Chapter 43

2.5K 320 5
                                    

Chapter-43
ရတနာသိုက်ဖွင့်ပြီ
..............

နျဲ့ပုဖန် ဆုတောင်းသည့် အတိုင်းပင် ထိုနေ့များ၌ မိုးသည် အဆက်မပြတ် ရွာသွန်းခဲ့၏။
မိုးမုန်တိုင်း ဒဏ်ခံရသော တောင်ကုန်းမြင့်များသည် မိုးဒဏ်၊ လေဒဏ် မခံနိုင်တော့ပဲ မြေသားများ ပြိုကျလာသည်။
၎င်း ပြိုကျလာသော ကျောက်တုံး ကျောက်ခဲများနှင့် ရွံ့၊ သဲတို့သည် ရေကန်ထဲသို့ကျကာ မူလကကြည်လင်သန့်ရှင်းသော ရေကန်ကြီးမှာ ယခုတွင်နွံရေများဖြင့်ပြည့်နေတော့သည်။

သို့သော် နျဲ့ပုဖန် အံ့သြမိသည်မှာ ၎င်းပြိုကျသောကျောက်စိုင် ကျောက်ခဲတို့သည် အဆင့်ဆင့်ထပ်ကာ ရေအောက်ရှိ ရတနာသိုက်ဝင်ပေါက်သို့လမ်းခင်းပေးလိုက်သော လှေကားသဖွယ် ဖြစ်နေလေသည်။

ထို့ကြောင့် နတ်မိမယ်ပင် ထုတ်ဖွင့်ပြောစရာမလိုပဲ ရတနာသိုက်၏ တည်နေရာကို အားလုံးသိရှိသွားကြ၏။

စုချန်းယိ အပါအဝင် တခြားသူများသည် ရေကန်နံဘေး၌ရပ်ကာ ရေကန်ထဲရှိ ရတနာသိုက်ရှိရာသို့ဝိုင်းကြည့်နေကြ၏။

''ပညာရှိကြီး ပွားပေါင်က တကယ့်ကို ထူးကဲတဲ့ပုဂ္ဂိုလ်ပဲ။ ရတနာသိုက်ကို ဘယ်လိုနည်းနဲ့များ ရေအောက်မှာ ဆောက်ထားခဲ့သလဲ''

နျဲ့ပုဖန်ကတော့ ရတနာသိုက်ပေါ်တွင် ပိနေသောကျောက်တုံး၊ ရွံ့နွံတို့ကို ကြည့်ကာ တစ်ချက်ပြုံးလိုက်၏။

''ဘုရားရှင်က ငါ့ရဲ့အိမ်မက်တွေကို ဖြည့်ဆည်းပေးဖို့များ ကူညီပေးလိုက်သလား မှတ်ရတယ်၊ ဒါဆို မကြာခင် ကိစ္စတွေ ပြီးတော့မှာပဲ''

လီဟိုက်က ဝမ်းသာစွာပြော၏။

စုချန်းယိလည်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။

''ခင်ဗျားတို့တွေ အဲ့လောက်လည်း အလျင်မလိုကြပါနဲ့၊ အရေးကြီးတာက သော့မရှိပဲ ရတနာသိုက်ကိုဘယ်လိုလုပ် ဖွင့်လို့ရမှာလဲ''

နျဲ့ပုဖန်က ခပ်အေးအေး ပြောလိုက်သည်။

ထို့ကြောင့် ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကုန်ကြသည်။
၎င်းတို့မှာ နောက်ဆုံးသော့ပင် မရှိသေးပဲ၊ ယခု ရှန်းမုလန်၏ သော့ကလည်း ပျောက်နေပြန်သည်။

''ငါ တစ်ခုတွေးမိတယ်၊ ရတနာသိုက်ကို ဒီထက်ပိုပြီး ကျောက်ခဲတွေနဲ့ ဖုံးလိုက်မယ်ဆိုရင်ရော။ လူဆိုး သူခိုးတွေ ရန်က ကြောက်စရာမလိုတော့ဘူးပေါ့''

ထပ်ပြီးဖုံးမယ်၊ ဟုတ်လား။
ဒီလောက်ဆိုးတဲ့အကြံ ရွာလူကြီးဆီက ဘယ်လိုများထွက်လာတာလဲ။

အားလုံးသည် နျဲ့ပုဖန်၏ စကားကို အရာမသွင်းပဲ ရတနာသိုက်ဖွင့်ဖို့ ကိစ္စကိုသာ ခေါင်းချင်းဆိုင်တိုင်ပင်နေကြ၏။

နျဲ့ပုဖန်လည်း သူတို့ကို ဂရုမစိုက်တော့ပဲ ရွံ့နွံတောထဲတွင် လူးလွန့် ဆော့ကစားနေကြသောကြက်ကလေးများကို ကြည့်နေလိုက်သည်။

''တစ်ခုရှိတယ်။ ငါတို့မှာ သော့မရှိတဲ့အဆုံး ရတနာသိုက်ထဲဝင်ဖို့ တခြားလမ်းတစ်ခုထပ် ဖောက်ရင်ရော''
ရှန်းမုလန်က အကြံပေးသည်။

''အဲ့ဒါ ကောင်းသားပဲ''
စုချန်းယိလည်း ထောက်ခံသည်။

သို့သော် လီယီက သက်ပြင်းချလိုက်၏။

''ပညာရှိကြီးပွားပေါင် အထူးကျွမ်းကျင်တဲ့ပညာရပ်က စက်ယန္တရား ထောင်ချောက်ပညာရပ်ဆိုတာ သိကြတယ် မဟုတ်လား၊ ဒီရတနာသိုက်ကို ကာကွယ်ဖို့အတွက် အထူးယန္တရားတွေ သူဖန်တီးထားခဲ့မှာပဲ၊ တကယ်လို့များ ငါတို့တွေ အလောကြီးပြီး အမှားလုပ်မိရင် မထင်မှတ်ထားတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်"

''မရှိဘူး၊ မရှိဘူး အဲ့လိုတွေ''

နျဲ့ပုဖန် ဝင်ဖြတ်ပြောလိုက်သည်။

''မင်းက ဘယ်လိုလုပ်သိတာလဲ''
.လီဟိုက်က မယုံသင်္ကာဖြင့်မေးသည်။

''ကြက်တွေ လမ်းတူးထားတာ ရှိတယ်''

နျဲ့ပုဖန်က အတည်ပေါက်ဖြင့် ပြောလိုက်သည်။
သူ့ ကြက်ကလေးတွေ ဖောက်ထွင်းပြီ ရတနာများ ယူယူထုတ်လာသောလမ်းကို သူသတိရသွားသည်။

သို့သော် လူတိုင်းက သူ့ကို ပေါက်ကရတွေ ပြောနေသည်ဟုထင်ကာ လျစ်လျူရှုထားခဲ့ကြ၏။

ထိုအခါ နျဲ့ပုဖန်လည်း ခေါင်းခါ၍ ရေရွတ်လိုက်သည်။
''လူတွေကလည်း အမှန်ပြောရင် ဘယ်သူ့မှ မယုံကြဘူး၊ ငါ့လို စိတ်ထားကောင်းတဲ့သူတစ်ယောက်အတွက် ဒီလူတွေက တကယ်ခက်တယ်''

အဆုံးမှာတော့ လူတိုင်းသည် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများအား ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး၌ အဖြေထွက်ခဲ့လေသည်။

များမကြာမှီအချိန်တွင် ကျီဝေါရွာလေးသို့ သန်မာသော အလုပ်သမားတစ်စု ရောက်လာကြ၏။ ၎င်းတို့သည် မြစ်ချောင်းများ၊ လမ်းများ ဖောက်လုပ်ရာ၌ ကျွင်းကျင်သူများ ဖြစ်ကာ ရေကန်တစ်လျောက် ပိတ်လျက်ရှိနေသော ရွံ့နွံ ကျောက်တုံးများကို ၎င်းတို့၏ စွမ်းအားဖြင့် နှစ်ရက်အတွင်းရှင်းလင်း ဖယ်ရှားနိုင်ခဲ့၏။

နောက်ဆုံး၌ ရတနာသိုက်တံခါးကို လူများ မျက်မြင်တွေ့ရှိနိုင်ရန် ရေကန်အား ဆည်ခတ်၍ တူးဖော်လိုက်သည်။
တံခါးပေါ်ရှိ လက်ရာမြောက် ပန်းခက်၊ ပန်းကြွတို့မှာ နတ်အပေါင်း စီခြယ်ထားသည့်နှယ်ရင်သပ်ရှုမောဖွယ် လှပနေ၏။

''ထင်ထားတဲ့အတိုင်းပဲ။ ပွားပေါင်းရဲ့တံခါးက အနုစိပ်လက်ရာတွေနဲ့ ခမ်းနားလွန်းတယ်''

စုချန်းယိသည် တံခါးဘောင်ကို ထိတွေ့ကြည့်ကာချီးမွမ်းသြဘာပေးသည်။

အားလုံးကလည်း ခေါင်းညိတ်၍ ထောက်ခံကြ၏။

ထိုတွင် နျဲ့ပုဖန်သည် မြေတူးဆရာ ဖုန်းရွှေအား တူးဖောက်လို့ သင့်တော်မည့်နေရာကို ပြသခဲ့သည်။

''ဒီနေရာက တူးလို့သင့်တော်မယ် ထင်တယ်''

သို့သော် ဖုန်းရွှေက မောက်မာစွာ တုန့်ပြန်၏။

''စိတ် ထင်တိုင်း လျောက်မပြောပါနဲ့ ခင်ဗျ၊ အကယ်၍ ခင်ဗျား ပြောသလို ဒီနေရာကို မဆင်မခြင်တူးမိတဲ့အခါ ဒီနေရာက မြေကြီးတွေက အေးပြီး စိုစွတ်တာမို့ မကောင်းဆိုးဝါးတွေ ပုန်းနေနိုင်တယ်၊ အမှား တစ်ခုခုလုပ်မိတာနဲ့ သူတို့က လူတွေကို ဖျားနာပြီး သေတဲ့အထိ ခြောက်လှန့်ကြလိမ့်မယ်''

ဤတွင် နျဲ့ပုဖန်၏ လျှာရှည်တော့မည့် ရန်အား လီယီမှ အလိုက်တသိ ဝင်တားလိုက်သည်။

''မင်း သူများတကာကို သွားမနှောက်ယှက်ပါနဲ့''

''ငါက အနှောက်ယှက် ဖြစ်နေတယ်လား''
နျဲ့ပုဖန်သည် မျက်နှာမဲ့၍ သူ့ရင်ဘတ်ကို သူဖိကာရင်ထုမနာဖြစ်ဟန် လုပ်ပြသည်။

''ငါက စေတနာနဲ့ ကူညီပေးမယ့်ဟာကို မင်းတို့ကနှောက်ယှက်တယ် ပြောနေကြတယ်၊ ငါ့ရင်ဘတ်တွေ နာကျင်ရတယ်''

လီယီသည် မျက်လုံးမှိတ် သက်ပြင်းချလိုက်သည်။
ဒီကောင် ဘယ်တုန်းကများ လူတွေကို အကူညီပေးဖို့ စိတ်ဝင်စားသွားရတာလဲ။
တော်တော် အရေထူတဲ့ကောင်ပဲ။

''ထားလိုက်ပါတော့၊ မင်းတို့ဘာသာ လုပ်ချင်ရာလုပ်ကြ''

ထိုသို့ဆိုကာ နျဲ့ပုဖန်သည် ရွာသို့အေးအေးဆေးဆေး လမ်းလျောက်ပြန်လာခဲ့၏။

ဤသို့ဖြင့် ဖုန်းရွှေ၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့ အလုပ်သမားအဖွဲ့သည် မြေတူးရန် စတင်လုပ်ဆောင်ကြတော့သည်။
အလုပ်သမားများက  ကြိုးမာန်တက် တူးဖော်ကြရာတစ်နေရာ အရောက်တွင် ၎င်းတို့ ပေါက်ပြားများသည် မာကျောသော ကျောက်နံရံကို ထိမိပြီးဆက်လက်တူးဖော် မရပဲရှိနေတော့သည်။

ထို့ကြောင့် ဖုန်းရွှေသည် သူ၏ မောဟိုက်နေကြသော အလုပ်သမားများကို ဂရုဏာသက်စွာကြည့်ကာ အားပေးစကား ပြောလိုက်၏။

''ပညာရှိကြီး ပွားပေါင်က တကယ်ကို ဆန်းကျယ်တဲ့ပုဂ္ဂိုလ်ကြီးပဲ၊ သူ့ အတတ်ပညာတွေနဲ့ အရာရာကိုမှန်းစရခက်အောင် လုပ်နိုင်တယ်၊ သူ့အစွမ်းနဲ့ ယင်ယန်ဓာတ်တွေကိုတောင် ဖောက်ပြန်အောင် လုပ်နိုင်စွမ်းရှိတဲ့သူမို့ ဒီလောက်နဲ့ အားမလျော့ကြပါနဲ့''

သူ ထိုသို့ပြောလိုက်သည့်အခါ အလုပ်သမားများလည်း စိတ်သက်သာရာရကာ အားပြန်တက်လာကြသည်။
၎င်းတို့၏ စိတ်ထဲ၌ ပညာရှိကြီးအား ဆန်းကျယ်သော နတ်ဘုရားတစ်ပါးသဖွယ် မှတ်ယူနေကြသည်။

နျဲ့ပုဖန်သည် ဆရာ ဖုန်းရွှေ၏ အားပေးပုံကိုသဘောကျစွာ ကြည့်ကာ နတ်မိမယ် အနားကိုကပ်၍ တိုးတိုးပြောလိုက်သည်။

''တွေ့လား။ လူတွေအပေါ်သြဇာညောင်းပုံဆိုတာ အဲ့ဒါပဲ။ ခင်ဗျားလည်း သင်ယူသင့်တယ်''

သို့သော် နတ်မိမယ်က မလေးမစားဖြင့် ပြန်ပြော၏။

''သူ့အဆင့်နဲ့လား။ သူ့လို မြေတူးသမားက ဘာလုပ်နိုင်မှာမို့လို့လဲ''

''ခင်ဗျားကို စောင့်ကြည့်နေဖို့ ပြောတာကို ဘာလို့ဒေါသထွက် ...''

''ကျွန်မမှာက ပညာရှိကြီးလို အရည်ချင်းမျိုးလည်းမရှိဘူး၊ ဒါကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ငြိမ်ငြိမ်လေး ကြည့်နေတာ အကောင်းဆုံးဖြစ်မှာပါ''

''ဒါပေါ့ဗျာ''

နျဲ့ပုဖန်က လက်မထောင်ပြကာ ထောက်ခံလိုက်လေသည်။

နတ်မိမယ်က ရေးရေးလေး ပြုံးပြသည်။
ဖုန်းရွှေ၏ အားပေးစကားကြောင့် အလုပ်သမားများမှာ ကြိုးစားပမ်းစား မြေတူးကြသည်။
ဤသို့ဖြင့် နောက်တစ်ရက် ထပ်မံကုန်ဆုံးသွား၏။

မြေတူးဆရာ ဖုန်းရွှေမှာ ဟန်မဆောင်နိုင်တော့ပဲရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

''ငါမယုံနိုင်ဘူး၊ တူးလိုက်သမျှ မြေကြီးတိုင်းကျောက်နံရံတွေရှိပြီး ခွဲလို့မရဘူးဆိုတာ''

နျဲ့ပုဖန်သည် ၎င်းတို့ကို ဂရုဏာသက်စွာ ကြည့်ကာနှစ်သိမ့်၏။

''စိတ်လျော့ပါ ဆရာကြီးရယ်၊ ရမှာပါ''

စုချန်းယိနှင့် တခြားသူများမှာ ဖုန်းရွှေသည်တကယ်တမ်းပညာတတ်သူ မဟုတ်ပဲ၊အချောင်လိုက် လုပ်စားနေမှန်း သိသွားကြသည်။ အလကားသက်သက် နှစ်ရက် အချိန်ဖြုန်းပြီးချိန်တွင် ဖုန်းရွှေ ထွက်ပြေးဖို့လုပ်ရာ ပြန်ဖမ်းမိသွား၏။
နောက်ဆုံးတွင် ၎င်းသည် ကြီးလေးသောအပြစ်ဒဏ်ကို ခံစားခဲ့ရသည်။ ၎င်းသည် ကြက်ချေးခြံထဲသို့ ပစ်ချ ဒဏ်ခတ်ခြင်းခံခဲ့ရလေသည်။

ထို့နောက် နျဲ့ပုဖန်သည် လူတွေရဲ့ မှိုင်တွေနေကြသော ပုံစံကို ကြည့်ကာ ကြင်နာစွာ နှစ်သိမ့်ဟန်ဖြင့်ဆိုသည်။

''ဟားဟားဟား...စိတ်ဓာတ် မကျကြပါနဲ့။ လမ်းကြောင်းမှန်တစ်ခုတော့ အမြဲရှိနေမှာပါ''
လူတိုင်းသည် ၎င်းတို့၏ အမှားကြောင့် ရက်ပေါင်းများစွာကို အလဟဿ ဖြုန်းမိသလိုဖြစ်၍ အရှက်ရနေကြသည်။ ရတနာသိုက်သို့ ဝင်ဖို့ နည်းလမ်းဟာသော့ငါးခုဖြင့် ဖွင့်ရန် တစ်နည်းသာ ရှိလိမ့်မည်ထင်သည်။

''တခြားနည်းလမ်း မရှိဘူး ဆိုတာကို ငါမယုံနိုင်ဘူး၊ဆက်တူးကြကွာ၊ တူးကြ''

စုချန်းယိက ဒေါနှင့်မောနှင့် ပြောသည်။
နျဲ့ပုဖန်ကလည်း လက်ခုပ်တီး၍ အားလိုက်ပေးခဲ့သည်။

ကျန်သူများမှာလည်း ၎င်းတို့ ရက်ပေါင်းများစွာလုပ်ရသော အလုပ်ကို လက်မလျော့လိုကြပေ။ ထို့ကြောင့် စုချန်းယိ ပြောသည်နှင့် မြေဆက်တူးရန် လုပ်ဆောင်ကြတော့သည်။

ထူးဆန်းသည်မှာ ၎င်းတို့သည် ကျိန်စာမိနေသည့်နှယ် ဘယ်နေရာတူးတူးမရပဲ ဖြစ်နေကြသည်။
၎င်းတို့မှာ တောင်ကြီးတစ်ခုလုံးကိုပင် တူးဆွပြီးလုနီးနီးဖြစ်နေပြီ။

ရှစ်ရက်မြောက်သောနေ့၌ အလုပ်သမားတစ်ယောက်သည် မြေကြီးကို ဂေါ်ပြားနှင့် ကော်လိုက်ရာ ထူးဆန်းသော အခေါင်းပေါက်ငယ်တစ်ခုကိုတွေ့လိုက်ရ၏။
ထိုအခါ လူတိုင်း အလွန်ပျော်ရွှင်သွားကြသည်။ ၎င်း အခေါင်းပေါက်သည် တိရစ္ဆာန်တစ်ကောင်ကောင် တူးထားဟန်ရှိသည်။

ဤတစ်ခါတွင် တိုးတက်လာဟန်ရှိ၍ လီ ညီအစ်ကို၊စုချန်းယိနှင့် ကျန်းကျွင်းရှီတို့မှာ ဝမ်းသာနေကြသည်။ ၎င်းတို့သည် ထိုနေရာကို အနည်းငယ်လေ့လာပြီးနောက်၌ တူးဖော်ရန် လုပ်ငန်းစလေသည်။

ရတနာသိုက်၏ တံခါးဝသို့ တစ်ဖန်သွားကြည့်ကြရာ၌လည်း နျဲ့ပုဖန်သည် ထိုနေရာ၌ ကြက်များနှင့်အတူရောက်နေသည်ကို တွေ့လိုက်ရ၏။

စုချန်းယိသည် ပြုံး၍ နျဲ့ပုဖန်ကို ပြောသည်။

''ရွာလူကြီး နျဲ့ပုဖန်၊ မကြာခင် ငါတို့တွေ ရတနာတွေ ရတော့မယ်၊ ဟောဒီက ကြီးမြတ်လှတဲ့မင်းသားက မင်းရဲ့ကြင်နာမှုအတွက် ရတနာတချို့ခွဲဝေပေးမယ်''

''ဟုတ်တယ်။ ငါလည်း နည်းနည်းပေးမယ်''
လီဟိုက်လည်း ဝင်ပြော၏။

''ရွာလူကြီးက ငါတို့ကို လပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးခဲ့တာဆိုတော့ လက်ဆောင်အနေနဲ့ ပေးသင့်ပါတယ်''
ရှန်းမုလန်ကလည်း နူးညံ့စွာ ပြုံး၍ ဆို၏။

လီယီကတော့ ရုပ်တည်တည်ဖြင့်သာ နေသည်။ ရတနာသိုက်နှင့် မဆိုင်သော ကျန်းကျွင်းရှီလည်းပဲဘာမှမပြောပေ။

ဝမ်ရှင်းချန်ကတော့ ''ကျမ်းဂန်စာပေတွေက လွဲရင် မင်းကို အားလုံးပေးမယ်'' ဟု ဆိုသည်။

အားလုံးသည် ဝမ်ရှင်းချန်အား ဗုဒ္ဓကလွဲရင် ဘာမှမမက်မောသော သူတော်စင်ဟု တွေးနေကြလိမ့်မည်။ သို့သော် ၎င်းသည် ဗုဒ္ဓ၏ တားမြစ်ချက်တို့ကိုအကြိမ်ကြိမ် ချိုးဖောက်ဖူးသူမှန်း နျဲ့ပုဖန်ကောင်းကောင်းသိသည်။

အားလုံး၏ ကျေနပ်နေကြသော စကားများကို ကြားပြီးသည့်အခါ နျဲ့ပုဖန်က ခေါင်းညိတ်သည်။

''ဒါဆိုလည်း အခု ရတနာတွေ သွားယူကြတာပေါ့''

''ဒါပေမယ့် အဓိက ကတော့ ဥမင်လှိုဏ်ခေါင်းတူးဖို့ရက်တွေ ကြာဦးမယ်''

လီဟိုက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

''မလိုပါဘူး''

နျဲ့ပုဖန်က သူ့လက်ကို မြောက်ပြသည်။

''ငါ့မှာ သော့တွေရှိတယ်လေ''
ဟု ဆိုကာ သူ့လက်ထဲမှ သော့နှစ်ခုကို ထုတ်ပြလိုက်သည်။
တစ်ခုမှာ ရှန်းမုလန်၏ ရှန်းဝူမှန် ဖြစ်ပြီး၊ ကျန်တစ်ခုကတော့ လူတွေ အသည်းအသန် ရှာဖွေနေကြသော ကြက်ဥပုံစံ နောက်ဆုံးသော့ ဖြစ်သည်။

ထိုအခါ၌ အားလုံးမှာ ဘာမှမပြောနိုင်တော့အောင်ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။
သုသာန်တဇပြင်ကဲ့သို့ တိတ်ဆိတ်သွားသော ၎င်းတို့ကြားသို့ လေပြေသည် ဖြတ်တိုက်သွား၏။

ခဏကြာသော် စုချန်းယိထံမှ စကားတစ်ခွန်းထွက်လာ၏။

''သော့တွေက မင်းလက်ထဲမှာ ရှိနေတာပဲ''

ပျောက်ဆုံးနေသော သော့များသည် နျဲ့ပုဖန်၏ လက်ထဲတွင် ရှိနေကြောင်း အားလုံး သိသွားကြလေပြီ။

''မင်း...ငါ့ သော့ကို မင်းခိုးသွားတာ''
ရှန်းမုလန်သည် လက်ညိုးထိုးကာ တုန်ယီစွာ ဖြင့်စွပ်စွဲ၏။

''မဟုတ်တာ။ ငါက မင်းအတွက် သိမ်းပေးထားတာလေ။ မင်းက စိတ်ပျော့ညံ့ပြီး နမော်နမဲ့နိုင်တယ်၊မင်းအစား ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ယောက်က သိမ်းထားပေးတာ ပိုမကောင်းဘူးလား''

နျဲ့ပုဖန်က မျက်နှာပြောင်တိုက်၏။

နျဲ့ပုဖန်ကို ယုံမယ့်အစား ကြက်ဖက ကြက်ဥ,ဥတယ်ဆိုရင်တောင် ယုံရင် ယုံရဦးမယ်။
ဒီလို စကားမျိုးဆိုပြန်ရင်လည်း နျဲ့ပုဖန်က ဥဥတတ်တဲ့ သူ့ကြက်ဖကိုပြပြီး ''ကြက်ဖက ဥဥတယ်ကွ။ ဒီမှာကြည့်'' ဟု ဆိုပေဦးမည်။

ဤတွင် လီဟိုက်ကလည်း နျဲ့ပုဖန်ကို လက်ညိုးထိုးကာ စိတ်ဆိုးဆိုးဖြင့် ပြောသည်။

''မင်းမှာ သော့တွေရှိနေရင်လည်း ဘာလို့ စောစောကတည်းက မထုတ်တာလဲ''

သူတို့မှာ ရက်အတော်ကြာကြာ အပင်ပန်းခံကာကြိုးစားပမ်းစား လှိုဏ်ခေါင်းတွေ တူးခဲ့ကြရသည်။ ရတနာသိုက်နံရံကို ဖောက်ဖို့ နဖူးကချွေး ခြေမကျအောင် အရူးလို ကြိုးစားခဲ့ကြရသည်။
ဤ နျဲ့ပုဖန်သည် သိသိလျက်နှင့် သော့တွေကို ကိုင်ကာ ၎င်းတို့အား လှောင်ပြောင်နေခဲ့လိမ့်မည်။

အားလုံးမှာ နျဲ့ပုဖန်ကို အမှုန့်ကြိတ်ချင်၍ လက်တွေ ယားလာကြသည်။

သို့သော် နျဲ့ပုဖန်သည် ကြက်တစ်ကောင်ကို ဖက်ကာ သစ်ပင်တွင် အေးအေးဆေးဆေးမှီ၍ ပမာမခန့်ဆိုသည်။

''တကယ်တော့ ငါမင်းတို့ကို ပြောမလို့ အစပျိုးနေတာ ကြာပါပြီ၊ ငါ ပြောနေတဲ့ကြားက မင်းတို့က ငါ့ကို လျစ်လျူရှုထားကြတာပဲလေ၊ ဘာတတ်နိုင်မှာလဲ။ ငါက ငါ့တာဝန်ကို ကျေပွန်အောင် မင်းတို့ကိုပြုစုစောင့်ရှောက်ပေးတဲ့ ရွာလူကြီးကောင်းတစ်ယောက်ပါ။ မင်းတို့တွေ စိတ်အားထက်သန်ပြီးကြိုးစားနေကြတာကို မဖျက်စီးချင်ယုံပဲ''

သို့သော် အားလုံးမှာ အံတကြိတ်ကြိတ်ဖြင့်ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။

''ငါ သည်းမခံနိုင်တော့ဘူး။ ဒီကောင့်ကို ပညာပေးရမယ်''

လီဟိုက်မှာ အလွန်အမင်း ဒေါသထွက်နေပြီး၊ ဘယ်သူမှလည်း သူ့ကို မတားကြချေ။

လီဟိုက်သည် အင်္ကျီလက်ကို မာန်ပါပါတင်ပြီး နျဲ့ပုဖန်ကို ထိုးရန် ရှေ့ထွက်လာသည့်အခါတွင် သူ့တစ်ကိုယ်လုံး တောင့်တင်း အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
နျဲ့ပုဖန် ပတ်ပတ်လည်ရှိ ကြက်အုပ်သည် တစ်ညီတစ်ညွတ်ထဲ သူ့အား စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ရမျက်လုံးများသည် စူးရှပြီး သတ်ဖြတ်ဝါးမျိုကြတော်မည့် အကြည့်မျိုး ဖြစ်နေသည်။

ပို၍ ထူးခြားသည်မှာ ပတ်ဝန်းကျင် လေထုသည်လည်း အေးချမ်းမနေတော့ပဲ စစ်ပွဲတစ်ခု အစပျိုးတော့မည့်အလား ခြောက်ခြားဖွယ် ဖြစ်သွားသည်။
လီဟိုက်မှာ တံတွေးမျိုချလိုက်ရသည်။

တစ်ခဏချင်းမှာပဲ ဒီနေ့ နျဲ့ပုဖန် သူ့ကြက်တွေ ခေါ်လာရတဲ့ အကြောင်းအရင်းကို သဘောပေါက်သွားကြသည်။
နျဲ့ပုဖန်သည် ၎င်းတို့၏ ရန်ပြုမှုမှ သူ့ကိုယ်သူ ကာကွယ်ရန် ကြက်ကိုယ်ရံတော်များ ခေါ်ခဲ့ခြင်းဖြစ်၏။

မတတ်သာသည့်အဆုံး လီဟိုက်မှာ သူ့မာန်သူလျော့၍ နောက်ပြန်ဆုတ်လိုက်ရသည်။
လီဟိုက်ပင် မတတ်နိုင်တော့သည့် ဖြစ်အင်ကို ကြည့်၍ တခြားသူများလည်း နားလည်သဘောပေါက်ကာ ဤအခြေနေကို လက်ခံလိုက်ကြရသည်။
နောက်ဆုံး သူတို့ရတနာသိုက်ထဲ ဝင်နိုင်တော့မှာပဲဟူသော အတွေးဖြင့် စိတ်ဖြေလိုက်ရသည်။

ထို့နောက်တွင် နျဲ့ပုဖန်သည် စိတ်အားထက်သန်စွာဖြင့် ...

''လာကြ လာကြ၊ ရတနာသိုက်ထဲ ဝင်ကြည့်ကြရအောင် မင်းတို့ကြိုက်တဲ့ပစ္စည်းတွေ့ရင်စိတ်ကြိုက်ယူလို့ရတယ်''

ထို့နောက်တွင် သူတို့ နားလည်လိုက်ကြသောအကြောင်းတရားမှာ နျဲ့ပုဖန် ရှေ့က ဘယ်တော့မှ မကျော်ရန်ဖြစ်သည်။
နျဲ့ပုဖန်ကို လျစ်လျူရှုပါက နျဲ့ပုဖန်၏ ကလဲ့စားချေမှုကို ကောင်းကောင်းကြီး ခံစားရပါလိမ့်မည်သာ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now