Chapter-29
မေထုံရာသီ၏ရှုပ်ထွေးသောည
.........................
နွေဦးရာသီသည် တောက်ပသစ်လွင်သော ရာသီဖြစ်၏။ သည့်အပြင် ကြက်များ သားပေါက်သော မိတ်လိုက်ရာသီလည်း ဖြစ်သည်။
လက်ရှိတွင် ကျီဝေါရွာ၌ ကြက်များ အချင်းချင်း ရည်ငံနေကြသော မြင်ကွင်းမျိုးစုံတို့ကို မြင်ရပေလိမ့်မည်။ တချို့က အချင်းချင်း ခေါင်းချင်းတိုက်နေကြသည်၊ တချို့က တေးသီချင်း သီဆိုနေသလိုဖြစ်သည်။ အချို့မှာ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြ၏။ ဆိုရလျှင် အဆိုးဆုံးမှာ ဆူညံနေသောကြက်များ ဖြစ်သည်။ ၎င်းတို့သည် နို့တိုက်သတ္တဝါများမှ အသွင်ပြောင်းလာကြသောကြောင့် နေသားမကျကြခြင်း ဖြစ်သည်။
ဤသို့ဖြင့် ကြက်သိုက်ရွာကလေးသည် ကြက်များဖြင့် ဆူညံပွက်လောရိုက်ကာ ကြက်မွေးများ၊ ဖုန်မှုန့်များ နွေဦးလေထဲတွင် လွင့်ပျံလျှက် ကသောင်းကနင်း ဖြစ်နေလေ၏။
ဤနေရာတွင် အဦးဆုံး သည်းမခံနိုင် ဖြစ်လာသူမှာ လီဟိုက် ဖြစ်၏။
ရွာသူကြီး လူဆင်းရဲကောင်သည် မိတ်လိုက်လိုစိတ်ရှိနေသော သတ္တဝါများနှင့်အတူနေရသည့် ဒုက္ခကို မသိလေသလား။ ဒါမှမဟုတ် အရှက်မရှိလွန်းသူဖြစ်၍ သတိမထားသလားမသိ။ သို့ရာတွင် လီဟိုက် အိမ်ထဲမှထွက်တိုင်း သူ့ကို စောင့်ကြည့်သော ကြက်တစ်ကောင်၊ နှစ်ကောင် အမြဲရှိနေတတ်သည်။ ၎င်းတို့မှာ ရန်သူက အန္တရာယ်ပြုဖို့ လှုပ်ရှားတာနဲ့ သတ်မည်ဟူသော မျက်လုံးမျိုးဖြင့် သတိထား စောင့်ကြည့်နေကြလေ၏။ ထို့ကြောင့် လီဟိုက်မှာ ခံပြင်းပေမယ့် ဘာကိုမှ ဇွတ်တရွတ်မလုပ်ဝံ့ပေ။
ညအခါ၌ ကြက်သိုက်ရွာတွင် ကြက်များ၏ ညသဘာဝကို တွေ့ရပေလိမ့်မည်။ အော်ဟစ် ဆူညံနေ၍ ရွာတွင်နေသူများမှာ သည်းမခံနိုင် ဖြစ်လာကြသည်။ ကြက်များကြောင့် ၎င်းတို့ အိပ်ပျက်ရသည်မှာ ညပေါင်းများစွာရှိပေပြီ။
အသည်းနှလုံးမရှိသောလူ နျဲ့ပုဖန် အတွက်တော့ ထိုအရာတွေက ပြဿနာ မဟုတ်ပေ။ သူက အိပ်မြဲအတိုင်း အိပ်ကာ၊ ထမြဲအတိုင်း ထသည်။ သို့ရာတွင် သူရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလာရသည်။ မကြာသေးခင်က စိတ်ထကြွနေသော လီယီ၊ ကျန်းကျွင်းရှီတို့နှင့် ပူးပူးကပ်ကပ်နေခဲ့ရသည် မဟုတ်လား။
ယောကျ်ားသားတွေချည်း စိတ်ဖြေပေးမယ့် မိန်းမသား မရှိတော့ခက်ခဲမှာပဲ။ နျဲ့ပုဖန်သည် ၎င်းတို့ အခြေအနေကို နားလည်သွားသည့်အတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို ဖြေဖျောက်ဖို့ရာ တစ်ခုခုလုပ်ပေးရန် ကြံခဲ့သည်။ ပထမဆုံးအနေနဲ့ အဆင့်အတန်းမြင့်သော ပြည့်တန်ဆာအိမ်ကို ရှာရမည်။ ပြည့်တန်ဆာအိမ်က အမျိုးသမီးတွေဟာ အနည်းဆုံးတော့ အလယ်အလတ်တန်းစား ကိုယ်ဟန်နှင့် ရုပ်ရည်ရှိရမည်။ ဒါမှ ယောကျ်ားသားတွေ စိတ်ကျေနပ်ကြလိမ့်မည်။
နျဲ့ပုဖန်သည် ထိုသို့တွေးမိကာ နတ်မိမယ်ကိုရှာ၍ သူ့ဆန္ဒကိုတိုင်ပင်ခဲ့၏။
''ကျွန်မလို လှပတဲ့မိန်းမသားတစ်ယောက်က အပျော်မယ်တွေရှာဖို့ ပြည့်တန်ဆာအိမ်ကို လိုက်သွားရမှာတဲ့လား''
ယုချုံသည် နျဲ့ပုဖန်အား မျက်ထောက်နီကြီးဖြင့် စိုက်ကြည့်သည်။
နျဲ့ပုဖန်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ယုချုံက ပန်းလေးတစ်ပွင့်နှင့် တူပေမယ့်။ သိပ်အလှကြီးလည်း မဟုတ်ပါ။
''ရှင်က ဘာလို့ ကျွန်မကိုလာပြောရတာလဲ။ ရွာထဲမှာ ယောကျာ်းသားတွေမှ အများကြီး''
ယုချုံက ပြောသည်။
''သူတို့နဲ့ အတူတူသွားရင် အလုပ်ဖြစ်မယ် မထင်ဘူး။ သူတို့က အထင်ကရပုဂ္ဂိုလ်တွေလေ။ လူတွေ အထင်လွဲကြလိမ့်မယ်။ ဒါကြောင့် ခင်ဗျားအတူတူ လိုက်သွားပြီး သင့်တော်မယ့်သူ ဝိုင်းရှာပေးလိုက်တာ ပိုကောင်းမှာပဲ''
ယုချုံမှာ ထိုစကားကိုကြားပြီး ပါးစပ်အဟောင်းသား ဖြစ်ရသည်။ သူမ အချိန်တော်ကြာစဥ်းစားပြီးမှ စကားတစ်ခွန်းပြောလိုက်သည်။
''ပြည့်တန်ဆာအိမ်က အမျိုးသမီး လက်မခံဘူးလေ''
''ခင်ဗျားသာ ယောကျ်ားလေးလို ဝတ်လိုက်ရင် ယောကျ်ားနဲ့ တူသွားမှာပဲကို''
ထိုစကားကြောင့် ယုချုံသည် ဆူပုပ်၍ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလို ဖြစ်သွား၏။
''ဟေးဟေး ... ကျုပ်က ရယ်စရာပြောတာပါ''
နျဲ့ပုဖန် စကားပြန်ထိန်းလိုက်ရ၏။
''ကျုပ်ပြောချင်တာက ခင်ဗျား ပြည့်တန်ဆာတွေအကြောင်း မသိချင်ဘူးလား။ အလှအပတွေ၊ သေရည်အရက်တွေ အောက်မှာ ယောကျ်ားတွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာ မသိချင်ဘူးလား''
ယုချုံ စိတ်လှုပ်ရှားသွားပုံရပေမယ့် သူမ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကြောင့် တွန့်ဆုတ်နေ၏။
နျဲ့ပုဖန်က သူလိုချင်တာရဖို့ ကြိုးကြိုးစားစား ဖျောင်းဖျ၏။
''မိန်းမသားတစ်ယောက်အနေနဲ့ တော်ဝင်မျိုးနွယ်ထဲကို မဝင်ခင် ယောကျ်ားတွေရဲ့အထာကို သိထားဖို့က အရေးကြီးတယ် မဟုတ်လား။ ကျုပ်ရွာက မင်းသားတွေကိုပဲကြည့်၊ မသိရင် ဟိတ်ကြီးဟန်ကြီးထင်ရပေမယ့် ဘယ်မှာလဲဂုဏ်သိက္ခာ၊ အိန္နြေ ...''
နောက်ဆုံးတွင် နျဲ့ပုဖန်အား 'ရှင် အတင်းတိုက်တွန်းလို့ လက်ခံတာမဟုတ်ဘူး၊ ကျွန်မသဘောနဲ့ ကျွန်မလုပ်မှာ' ဟူ၍ အဓိပ္ပါယ်ရသောအကြည့်ဖြင့် ကြည့်ကာ ယုချုံ လက်ခံလိုက်သည်။
ပြည့်တန်ဆာခန်းတွေရဲ့အတွေ့အကြုံကို လေ့လာဖို့ အခွင့်အရေးက ရှားပါးသည်လေ။
သူမသည် အရာရာစူးစမ်းချင်သူ ဖြစ်သည်။
ထိုကိစ္စ သဘောတူညီမှုယူပြီးနောက် တစ်ညနေ၌ နှစ်ယောင်သား အကြောင်းပြချက် အသီးသီးပေးကာ ရွာမှ ထွက်ခဲ့ကြသည်။ နျဲပုဖန်က သူ့ကြက်လေးတွေ ခေါ်မလာသလို၊ ယုချုံကလည်း သူ့အစေခံများ ပါမလာပေ။
ဤသို့ဖြင့် နှစ်ယောက်သား တည်းခိုခန်းတစ်ခုတွင် အဝတ်အစား ဝင်လဲလိုက်ကြပြီး၊ ချောမောခန့်ညားသော အမျိုးသားနှစ်ဦအဖြစ် ပြောင်းလဲလိုက်ကြသည်။
ယနေ့ည၌ နှစ်ယောက်သား၏ ဦးတည်ရာမှာ မြို့တောင်ဘက်ရှိ ရှန်ဟဲဂေဟာသို့ ဖြစ်သည်။ ၎င်းမှာ ရှီရှန်းမြို့ရှိ အထင်ကရ အပျော်ဂေဟာသုံးခုထဲမှ တစ်ခုဖြစ်သည်။ ကျန်နှစ်ခုမှာ ရီချွမ်ဂေဟာနှင့် ဟူရှင်းကျောက်ဂေဟာတို့ ဖြစ်ကြသည်။
နျဲ့ပုဖန်နှင့် ယောကျာ်းလေးဟန်ဆောင်ထားသော ယုချုံတို့မှာ ဤကဲ့သို့ မီးများ ထိန်ထိန်လင်းနေသော မိုးမခတောလမ်းကြားထဲသို့ အရင်က မရောက်ဖူးခဲ့ပါ။ ထို့ကြောင့် အစပိုင်းတွင် နေရခက်ကာ စိတ်မသက်မသာ ဖြစ်နေကြသည်။
၎င်းတို့နှစ်ဦးကို တွေ့သောအခါ ဂိတ်ပေါက်ဝရှိ အမျိုးသမီးကြီးတစ်ဦးက သူတို့နှစ်ဦးအား ခရီးဦးကြိုပြုသည်။ မိန်းမကြီးသည် ၎င်းတို့နှစ်ယောက်ကို အကဲခတ်လိုက်တာနှင့် ဆွေကြီးမျိုးကြီးမှ အမျိုးကောင်းသားလေးများ ဖြစ်နေမှန်း သိလိုက်သည်။
''ကြွကြပါ သခင်လေးတို့။ ရှန်ဟဲဂေဟာကနေ ကြိုဆိုပါတယ်။ သခင်လေးတို့ နှစ်ယောက်ကို ကြည့်ရတာ အခုမှ ဒီကိုလာဖူးတာထင်တယ်"
''ဟုတ်ပါတယ် ခင်ဗျ''
နျဲ့ပုဖန်သည် စိတ်လှုပ်ရှားနေမှုကို ဟန်ကို့ကာ ခေါင်းညိတ်ပြလိုက်သည်။ ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ နေရာအနှံ့တွင် ယောကျ်ားပျို၊ မိန်းမပျိုများနှင့် ပြည့်နေလေသည်။
''ဒါဆို သခင်လေးတို့အတွက် နေရာစီစဥ်ပေးပါမယ်၊ ကြွကြပါ၊ မိန်းကလေးတွေနဲ့လည်း မိတ်ဆက်ပေးရမှာပေါ့''
''သိပ်ကောင်းတာပေါ့ဗျာ''
နျဲ့ပုဖန်နှင့် ယုချုံတို့သည် အမျိုးသမီးကြီး ခေါ်ဆောင်ရာ အဆောက်အဦး၏ဒု တိယထပ်သို့ လိုက်ခဲ့ကြ၏။
ဒုတိယထပ်သည် ပထမထပ်လောက် လူမရှုပ်ပဲ ပိုတိတ်ဆိတ်နေသည်။
အမျိုးသမီးကြီးက မိန်းကလေးကို လက်ဖက်ရည်တည်ခင်းစေပြီးနောက် နျဲ့ပုဖန်တို့အား မေးခွန်းများ စမေး၏။
''သခင်လေးတို့ ဘယ်လိုမိန်းကလေးမျိုး လိုချင်ကြလဲ''
''အညံ့စားတွေ မကြိုက်ဘူး။ ကျွန်တော်တို့ကို အကောင်းဆုံးတစ်ယောက် ပြပေးပါ''
နျဲ့ပုဖန်က အနည်းငယ်တင်တင်စီးစီး ပြောလိုက်သည်။
အမျိုးသမီးကြီး မဲ့ရွဲ့ပြုံးကာ လေသံတစ်မျိုးပြောင်း၍ ပြောသည်။
''ပုံမှန်အားဖြင့် ကျွန်မတို့ ရှန်ဟဲဂေဟာရဲ့ ထိပ်တန်းပန်းကလေးက သာမာန်ဧည့်သည်တွေနဲ့ တွေ့ဆုံဖို့မလွယ်ပါဘူး၊ သူက အထူးဧည့်သည်တော်တွေကိုပဲ ဧည့်ခံပါတယ်၊ ဒါပေမယ့် တခြားသင့်တော်မယ့် ပန်းကလေးတွေလည်းရှိပါတယ်။ သခင်လေးတို့ကို ကျွန်မ မိတ်ဆက်ပေးပါ့မယ်''
''ဟမ်း''
ယုချုံက ချောင်းတစ်ချက်ဟန့်ကာ သူ့အင်္ကျီလက်ထဲမှ ငွေတုံးတစ်တုံးကို ထုတ်ပေးသည်။
''ကျုပ်တို့က စိတ်ကျေနပ်ဖို့အတွက်ဆို တွန့်တိုနေမှာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ ထိပ်တန်းပန်းကလေးဆိုတာကို ကျုပ် ကြည့်ချင်တယ်၊
သူ့ကိုခေါ်လာခဲ့၊ ဘာတွေ ထူးခြားလဲ ကြည့်မယ်''
''ဟဲ ဟဲ ... ဒါဆို ခဏလောက်စောင့်ပေးကြပါ သခင်လေးတို့''
အမျိုးသမီးကြီးသည် ငွေတုံးကိုယူကာ ၎င်းတို့အား အရိုအသေပေး၍ လှုပ်စိလှုပ်စိဖြင့် ထွက်သွား၏။
နျဲ့ပုဖန်က ယုချုံကို လက်မထောင်ပြလိုက်ငည်။
ယုချုံက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ''ဒါလေးများ ပါးပါးလေးပါ'' ဟုဆိုသည်။
''ပြည့်တန်ဆာအိမ်ရဲ့ ထိပ်တန်းမိန်းကလေးတွေက သိပ်ချောလှပြီး ဘက်စုံတော်တယ်လို့ ပြောကြတယ်၊ နောက်ပြီးကျမှ သီချင်းဆိုခိုင်းပြီး ကြည့်ရမယ်''
နျဲ့ပုဖန်က သူလုပ်ချင်တာကို ပြောသည်။
''ရှင်က သီချင်းပဲ နားထောင်ချင်တာလား။ တစ်ညလုံးရော မနေချင်ဘူးလား''
ယုချုံက ရွဲ့တဲ့ပဲ့တဲ့ ပြောသည်။
နျဲ့ပုဖန်ကလည်း စကားပြန်ပက်သည်။
''သဘောကျတဲ့ ပုံစံမျိုးဆိုလို့ကတော့ ဝမ်ရှန်းကျောက်စိမ်း လက်တစ်ဆုပ်စာပေးပြီး နေရရင်တောင် ကိစ္စမရှိပါဘူး''
''ဒါဆို ဒီအကြောင်းတွေ လီယီတို့ကို ပြောပြလိုက်မယ်ဆိုရင်ရော''
''ဘာအကြောင်းလဲ''
''ရှင်က သူတို့မသိအောင် ပြည့်တန်ဆာအိမ် သွားပါတယ်ဆိုတဲ့ အကြောင်းလေ''
ထိုအခါ နျဲ့ပုဖန်မှာ သက်ပြင်းချကာ ရူးချင်ယောင်ဆောင်ရ၏။
''ခင်ဗျား ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာ လိုက်မမှီတော့ဘူး''
ယုချုံက မျက်လုံးလှန်ကြည့်၍ ...
''ကျွန်မက ရွာမှာ အနေမများပေမယ့် ရှင်တို့အကြောင်းတွေ အပ်ကျတာကအစ အကုန်သိတယ်၊ ဟီးရိုးက ကျွန်မကို အကုန်ပြန်ပြောပြတယ်လေ''
''ဟီးရိုး ဟုတ်လား''
နျဲ့ပုဖန် အံ့သြသွားသည်။
''သူ ဘာတွေပြောတာတုန်း''
''ရှင်နဲ့ ရှင့်ရဲ့ ချစ်သူငယ်ချင်းကောင်းကြီးတွေ တစ်နေ့တစ်နေ့ မဖွယ်မရာလုပ်နေတဲ့အကြောင်းတွေပေါ့''
''.......''
နျဲ့ပုဖန် အငွေ့ပျံပြီးဖြစ်ဖြစ် ပျောက်ကွယ်သွားလိုက်ချင်သည်။
''ခင်ဗျားက သူပြောသမျှယုံတယ်ပေါ့''
''ဟီးရိုးက မလိမ်ဘူး''
''ခင်ဗျားနဲ့ သူနဲ့ ဘယ်တုန်းက အဲ့လောက်ရင်းနီးသွားကြတာလဲ''
''သူက ကမ္ဘာပေါ်မှာ စကားပြောတတ်တဲ့ တစ်ကောင်တည်းသော ကြက်လေ၊ ဒီတော့ ကျွန်မက သူ့ကို သေသေချာချာဂရုစိုက်ပေးထားတယ်''
ယုချုံက အရောင်တဖိတ်ဖိတ်တောက်နေသော မျက်လုံးများဖြင့် ပြောသည်။
၎င်းတို့ နှစ်ဦးစကားများနေကြသောအချိန်၌ အခန်းအပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ အသံများကြားလိုက်ရ၏။ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်နေပုံရသည်။
ထို့ကြောင့် သူတို့သည်လည်းအပြင်တွင် ဘာဖြစ်နေသလဲဟု ထွက်ကြည့်ရန်ပြင်လိုက်ကြစဥ် ခြေသံများသည် အခန်းနားသို့ ရောက်လာ၏။ ထို့နောက်အခန်းတံခါးကို အပြင်ဘက်ကဆောင့်ဖွင့်လိုက်ကာ အထဲသို့ ယောကျ်ားကြီး လေးငါးယောက်ခန့် ဝင်လာ၏။ ၎င်းတို့နောက်၌ စောစောက အမျိုးသမီးကြီးလည်း ပါလာသည်။
''သခင်လေးတို့ စိတ်မရှိပါနဲ့''
''ဒီက မိတ်ဆွေလေးတို့က လျှို့ယန်အာ နဲ့ တွေ့ဖို့လာကြတဲ့သူတွေလား''
ယောကျ်ားကြီးတွေထဲမှ ခေါင်းဆောင်လို့ ထင်ရတဲ့သူက မေးသည်။
''လျှို့ယန်အာ ဆိုတာ ဘယ်သူလဲ'' နျဲ့ပုဖန် ပြန်မေးခွန်းထုတ်သည်။
''ငါလည်းမသိဘူးလေ'' ယုချုံကလည်း ခေါင်းခါသည်။
ပတ်ဝန်းကျင်သည် ငြိမ်သက်သွား၏။ ၎င်းတို့မှာ တစ်ဖက်လူကို ပြဿနာရှာရန် လာခဲ့သော်လည်းတစ်ဖက်က ဘာမှမသိ၍ အကျပ်ရိုက်သွားရသည်။
''အစ်မရှု၊ ဘယ်လိုဖြစ်တာလဲ''
ခေါင်းဆောင်ဆိုသူက ဒေါမောဖြင့်မေးသည်။
''ခင်ဗျား ပြောတော့ သူတို့က လျှို့ယန်အာကို ခေါ်တယ်ဆို''
''ဟုတ်တယ်၊ သူတို့ခေါ်တာ မှန်ပါတယ်''
အမျိုးသမီးကြီးက အပြုံးမပျက်ပဲ ရှင်းပြသည်။
''ဒီ သခင်လေးနှစ်ယောက်က ဒီနေရာကို အခုမှရောက်ဖူးကြတာပါ၊ လျှို့ယန်အာက ကျွန်မတို့ ရှန်ဟဲဂေဟာရဲ့ ထိပ်တန်းပန်းကလေးဆိုတာ သူတို့မသိကြပါဘူး''
ဤတွင် နျဲ့ပုဖန် ရုတ်တရက်မေးလိုက်၏။
''ဒါဆို အဲ့ဒီထိပ်တန်းရဲ့နာမည်က လျှို့ယန်အာပေါ့၊ ဘယ်မှာလဲသူ ... ခင်ဗျား သူ့ကို သွားခေါ်ပေးမယ်ဆို''
နျဲ့ပုဖန်က အမျိုးသမီးကြီးကို ခပ်စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
ဤတွင် စောစောက ခေါင်းဆောင်ဟုထင်ရသောလူက ရှေ့ကိုထွက်လာကာ နျဲ့ပုဖန် ရှေ့၌ ပိတ်ရပ်လိုက်၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်၏။
''နားထောင်စမ်း မင်း၊ လျှို့ယန်အာက ငါ ဟန်စုန်းလင်ရဲ့ မိန်းမပဲ ဘယ်သူ့မှ သူ့ကိုမခေါ်ရဘူး''
နျဲ့ပုဖန်သည် နံရံကိုမှီလိုက်ကာ ထိုလူ့ကို ခပ်တည်တည်ပင် ကြည့်လိုက်သည်။
''ခင်ဗျား မိန်းမဆိုရင် အိမ်ခေါ်မသွားဘဲ ဘာလို့ ပြည့်တန်ဆာခန်းမှာ ထား,ထားလဲ''
ဟန်စုန်းလင်၏ မျက်နှာကြီး မဲတက်သွား၏။
''ဒါက ငါသခင်ရဲ့ကိစ္စ မင်းတို့နဲ့ မဆိုင်ဘူး''
''ကျုပ်ကလည်း စိတ်မဝင်စားပါဘူး၊ ဒါပေမယ့် မိန်းကလေး လျှို့က ဒီနေရာရဲ့ နံပါတ်တစ်အမျိုးသမီးမို့ တွေ့ချင်တဲ့ ဧည့်သည်နဲ့ တွေ့လို့ရတယ်လေ၊ အစ်မရှု ကျုပ်ပြောတာ မှန်တယ်မလား''
မိန်းမကြီးက ပြုံး၍ ...
''မှန်ပါတယ် သခင်လေး''
''ဒီလိုဆိုတော့လည်း ဘာဖြစ်လဲ၊ ငါလည်း ရှန်ဟဲရဲ့ဧည့်သည်ပဲ၊ ငါသခင် လျှို့ယန်အာနဲ့ တွေ့မယ်''
ဟန်စုန်းလင်သည် ဝတ်ရုံအိတ်ထဲမှ ငွေလက်မှတ်တစ်ခုကို ထုတ်ကာ အမျိုးသမီးကြီးကို ပေးလိုက်၏။
အမျိုးကြီးသည် ငွေလက်မှတ်ကိုမယူပဲ ရှက်ရွံ့စွာ နောက်ကို ဆုတ်သွား၏။
''ဒါပေမယ့် ဒီသခင်လေးနှစ်ယောက်က တွေ့ဖို့ အရင်ပြောထားတာပါ''
ဟန်စုန်းလင်သည် နျဲ့ပုဖန် တို့နှစ်ဦးကို မထီသလိုကြည့်ကာ သူ့အိတ်ထဲမှ နောက်ထပ်ငွေလက်မှတ်တစ်ခုကို ထုတ်လိုက်သည်။
''အစ်မရှု ဒီလိုလုပ်လို့မရပါဘူး''
နျဲ့ပုဖန်က ခပ်အေးအေးသာ ပြောသည်။
''အနည်းဆုံးတော့ မိန်းကလေးလျှို့ရဲ့ သဘောထားကို မေးကြည့်သင့်ပါတယ်၊ သူက ရှန်ဟဲဂေဟာရဲ့ ထိပ်တန်းမယ်တစ်ယောက်အနေနဲ့ သာမာန်ငွေကြေးလောက်ကို စိတ်ဝင်စားမယ် မထင်ဘူး၊ သူ့ကို ပိုက်ဆံ ပိုများများပေးပြီး ခေါ်ချင်တယ်ဆိုတာ အောက်တန်းကျတဲ့ လုပ်ရပ်မဟုတ်ဘူးလား''
''အဲ့ဒါ...''
အမျိုးသမီးကြီးမှာလည်း ဘေးကကြည့်ရင်း ပြန်ပြောစရာမရှိ ဖြစ်သွား၏။ ထို့နောက် ၎င်းတို့အနားသို့ လျှောက်လာသော လျှို့ယန်အာကို လှည့်ကြည့်လိုက်သည်။
လျှို့ယန်အာသည် ၎င်းတို့အနားသို့ ညင်သာစွာ လျောက်လှမ်းလာ၏။
''ဒီက သခင်လေးပြောတာ သိပ်မှန်တာပဲ၊ ကျွန်မတို့ဂေဟာရဲ့ကျင့်ဝတ်အရ သခင်လေးတို့အရင် ရောက်ပြီး အရင်ကမ်းလှမ်းတာမို့ ကျွန်မက သခင်လေးတို့ကို ဦးစားပေးပြီး ဧည့်ခံပါ့မယ်''
ဟန်စုန်းလင်၏ မျက်နှာသည် မဲမှောင်တက်သွားပြန်သည်။ ထို့နောက် လျှို့ယန်အာ၏ လက်ကို လှမ်းဆွဲကာ ...
''မင်း ဘယ်လိုလုပ်တာလဲ'' ဟု ဒေါသတကြီးပြောသည်။
''ဟေ့ ... ကိုယ်ထိလက်ရောက်မလုပ်နဲ့လေ။ မိန်းမသားတွေက နုနယ်တယ်''
နျဲ့ပုဖန်သည် လျှို့ယန်အာ ရှေ့မှာကာ၍ ရပ်လိုက်သည်။
''ကွာ...သွားစမ်းပါ''
ဟန်စုန်းလင်သည် နျဲ့ပုဖန်ကို တွန်းထုတ်ပြီး ထိုးမည်ပြုစဥ် ဘေးက ယုချုံသည် လက်ဖက်ရည်ခွက်ဖြင့် လှမ်းပစ်ပေါက်ပြီး တားလိုက်၏။
နျဲ့ပုဖန်က ဟန်မပျက်အောင် ပြန်ထိန်းလိုက်သည်။
''ဒီက သခင်လေး၊ ကျုပ်တို့တွေအားလုံးက ပြည့်တန်ဆာအိမ်ကို လာတာပျော်ဖို့ပါးဖို့လေ၊ အသေးအဖွဲကိစ္စလေးကြောင့်နဲ့ ဘာလို့ စိတ်အနှောက်အယှက်အဖြစ်ခံနေမှာလဲ''
ဟန်စုန်းလင်သည် နျဲ့ပုဖန်ကို စူးစူးဝါးဝါးစိုက်ကြည့်နေပြီနောက် လျှို့ယန်အာ ဘက်သို့လှည့်၍ မေးသည်။
''မင်း သူတို့နဲ့နေခဲ့ချင်တာ သေချာလား''
''သေချာတယ်''
''ကောင်းပြီ။ ဒါဆို ငါလျော်ပေးလိုက်မယ်''
ဟုဆိုကာ နောက်လှည့်၍ ထွက်သွား၏။
ဒီလူက ရိုင်းလှချည်လားဟု နျဲ့ပုဖန်စိတ်ထဲတွ င်မကျေမနပ်တွေးမိသည်။
အမျိုးသမီးကြီးကလည်း အခုမှပဲ အသက်ရှူချောင်သွားပုံရပြီး နျဲ့ပုဖန်တို့ကို အားတုံ့အားနာပြုံးပြနေသည်။
''စိတ်မရှိကြနဲ့နော်။ သခင်လေးတို့ တောင်းပန်ပါတယ်။ အခု ဧည့်သည်ဆောင်ကို သွားကြမယ်။ လျှို့ယန်အာက သခင်လေးတို့ကို အကောင်းဆုံးဧည့်ခံပေးပါလိမ့်မယ်''
ထိုနေရာမှ အသီးသီးထွက်သွားကြပြီးနောက် နျဲ့ပုဖန် တိုးတိုးလေး ညည်းညူမိသည်။
''ဒီဂေဟာက အလုပ်မဖြစ်ဘူး ထင်တယ်''
''ဘာဖြစ်လို့လဲ''
ယုချုံက ပြန်မေးသည်။
''ခင်ဗျားတွေ့တယ်မလား။ မိန်းကလေးလျှို့က လှလည်းလှတယ်။ အပြောအဆိုဘေးကလည်း ညက်တယ်၊ ဒါပေမယ့် တစ်ခုခုအဆင်မပြေသလို ခံစားရတယ်''
''အဲ့ဒါ အဆင်ပြေတာ မဟုတ်ဘူးလား၊ ရှင်ဒီကို လာတာ ပြည့်တန်ဆာခေါ်ဖို့လေ။ ဘာလဲ ရှင်ကိုယ်တိုင် သူတို့နဲ့ ချစ်ချင်နေတာလား''
နျဲ့ပုဖန် ယုချုံကို ဘာမှပြန်မပြောသေးခင်မှာပဲ လျှို့ယန်အာက သူတို့ဆီ လှည့်လာ၏။
''သခင်လေးတို့ကို ကျွန်မတို့ဂေဟာရဲ့ ရိုးရာဖျော်ဖြေမှုလေးတစ်ခုနဲ့ တင်ဆက်ဧည့်ခံပေးပါရစေ''
''ကောင်းပါပြီ မိန်းကလေး''
နျဲ့ပုဖန် ပြုံး၍ ပြန်ပြောလိုက်၏။
လှပသော မျက်လုံး မျက်ဖန်၊ အချိုးအစားပြေပြစ်လှသော ကိုယ်လုံးကိုယ်ထည်နှင့် သာယာသောအသံရှိသည့် မိန်းကလေးလျှို့၏ အလှတရားမှာ အမှန်ပင် အပြစ်အနာအစာမရှိ လှပ၏။ သို့သော် လျှို့ယန်အာနှင့် ဟန်စုန်းလင်တို့၏ ဆက်ဆံရေးကို မြင်လိုက်ရသောအခါ သူတို့ကြားမှာ အရှုပ်အရှင်း တစ်ခုခုရှိနေပြီး ဟုသိ၍ နျဲ့ပုဖန် ဘဝင်မကျ ဖြစ်နေသည်။ ထိုသို့ အရှုပ်မျိုးကို ကျန်းကျွင်းရှီ၊ လီယီတို့နှင့် မိတ်မဆက်ပေးချင်ပါ။
ထို့နောက် သာယာငြိမ့်ညောင်းလှသော ဗျက်စောင်းတီးသံ ထွက်ပေါ်လာ၏။ ယုချုံသည် သံစဥ်နောက်သို့ စီးမျောသွားပေမယ့် ဂီတ၏ အနှစ်သာရကို နားမလည်သော နျဲ့ပုဖန် ကတော့ တဖြေးဖြေပျင်းရိလာ၏။ ထို့ကြောင့် လက်ဖက်ရည်လာချပေးသော စားပွဲထိုးကို ''နောက်ထပ် မိန်းကလေးတွေလည်း လွှတ်ပေးပါ'' ဟု ပြောလိုက်၏။ ထိုမိန်းကလေးများအတွက်တော့ ပြီးလျှင် ဝန်ဆောင်ခပေးဆောင်ရမည် ဖြစ်သည်။
ခဏအကြာတွင် လှပကျော့ရှင်းသော မိန်းကလေးများ သုံး၊ လေးယောက် ရောက်လာကြသည်။
ယုချုံသည် နျဲ့ပုဖန်အား ''ဘာတွေ လျောက်လုပ်နေတာလဲ''ဟု တအံတသြမေး၏။
''သူ့နေရာနဲ့သူ အလိုက်အထိုက်နေရမယ်လေ'' ဟု နျဲ့ပုဖန်က ခပ်တည်တည်ပြန်ပြောသည်။
ယုချုံသည် မျက်နှာရှုံ့မဲ့သွား၍ သူ့ဘေးနား လာထိုင်သော မိန်းကလေးကို တွန်းဖယ်လိုက်သည်။ နျဲ့ပုဖန်က ထိုမိန်းကလေးကို သူ့ဘေးလာခဲ့ဖို့ ခေါ်ကာဖက်ထားလိုက်၏။
ထိုစဥ် ဗျက်စောင်းတီးနေသော လျှို့ယန်အာမှာ သူ့ကို စော်ကားမော်ကာလုပ်သော အပြုအမူကြောင့် ဒေါသထွက်၍ အသားတွေတုန်နေသည်။ သူသည် ဤနေရာ၏ နံပါတ်တစ်ဖြစ်သည့်အလျောက် သူဧည့်ခံနေချိန်တွင် မည်သူကမှ တခြားမိန်းကလေးမခေါ်ဝံ့ကြပါ။ နျဲ့ပုဖန်၏ အပြူအမူမှာ ထိပ်တန်းဖြစ်သော သူ့ကို သိက္ခာချနေသကဲ့သို့ ဖြစ်သည်။
မိန်းကလေးများက ရယ်မောပြီး ဆူညံနေတာကြောင့် လျှို့ယန်အာ ဗျက်စောင်းဆက်တီးဖို့ အာရုံစိုက်မရပဲ ရှိသည်။ ထို့ကြောင့် ရုတ်တရက်ထကာ ဒေါသကို ထိန်း၍ သတိပေးလိုက်သည်။
''ခဏလောက် သည်းခံပေးပါရှင့်။ ကျွန်မ သီချင်းတစ်ပုဒ် ဖျော်ဖြေပြီးသွားရင် သခင်လေးတို့ စိတ်ရှိသလို ပျော်ပါးလို့ရပါတယ်''
ယုချုံမှာ လျှို့ယန်အာ၏ အဖြစ်ကို နားလည်၍ နှစ်သိမ့်ပေးချင်ပေမယ့် ဘာပြောရမှန်း မသိဖြစ်နေသည်။ ထို့ကြောင့် နျဲ့ပုဖန်ကိုသာ စိတ်တိုတိုဖြင့် ကြည့်ကာ စီး၍ ဟောက်၏။
''မင်း မကြိုက်ရင် သူ့ကို ဘာလို့ ဟန်စုန်းလင် လက်ထဲက လုလာသေးလဲ''
''သူများဆီက လုရတာ ပျော်ဖို့ကောင်းတယ်လေ'' နျဲ့ပုဖန်က ဘာမှမဖြစ်သလို ခပ်အေးအေးပြောသည်။
''ဒါပေမယ့် စိတ်မကောင်းစရာပဲ။ မိန်းကလေး လျှိူ့က အဝေးကပဲ ကြည့်လို့ရတာ ဘေးနားခေါ်ထားပြီး ပျော်လို့မရဘူးလေ''
''ချီးပဲ၊ မင်း ...''
ယုချုံ စိတ်ဆိုးသွားသည်။
''မင်းဟာမင်း ပျော်ပျော်ကြီးနေခဲ့၊ ငါသွားမယ်''
''ဟေ့၊ ဘယ်သွားမှာလဲ။ ဒီနေရာက မလုံခြုံဘူး''
နောက်ဆုံးတွင် နျဲ့ပုဖန်သည် ယုချုံက မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သတိရ၍ တား၏။
''ငါက သိုင်းပညာတက်တယ်။ မင်းထက်စာရင် အများကြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်"
ယုချုံက ထိုသို့ပြောကာ ထွက်သွားသည်။
ထို့ကြောင့် နျဲ့ပုဖန်လည်း လျစ်လျူရှုလိုက်သည်။ နောက်တော့ သူ့ဘေးက အလှပကေးလေးများဆီသို့ အာရုံပြန်လှည့်ကာ ပြုံးပျော်ရယ်မောနေလိုက်၏။
''မိန်းကလေးတို့ ဘာတွေလုပ်တတ်ကြလဲ။ ကျုပ် စာသင်ပေးရမလား''
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။