘူး၊ တံခါးအပြင်ကနေပဲ သူနိုးတဲ့အထိ စောင့်နေတာပိုကောင်းမယ် ထင်တယ်''

''သူ နိုး၊ မနိုး ခင်ဗျားဘယ်လိုသိလဲ''

အစေခံ ရှုရှီက မသင်္ကာသလို မေးသည်။

နျဲ့ပုဖန်မှာ မျက်တောင်တွေ ပုတ်ခတ်၊ ပုတ်ခတ်လုပ်ကာ ပြန်ဖြေဖို့ တွန့်နေ၏။

''ကျွန်တော် ခင်ဗျားတို့ မင်းသားနဲ့ ညက အတူတူအိပ်ခဲ့လို့ သိတာပေါ့...''

''မဖြစ်နိုင်တာ မင်းသားစုချန်းယိက ရှန်းမုလန်နဲ့အတူတူအိပ်တာလေ ညက''

ရှုရှီသည် အလန့်တကြားဖြင့် ပြော၏။

''ကျွန်တော်တို့ သုံးယောက် အတူတူအိပ်တာပါ''

''ဘာလို့ ခင်ဗျားက အဲ့အိမ်ထဲမှာ အိပ်ရတာလဲ၊ ခင်ဗျား တစ်ခြားအခန်းမှာ အိပ်တာကို ကျုပ်ကိုယ်တိုင်တွေ့ခဲ့တယ်လေ''

''ခင်ဗျားတို့ မင်းသားလေးက တော်တော် ကျန်းမာရေးချို့ယွင်းနေတာပဲ''

နျဲ့ပုဖန်သည် ဝမ်းနည်းပူဆွေး၍ မခံမရပ်နိုင်သော အမူအရာမျိုးလုပ်ကာဆိုသည်။

''ညသန်းခေါင်လည်း ရောက်ရော အိပ်ရာထဲမှာမတော်မတရား အနိုင်ကျင့်တာတွေ ထလုပ်တယ်။ ကျွန်တော်တွေ့တဲ့အချိန်မှာ သခင်လေး ရှန်း နဲ့ ရန်ဖြစ်နေကြပြီ၊ ဒါတောင်မှ ခင်ဗျားတို့ မင်းသားက မကျေနပ်နိုင်သေးပဲ ကျွန်တော့်ကိုပါ မတော်မတရား လုပ်လိုက်တယ်လေ''

နျဲ့ပုဖန်သည် စိတ်ထိခိုက်သွားသကဲ့သို့ မျက်နှာကိုလက်ဖြင့် အုပ်လိုက်သည်။

''ခင်ဗျား...ခင်ဗျား အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့''

''ခင်ဗျားတို့ မယုံဘူးဆိုလည်း နေပါ၊ ကျွန်တော်သာ ခင်ဗျားနေရာမှာဆို မင်းသား နိုးလာတဲ့အထိ အိမ်အပြင်ကပဲ စောင့်နေမှာ အထဲကိုမဝင်ဘူး၊ မမြင်သင့်တဲ့ မြင်ကွင်းတွေ မြင်ရမှာစိုးလို့''
နျဲ့ပုဖန်သည် ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။

''ကျွန်တော် ပြောတာတွေ များသွားပြီ ထင်တယ်၊ ဒါပေမယ့် ခင်ဗျားတို့ မင်းသားကို စောစောစီးစီး သွားမနှိုးကြနဲ့ဦး။ သူ အနှောက်ယှက်ဖြစ်မှာစိုးလို့ပါ။ သိတယ်မလား။ ကျွန်တော့်ကို မေးရင် မြို့တက်သွားတယ်လို့ ပြောလိုက်ပါ''

နျဲ့ပုဖန်သည် သူပြောချင်ရာ ပြောပြီးသည်နှင့်  အစေခံနှစ်ယောက်ကို တာ့တာပြကာ ထွက်သွားလေ၏။

ရှုရှီနှင့် သက်တော်စောင့်တို့မှာ နျဲ့ပုဖန်၏ မဟုတ်မဟက် စကားများကိုကြားပြီးနောက် မင်းသားအိပ်နေသော အိမ်ထဲသို့ မဝင်ဝံ့ကြတော့ပေ။
တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ကာ မင်းသား သူ့ဘာသာသူ နိုးလာမယ့်အချိန်ကိုသာ စောင့်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

နျဲ့ပုဖန်သည် လိုအပ်သည်များ ဝယ်ခြမ်းပြီးနောက်  ကျန်းကျွင်းရှီ ၏ စားသောက်ဆိုင်သို့ သွားခဲ့သည်။ စားသောက်ဆိုင်မှ ဧည့်ကြိုကောင်လေးသည် နျဲ့ပုဖန်နှင့် ရင်းနှီးပြီးသားမို့ နျဲ့ပုဖန်အား ဝင်ခွင့်ပြုခဲ့သည်။
သို့သော် နျဲ့ပုဖန် ဒုတိယထပ်သို့ သွားရန် လှမ်းကြည့်လိုက်သောအခါ၌ ဧည့်ကြိုကောင်လေးက အနားကပ်လာပြီး တိုးတိုးပြောသည်။

''လူကြီးမင်း နျဲ့ ကျွန်တော်တို့ သခင်လေးက ဧည့်သည်တစ်ယောက်နဲ့ တွေ့နေလို့ပါ၊ အခန်းထဲကနေ သွားစောင့်နေပေးမလား ခင်ဗျ''

''ဘယ်လို ဧည့်သည်လဲ''
နျဲ့ပုဖန် မေးလိုက်သည်။

''အဲ... အမျိုးသမီး ဧည့်သည်တစ်ယောက်ပဲ''

ဧည့်ကြိုက ပြောဖို့အခက်တွေ့သလိုအင်တင်တင် လုပ်နေတာကို ရိပ်မိသော နျဲ့ပုဖန်သည် ကျန်းကျွင်းရှီ တစ်ယောက် မိန်းကလေး တစ်ယောက်ယောက်နှင့် ချိန်းတွေ့နေသလားဟု ထင်သွားသည်။ ဒါကို ကိုယ်တိုင် အတည်ပြုကြည့်ရမှ ဖြစ်မည်။
ထို့ကြောင့် နျဲ့ပုဖန် ဒုတိယထပ်သို့ တက်ခဲ့သည်။
ဧည့်ကြိုက အလျင်စလိုတား၏။

''လူကြီးမင်းနျဲ့... ခင်ဗျား...''

''စိတ်မပူပါနဲ့၊ အကွယ်ကနေ ချောင်းကြည့်ရုံပဲ၊ မင်းတို့ သခင်လေးကို အနှောက်ယှက်မပေးပါဘူး''

နျဲ့ပုဖန်က ဧည့်ကြို၏ ပုခုံးကို ပုတ်ကာ စိတ်ချရန်ပြောသည်။

ဧည့်ကြိုမှလည်း ချိတုန်ချတုန်ဖြင့် နျဲ့ပုဖန်အား လွှတ်လိုက်ရ၏။

နေ့လည်စာစားချိန် မဟုတ်၍ ဒုတိယထပ်တွင် ဧည့်သည် တစ်ယောက်မှ ရှိမနေပါ။ ဒုတိယထပ်၏ ဝရံတာမှာတော့ လက်ဖက်ရည်ပွဲ တည်ခင်းနေသော ကျန်းကျွင်းရှီနှင့် နောက်ထပ် မိန်းကလေးတစ်ဦး အပါအဝင် အစေခံတစ်ချို့ရှိနေသည်။

နျဲ့ပုဖန်လည်း နီးရာ စားပွဲခုံတစ်ခုအောက်သို့ တွားသွားဝင်ကာ ကျန်းကျွင်းရှီနှင့် ချောမောလှပသော  မိန်းကလေးတို့ကြားက အခြေအနေကို အကဲခတ်နေလိုက်သည်။
သို့သော် အချိန်တော်တော်ကြာသည့်တိုင်အောင် ၎င်းတို့ကြားတွင် ထူးထူးခြားခြားပုံစံမျိုး မတွေ့ရပေ။ ကျန်းကျွင်းရှီက လက်ဖက်ရည်ခွက်ကို မော့သောက်ကာ ကောင်းကင်သို့ မော့ကြည့်နေ၏။ မိန်းကလေးကတော့ ခေါင်းငုံ့ပြီး သူမလက်ထဲက လက်ကိုင်ပုဝါစလေးကို လိမ်နေလေသည်။ ဘာမှတော့ မပြောကြ။
၎င်းတို့ကြားက အငွေ့အသက်သည် အတော်လေး ထူးဆန်းနေ၏။

နျဲ့ပုဖန်မှာ ချောင်းကြည့်ရင်းက သူတို့အစား နေရခက်လာ၏။
ကျန်းကျွင်းရှီ သည် သတ္တိရှိသော ယောကျ်ားတစ်ယောက်ဖြစ်ပါလျှက်နှင့် ဘာကြောင့်မို့ ဤကဲ့သို့တောင့်တောင့်ကြီး နေ,နေပါသနည်း။ မိန်းကလေးကလည်း အရှက်ပိုလွန်းနေသည်။ ဒီလိုပုံစံနဲ့ ယောကျ်ားတစ်ယောက်ကို ဆွဲဆောင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
တအောင့် ကြာပြီးနောက်မှာတော့ ကျန်းကျွင်းရှီ သည် သူ၏ဘယ်ဘက်လက်ဖြင့် စားပွဲကို တတောက်တောက်ခေါက်လျှက် စိတ်မရှည်မှုကိုပြသနေ၏။

နျဲ့ပုဖန်မှာ မိန်းကလေး အခြေအနေ မဟန်တာကို ရိပ်မိ၍ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ထို့နောက် သူနှင့်အတူပါလာသော ပန်းပွင့်မိန်းကလေး ဟုခေါ်သည့် ကြက်မလေးကို ပွတ်သပ်ကာ လှုပ်ရှားရန်အချိန်ဟု အချက်ပြလိုက်သည်။
ပန်းပွင့်မိန်းကလေးက တုန့်ဆိုင်းခြင်းမရှိပဲ မိန်းကလေးထံသို့ လျောက်သွားကာ  မိန်းကလေး၏ ခြေထောက်ပေါ်သို့ အေးအေးဆေးဆေး အပေါ့သွားလိုက်၏။

မိန်းမပျိုမှာ ခြေထောက်ပေါ် ပူပူနွေးနွေးအရာကိုခံစားလိုက်ရ၍ ရုတ်တရက်ထခုန်ပြီး အာခေါင်ခြစ်အော်လိုက်သည်။ သူမ ထခုန်လိုက်သောကြောင့် စားပွဲခုံနှင့် သူမဝမ်းဗိုက်တိုက်မိ၍ လက်ဖက်ရည်အိုးမှောက်ကျကာ အပူလောင်သွားလေသည်။
မိန်းမပျိုသည် တစ်ကိုယ်လုံးတုန်ရီကာ ဖြူဖျော့၍ မသက်မသာ ဖြစ်နေသည်။
နျဲ့ပုဖန်မှာ မြင်ကွင်းကို ဆက်မကြည့်နိုင်သောကြောင့် မျက်နှာလွှဲထားလိုက်သည်။
ကျန်းကျွင်းရှီ သည် ပန်းပွင့်မိန်းကလေးကို မြင်သည်နှင့် နျဲ့ပုဖန် ရောက်နေမှန်း သိလိုက်၏။
ထို့ကြောင့် သူ့တွင် မိန်းမပျိုကို နှစ်သိမ့်ပေးရန် စိတ်ကောင်းဝင်နေပါသော်လည်း မိန်းမပျိုသည် မျက်နှာကို အုပ်လျှက် ရှက်ရွံ့စွာ ပြေးထွက်သွားကာ  အခိုးငွေ့ တစ်ခုလို ပျောက်သွားလေသည်။
ကျန်းကျွင်းရှီ လှည့်ကြည့်လိုက်သောအခါ နျဲ့ပုဖန်ကို တွေ့လိုက်ရလေသည်။

''မင်းက ဒီမှာပဲ''

''ညီအစ်ကိုကျန်း၊ လွမ်းလွန်းလို့ သေတော့မယ်"
နျဲ့ပုဖန်သည် ကျန်းကျွင်းရှီကို ပြေးဖက်လိုက်၏။

''ငါလည်း မင်းကိုလွမ်းနေတာ''
ကျန်းကျွင်းရှီသည် မျက်လုံးများ ပိတ်သည်အထိ ပြုံးနေသည်။

ထို့နောက် ကျန်းကျွင်းရှီသည် နျဲ့ပုဖန်အား သူ့အခန်းဆီသို့ ခေါ်သွားခဲ့သည်။

''ကဲဆိုပါဦး မင်းမြို့ကိုလာဖို့ အချိန်ရသေးတယ်နော်''

''ပစ္စည်း လာဝယ်တာလေ''
နျဲ့ပုဖန်က ဘေးနားက အထုတ်ကို လက်ညိုးထိုးပြလိုက်သည်။
''ဒါနဲ့ စောစောက မိန်းကလေးက ဘယ်သူလဲ''

ကျန်းကျွင်းရှီသည် ကူကယ်ရာမဲ့ သက်ပြင်းချကာပြောပြ၏။

''ငါ့အဖေ မိတ်ဆွေတစ်ယောက်ရဲ့သမီးပါ''

''အင်း ... လှတော့လှတယ်၊ ဒါပေမယ့် အရှက်သည်းလွန်းတယ်၊ ငါ့ အကြိုက်ပုံစံတော့ မဟုတ်ဘူး''

နျဲ့ပုဖန်က မှတ်ချက်ချသည်။

ထိုအခါ ကျန်းကျွင်းရှီက ပြုံး၍ မေး၏။

''ဒါဆို မင်းက ငါ့ကိုဘယ်လိုလူမျိုးနဲ့ သင့်တော်မယ်လို့ထင်လဲ''

နျဲ့ပုဖန်က မေးစေ့ကို ပွတ်လျှက် စဥ်းစားကာ။

''မင်းက လူကြီးလူကောင်းဆန်ပြီး လက်တွေ့ကျကျနေတတ်တယ်။ ပြီးတော့ အရှက်ကြောက်ကြီးတဲ့မိန်းကလေးမျိုး မကြိုက်ဘူး၊ ဒီလိုဆိုတော့ မင်းနဲ့အတူ စီးပွားရေးမှာ အတူတူ ဦးစီးနိုင်မယ့် လက်တွဲဖော်မျိုးရှိတာ ကောင်းမယ်''

ကျန်းကျွင်းရှီသည် ဘာမှပြန်မပြောပဲ မိန့်မိန့်ကြီးပြုံးလျှက် နျဲ့ပုဖန်ကို စိုက်ကြည့်နေသည်။

နျဲ့ပုဖန်မှာ တွေးတွေးဆဆဖြင့် ဆက်ပြောနေသည်။

''ဒီလိုမျိုး လက်တွဲဖော်ရှာဖို့က မလွယ်လှဘူး၊ အိမ်ထောင်ဖက်ရှာရတာ မင်း တော်တော်ဒုက္ခတွေ့မှာပဲ''
ဤတွင် ကျန်းကျွင်းရှီသည် နျဲ့ပုဖန် နားရွက်,နားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။

''အဲ့ဒီ လက်တွဲဖော်က မင်းဆိုရင်ရော ဘယ်လိုထင်လဲ''

နျဲ့ပုဖန် မော့ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာနှစ်ခုမှာ အတော်နီးကပ်နေ၍ အသက်ရှုသံများပင် ကြားနေရသည်။
ကျန်းကျွင်းရှီ၏ အကြည့်များသည် နျဲ့ပုဖန်၏ မျက်ခုံးထူထူတို့မှ တစ်ဆင့် စိုစွတ်၍ ညီညာနေသော နှုတ်ခမ်းအစုံဆီသို့ ရောက်သွား၏။

''ညီအစ်ကို ကျန်း''

နျဲပုဖန်သည် ကျန်းကျွင်းရှီ၏ မျက်နှာကို လက်ဖြင့်အုပ်ကိုင်လိုက်ကာ သတိပေးသည့် အရိပ်အရောင်ဖြင့် လေးလေးနက်နက် ပြောလိုက်သည်။

''မိတ်ဆွေတွေ အချင်းချင်းက ပြောဆိုဆက်ဆံဖို့လွယ်ပါတယ်၊ လက်တွဲဖော် မိန်းကလေးကသာ ရှာဖို့ခက်တာ''

ကျန်းကျွင်းရှီ၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့်ရှုံ့မဲ့သွားသည်။
နျဲ့ပုဖန်က ကျန်းကျွင်းရှီ၏ ပုခုံးကိုပုတ်ကာ ...

''ကဲပါ၊ စီးပွားရေးကိစ္စလေး ပြောရအောင်''
ဟု ဆိုလိုက်သည်။

ဘယ်လိုစီးပွားရေးကိစ္စလဲ။ အခုလိုစိတ်အနှောက်အရှက်ဖြစ်ပြီးမှ စီးပွားရေးအကြောင်း ဘယ်ပြောနိုင်ပါ့မလဲ။

သို့သော် နျဲ့ပုဖန်က ဆက်ပြောသည်။

''ငါ ကြက်ဥ လက်ဖက်ရည် ရောင်းတာကို ခဏရပ်ထားဦးမယ်''

''အင်း''
ကြက်ဥ လက်ဖက်ရည်ကို အကြောင်းပြ၍ နျဲ့ပုဖန်ကြောင့် ဒုက္ခရောက်သွားကြသူများကို ရုတ်တရက်တွေးမိသွားသည်။

''ဒါဆို ငါ ကြက်ဥ လက်ဖက်ရည်ကို ဘာဆက်လုပ်မယ်လို့ မင်းထင်လဲ''

ကျန်းကျွန်းရှီက စိတ်လှုပ်ရှားစွာဖြင့် ...

''ကြက်ဥ လက်ဖက်ရည် ကုန်သွယ်ရေးလုပ်မလို့လား''

''မဟုတ်ဘူး။ ကုန်သွယ်တာက မင်းစီးပွားရေးလေ''

နျဲ့ပုဖန်က ပြောသည်။

''ငါ ကြက်ဥ လက်ဖက်ရည် ချက်နည်းကို ရောင်းမယ်လို့ စဥ်းစားထားတယ်''

''အဲ့ဒီ နည်းကို ငါ့ဆီရောင်းမလို့လား။ မင်းဘယ်လိုလုပ်ချင်တာလဲ"

ထင်ထားထက် ပိုလုပ်တတ်တဲ့ နျဲ့ပုဖန်က ဘာလို့  လက်ဖက်ရည်ချက်နည်းကို ရောင်းချင်တာလဲ စဥ်းစားမရပါ။

နျဲ့ပုဖန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

''မင်းက ငါ့ကို အထင်ကြီးလွန်းနေတာပဲ၊ ဘာပဲဖြစ်ဖြစ်ပါ၊ ငါက စီးပွားရေး အမျှော်မြင်ရှိတဲ့သူပဲ မဟုတ်လား၊ ပိုက်ဆံ ပိုရအောင် လုပ်ရမှာပေါ့''

''မင်း ရောင်းချင်ရင် ရောင်းလို့ရပါတယ်''

ကျန်းကျွင်းရှီက မဝံ့မရဲ ဖြေလိုက်သည်။ သူ့စိတ်ထဲ၌ မရေမရာ ဖြစ်နေသည်။

''ဘာလဲ၊ မင်းက စိတ်မဝင်စားဘူးလား''

''အဲ့လို မဟုတ်ပါဘူး''
ကျန်းကျွင်းရှီ ပြုံးလိုက်သည်။

''ဒါဖြင့်လည်း စျေးဖြတ်ရအောင်လေ''

''မင်း သဘောပေါက်သွားပြီပဲ၊ မင်းက တကယ်ကိုယုံကြည်အားကိုးရတဲ့ မိတ်ဆွေတစ်ယောက်ပဲကွာ''

နျဲ့ပုဖန်သည် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဖြင့် ဆိုလိုက်သည်။

ကျန်းကျွင်းရှီက သဘောကျကာ ခေါင်းတခါခါလုပ်နေသည်။

''ဟုတ်ပြီ၊ ငါ မင်းကို အမြတ်ပိုပေးပါမယ်''
နျဲ့ပုဖန်လည်း ကျေကျေနပ်နပ်ပြုံးလိုက်၏။

အဓိကအားဖြင့် ကျီဝေါရွာတွင် ကြက်ဥများ ပေါများလွန်း၍ ကြက်ဥ လက်ဖက်ရည် လုပ်ငန်း တစ်ခုတည်း လုပ်ကိုင်ရန် အဆင်မပြေပေ။ အကယ်၍ ကြက်ဥ လက်ဖက်ရည်လုပ်ငန်း မအောင်မြင်ပါက ရွာရှိကြက်ဥများ ဖြုန်းတီးရာရောက်ပေလိမ့်မည်။ ထို့ကြောင့် တခြားပိုကောင်းမည့် အကြံတစ်ခု နျဲ့ပုဖန် တွေးမိခြင်း ဖြစ်သည်။
တစ်ချက်မှာ ကျန်းကျွင်းရှီသာ ကြက်ဥ လက်ဖက်ရည်ရောင်းပါက အဓိက ပါဝင်ပစ္စည်းကြက်ဥကို မဖြစ်မနေ လိုအပ်လိမ့်မည်။ ထိုအခါ ကြက်ဥ မည်သည့်နေရာက ရလိမ့်မည်နည်း၊ ကျီဝေါရွာကနေသာ ကြက်ဥတွေ ပိုဝယ်ရလိမ့်မည် ဖြစ်သည်။

''ဒါနဲ့ မင်းရဲ့ရွာမှာ မင်းသား စုချန်းယိနဲ့ သခင်လေး ရှန်းမုလန်တို့ လာနေ,နေကြတယ်ဆို။ ငါကြားတယ်''

ကျန်းကျွင်းရှီက မေးလိုက်သည်။

နိမ့်ပြဖန်က ခေါင်းညိမ့်ပြသည်။
''ဟုတ်တယ်၊ ဒါပေမယ့် ငါနဲ့ သိပ်အဆင်မပြေပါဘူး''

ဘာကြောင့် အဆင်မပြေဖြစ်နေမလဲဆိုတာ ကျန်းကျွင်းရှီ တွေးကြည့်လို့ရသည်။

သူက ထပ်မေးသည်။

''နောက်ပြီး ပညာရှိကြီးပွားပေါင်းရဲ့ ရတနာသိုက်က ကျီဝေါရွာနားမှာလို့ ပြောတယ်။ မင်းတစ်ခုခုထူးခြားတာ တွေ့သေးလား"

''ဟုတ်တယ်''
နျဲ့ပုဖန်က ပြုံးသည်။

''မင်းလည်း ရွာမှာပြန်လာနေပြီး သူတို့နဲ့အတူတူ  ရတနာသိုက် ရှာပုံတော် ဖွင့်သင့်တယ်နော်''

''မဖြစ်ပါဘူးကွာ''
ကျန်းကျွင်းရှီက လက်ကာပြလျှက် ဆိုသည်။

''သော့ပိုင်တဲ့ အိမ်တော်လေးခုက လူတွေပဲ ရတနာသိုက်ကို ဖွင့်ခွင့်ရှိတာ။ အခုပဲ 'စု'အိမ်တော်၊ 'ရှန်း' အိမ်တော်၊ 'လီ' အိမ်တော်က လူတွေပေါ်လာပြီလေ၊မကြာခင် 'ဝမ်' အိမ်တော်လည်း ရောက်လာလိမ့်မယ်''

''ဝမ် အိမ်တော်က လူက ဘယ်သူလို့ကြားလဲ''

''ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး။ ဝမ် အိမ်တော်က အတော်ရှုပ်ထွေးတယ်၊ ကြင်ရာတော် ရွေးပွဲမှာတောင် သူတို့ဆီက ကြင်ရာတော်လောင်းကို မလွှတ်ဘူး၊ ထူးထူးခြားခြား နေရတကာ သတိကြီးကြီး အကွက်စေ့အောင် လုပ်တတ်တဲ့ အိမ်တော်ပဲ''

ကျန်းကျွင်းရှီက ဖြေးဖြေးချင်း ပြောပြသည်။

''အဲ့ဒါထက် အရေးကြီးတာက နောက်ဆုံးသော့ပဲ  အားလုံးက နတ်မိမယ် ဆီမှာရှိတယ်လို့ ပြောကြပေမယ့် ဘယ်သူမှ အတည်မပြုနိုင်ကြသေးဘူး''

နျဲ့ပုဖန်သည် ကြက်ဥနှင့်တူသော သူ ရထားသည့်သော့ကို တွေးမိကာ ပြုံးမိသွားသည်။

ဒါကို ကျန်းကျွင်းရှီ ဖြတ်ကနဲ မြင်လိုက်သည် ...

''မင်း ဘာလို့ အဲ့လိုကြီး ပြုံးတာလဲ''

''ဘာလို့လဲ''

ချက်ချင်းဆိုသလို နျဲ့ပုဖန်သည် မျက်နှာပိုးသတ်ကာ ဖုံးဖိပြောလိုက်သည်။

''ငါ့ပုံစံက ဒီလိုပဲဆိုတာ သိရဲ့သားနဲ့ ညီအစ်ကို ကျန်း၊ မင်း ငါ့ရဲ့ ပင်ကိုစရိုက်ကို နားလည်မှုလွဲနေတာပဲ''

ဟုတ်ပါတယ်၊ နားလည်မှုလွဲတာပါ။ ကြက်ဥ အခွံထဲမှာ မြေခွေးတစ်ကောင်ရှိနေတာကိုတော့ ဘယ်သူ သိပါ့မလဲ။

၎င်းတို့ နှစ်ဦးသား စကားစမြည် တအောင့်တနားပြောပြီးချိန်၌ နျဲ့ပုဖန်သည် ကောင်းကင်သို့ တစ်ချက် မော့ကြည့်ကာ ပြန်ရန်ပြင်သည်။

''ဒီမှာ တစ်ညအိပ်သွားပြီး မနက်မှပြန်လေ၊ မနက်ကျရင် ငါပါရွာကို အတူတူလိုက်ခဲ့မယ်''

ကျန်းကျွင်းရှီ က ဆက်နေဖို့ပြောသည်။

''မနေတော့ဘူး။ ရွာမှာ လူကြီးလူကောင်း ဧည့်သည်တွေ ရောက်နေကြတယ်လေ။ သူတို့အတွက် ဝေယာဝစ္စတွေ လုပ်ပေးရဦးမယ်''

စုချန်းယိ နှင့် ရှန်းမုလန်တို့ အဆင်မှပြေကြရဲ့လား မသိ။
အမှန်တွင် စုချန်းယိ နှင့် ရှန်းမုလန် တို့နှစ်ယောက်စလုံး အခြေအနေတော်တော် ဆိုးနေကြသည်။

နျဲ့ပုဖန် ထွက်သွားပြီး မကြာမီ စုချန်းယိ အိပ်ရာနိုးလာခဲ့သည်၊ နိုးနိုးခြင်း ဘေးတွင် မြင်လိုက်ရသော  ခရမ်းရောင် အညိုရောင် များသန်းနေသည့် တစ္ဆေလို မျက်နှာကြီးကြောင့် လန့်ဖြန့်သွားရသည်၊ အမြဲတမ်း ပြိုင်စံရှား ကျော့မော့နေအောင် နေတတ်သော သူငယ်ချင်းမှာ ဤသို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောကြောင့် စုချန်းယိ တည့်တည့်ပင် မကြည့်နိုင်ပါ။ ရှန်းမုလန် နိုးလာရင်တော့ ဘယ်လောက်တောင်လန့်နေမလဲ မသိ။

ထိုသို့ တွေးနေတုန်းမှာပဲ ရှန်းမုလန်၏ ဖူးယောင်နေသော မျက်လုံးတို့မှာ ဖြေးဖြေးချင်းပွင့်လာ၏။

ထို့နောက် စုချန်းယိကို လှည့်ကြည့်ကာ
''မိုးလင်းနေပြီလား'' ဟုမေးသည်။

စုချန်းယိ က ဖြေးညင်းစွာ ခေါင်းငြိမ့်ပြသည်။

ရှန်းမုလန်သည် သူ့လည်ပင်းသူ ပွတ်သပ်ကာ မျက်မှောင်ကြုတ်လျှက် ရေရွတ်လိုက်သည်။

''မနေ့ညက ကျွန်တော် အိပ်မက်ဆိုးကြီးမက်ခဲ့တယ် ထင်တယ်၊ အခု တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေတာပဲ၊ ညက ကောင်းကောင်းအိပ်မပျော်လို့ ဖြစ်မယ်''

ရှန်းမုလန် ထထိုင်တော့မည့်ဆဲဆဲတွင် စုချန်းယိက ငေါက်ကနဲ ထထိုင်လိုက်သည်။ ထိုအခါ စုချန်းယိ၏ ကိုယ်ပေါ်မှအဝတ်များကို မြင်လိုက်ရသောကြောင့် ရှန်းမုလန်က တုန်တုန်ရီရီဖြင့် လက်ညိုးထိုးကာ ပြောသည်။
''မင်းရဲ့ အဝတ်တွေ...''

ထိုအခါ စုချန်းယိ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိ လိုက်သည်။ သူ၏ မျက်နှာသည် နီရဲလာသည်၊ထို့နောက် ခရမ်းရောင် ဖြစ်သွားသည်။ သည့်နောက်တွင် ခရမ်းရောင်မှ အနက်ရောင် အခြေအနေသို့ ပြောင်းသွားလေသည်။

သူ၏ အင်္ကျီသည် ရင်ဘတ်တည့်တည့် နို့အုံနေရာ၌ အပေါက်ကြီးနှစ်ခုဖြစ်ကာ သူ့ရင်ဘတ်နို့အုံကြီးမှာ ဘွင်းဘွင်းကြီးပေါ်နေ၏။
စုချန်းယိ၏ ထူးဆန်းသောပုံစံကို ကြည့်ကာ ရှန်းမုလန်မှာ ရယ်ချင်စိတ် မနည်းထိန်းထားရသည်။

''နျဲ့ ပု ဖန် ...''

စုချန်းယိ ပေါက်ကွဲကာ အော်ဟစ်လိုက်၏။
သူ ဒေါသတကြီး အလျှင်စလို ကုန်းထဖို့ လုပ်လိုက်တဲ့အခါမှာတော့ သူရော ရှန်းမူလန်ပါ နှစ်ယောက်စလုံး ဦးခေါင်းခွံ ကွဲထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရသောကြောင့် အာခေါင်ခြစ်၍ အော်ဟစ်လိုက်ကြ ပြန်သည်။

ပြန်လှည့်ကြည့်လိုက်သောအခါ စုချန်းယိ နှင့် ရှန်းမုလန် တို့၏ ဆံပင်ရှည်နှစ်ခုကို ပူးကာ ကောက်ရိုးတစ်မျှင်နှင့် လှလှပပ စည်းနှောင်ပေးထားသည်ကို တွေ့လိုက်ရ၏။

ပြင်းထန်လှသော ဒေါသနှင့် အတူ စုချန်းယိမှာ ဗုံးတစ်လုံးကဲ့သို့ ခေါင်းမီးတောက်၍ မီးခိုးများပင် တအူအူ ထွက်နေသဖွယ် ရှိသည်။

''နျဲ့ ပု ဖန်...!!''

ကြိမ်းဝါးသံကြီးမှာ ကမ္ဘာမြေကြီးပင် တုန်ဟီးသွားလောက်ပေသည်။
ကြက်များသည် အော်သံကြောင့် လန့်၍ ပျံကုန်ကြသည်။

တံခါးအပြင်မှာ စောင့်နေသော အစေခံနှင့် သက်တော်စောင့် တို့မှာတော့ အထဲတွင် ဘာဖြစ်နေမှန်းမသိ၊ ခေါင်းငုံ့ထားလျှက် နေ,နေကြသည်။

ခဏအကြာတွင် အိမ်တံခါးသည် ဝုန်းကနဲပွင့်လာ၏။ စုချန်းယိသည် ခေါင်းလေးပဲ ပြူထွက်ကာ အိမ်ရှေ့မှ သူ့ လူနှစ်ယောက်ကို မေးလိုက်သည်။

''နျဲ့ပုဖန်၊ အဲ့ဒီကောင် ဘယ်မှာလဲ''

''မြို့တက်သွားပါတယ်''

မြို့တက်သွားတယ်၊ မြို့ထဲကိုသွားတယ် တဲ့လား။
စုချန်ယိ၏ ဒေါသကို မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်သွားသည်။

ရှုရှီ နှင့် သက်တော်စောင့်တို့မှာ ၎င်းတို့မင်းသား၏ ဒေါသ အရိပ်အယောင်ကို သိ၍ ကြောက်လန့်ကာ နောက်ဆုတ်သွားကြသည်။
နျဲ့ပုဖန် ပြောသလို ၎င်းတို့၏ မင်းသားလေးသည် တကယ်ပဲ ကျန်းမာရေးချို့ယွင်းပြီး စိတ်အလိုမကျ ဖြစ်နေသလားဟု တွေးမိသည်။
တစ်ချိန်တည်းမှာပင် ရှန်းမုလန်လည်း ခေါင်းပြူထွက်လာ၏။ ၎င်းတို့နှစ်ဦးမှာ မြင်လိုက်ရသောမြင်ကွင်းကြောင့် ရုတ်တရက်ထိတ်လန့်သွား ကြသည်။
ရှန်းမုလန်၏ မျက်နှာသည် မည်သူမည်ဝါဆိုတာ မှတ်မိနိုင်ဖွယ်ရာမရှိ။ ဘယ်သူကြီးလဲဟု စဥ်းစားယူရလောက်အထိ ဖူးယောင်စုတ်ပြတ်နေသည်။

မင်းသား စုချန်းယိမှာ သခင် ရှန်းမုလန် ကိုမတော်မတရား အနိုင်ကျင့်ခဲ့သည်ဆိုသည်မှာ ဟုတ်ပေလိမ့်မည်။
ရှုရှီသည် ထိုကိစ္စကို အမှန်တရားဟု သိလိုက်ရသည်။
စုချန်းယိ မှာ ထပ်၍ သိက္ခာကျသွားပြန်သည်။

ရှန်းမူလန်သည် သူ့အခြေအနေကို သူမသိသေးပဲ  အိပ်ရာဆီသို့ ပြန်သွားကာ ထိုင်နေသည်။ ထို့နောက်အိပ်ရာဘေးရှိ မှန်တွ င်သူ့မျက်နှာကို သူပြန်တွေ့လိုက်ရသောအခါ၌ ကျီဝေါရွာတွင် ကမ္ဘာမြေကိုတုန်လှုပ်သွားစေနိုင်စွမ်းသော နောက်ထပ်အော်ဟစ်သံတစ်ခု ပေါ်ထွက်လာပြန်လေတော့သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now