Chapter-19
ကြက်ပျံ၊ ကြက်ဥပျံ
.................
နျဲ့ပုဖန်နှင့် ယုချုံ တို့သည်ရေကန်ကြီးဘေးတွင်သော့ပြသနာဖြေရှင်းနေကြချိန်၊ ကျီဝေါရွာသို့ မဖိတ်ခေါ်ထားသော ဧည့်သည်တော်သုံးယောက် ရောက်လာလေသည်။
ဦးဆောင်သူသည် ခရမ်းရောင်ဝတ်စုံ ဘရိုကိတ်ပန်းထိုးနှင့် ဘိုသရဖူခါးပတ်ကို စည်းထားပြီး လက်ထဲ၌ စက္ကူလေစင်္ကြာကို ကိုင်ထား၏။ သူ့နောက်တွင် အစေခံတစ်ဦးနှင့် ဓားကိုင်ဆောင်ထားသော သက်တော်စောင့်တစ်ယောက်ပါရှိသည်။ သို့သော် ၎င်းပုဂ္ဂိုလ် ထိုသို့ သက်တော်စောင့်ခေါ်လာပုံမှာ ပြသနာရှာချင်၍တော့ ဖြစ်ပုံမရပေ၊ သက်သက် လူရှိန်အောင်ခေါ်လာခြင်း ဖြစ်ပါသည်။
''ဒီလ ထူးခြားတဲ့ ဂုဏ်သရေရှိလူကြီးမင်း ဘာကိစ္စရှိလို့ပါလဲ ခင်ဗျ''
ကြက်အစေခံ တုပုန်းသည် ဦးညွှတ်၍ အရိုအသေပြုကာ တုန်တုန်လှုပ်လှုပ်ဖြင့် မေးလိုက်သည်။
''နျဲ့ပုဖန် ဘယ်မှာလဲ''
ထူးဆန်းသည့် လူက တုန့်ဆိုင်းမနေပဲပြန်မေးသည်။
''ရွာလူကြီး အပြင်ထွက်သွားပါတယ် ခင်ဗျ''
''ဒါဆို မိန်းကလေးရော''
ကြက်အစေခံ တုပုန်းလည်း မျက်စိပျက်မျက်နှာပျက်နှင့် ထိန်းပြုံးကာ ပြန်ဖြေရပါသည်။
''လူကြီးမင်း ဘယ်သူ့ကိုပြောတာပါလဲ ခင်ဗျ၊ နတ်မိမယ်ကို မေးတာလား၊ ကျွန်တော်တို့လို နိမ့်ပါးတဲ့သူတွေက သူ့နာမည်ကိုတောင် မကြားဖူးပါဘူး''
''သြော် ဟုတ်လား''
ထူးဆန်းသည့်လူသည် သူ့ကိုမျက်လုံးအစုံဖြင့် စွေကြည့်သည်။ လူကြီး၏ အတက်အကျမရှိ ခပ်ပြေပြေအသံကြောင့် သူမှာ နေရပိုခက်လှသည်။
ထိုလူသည် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေသည်။
''မင်းတို့ရွာက ကြက်ဥနဲ့ လက်ဖက်ရည်တွေ ဟိုနေ့က တော်တော်ရောင်းကောင်းတယ်နော်''
တုပုန်း၏ မျက်နှာပျက်သွားပြီး ...
''ဘာ..ဘာကိုပြောတာလဲဗျ ဟားဟား''
ထိုအခါ ထူးဆန်းသည့်လူက တုပုန်းကိုလက်ယပ်ခေါ်လိုက်ပြီး ထပ်မေးသည်။
''ဘယ်မလဲ ... နတ်မိမယ်''
''အမ်း... ရွာလူကြီးနဲ့ အတူတူထွက်သွားပါတယ်''
တုပုန်းလည်း မဖုံးကွယ်ထားတော့ပဲ အမှန်အတိုင်း ပြောပြလိုက်သည်။
''နျဲ့ပုဖန်နဲ့ အတူတူသွားတာလား''
''ဟုတ်ပါတယ် ခင်ဗျ''
''ဘယ်ကိုသွားတာလဲ''
''ရွာအနောက်ဘက်ကို သွားကြတယ်ထင်တယ်''
ထူးဆန်းသည့် လူသည် သူလိုချင်သောအဖြေကိုရသည်နှင့် စစ်မေးနေတာတွေကို ရပ်ပြီး ရွာအနောက်ဘက်ဆီသို့ လျောက်သွား၏။
''ဟူး...''
တုပုန်းသည် အသက်ရှူရပ်တော့မလိုပင် ဖြစ်နေရာမှ ယခုမှပဲ သူ့စိတ်များကို လျော့ချလိုက်နိုင်သည်။
နောက်ပြီး နျဲ့ပုဖန်တို့ကို ထိုလူတွေ တွေ့သွားရင်အဆင်ပြေပါ့မလားဟုလည်း တွေးပူနေမိသည်။
ကျီဝေါရွာသို့ ရုတ်တရက်ရောက်ချလာသူမှာ စုချန်းယိ ဖြစ်ပါသည်။
နတ်မိမယ်သည် ကျီဝေါရွာသို့ ပြောင်းနေမည်ဟူသော သတင်းကိုသူကြားခဲ့သည်။ ထို့ကြောင့်ပင် ပညာရှိကြီးပွားပေါင်း၏ ရတနာသိုက်သည်လည်း ကျီဝေါရွာ ဝန်းကျင်တွင် ရှိလိမ့်မည်ဟု သူခန့်မှန်းမိသည်။
ထိုသို့မဟုတ်ပါက ကြီးမြတ်လှသော နတ်မိမယ်သည် ဤသို့ သိမ်နုတ်စုတ်ချာသော ရွာကလေးသို့ လာရန် အကြောင်းမရှိ။ သည့်ထက် နျဲ့ပုဖန်ကြောင့် နတ်မိမယ်၏ တည်ရှိမှုမှာ ပေါက်ကြားခဲ့ရသေးသည်။ သည့်အတွက်ကြောင့်ပင် ၎င်းတို့ကြားက ခင်မင်ရင်းနှီးမှုကြောင့် ရွာသို့ရောက်နေသည်မှာတော့ လုံးဝမဖြစ်နိုင်။ အဖြစ်နိုင်ဆုံး အခြေအနေကတော့ ရွာသည် ရတနာသိုက်နှင့် ဆက်ဆက်နေလိမ့်မည်၊ သို့မဟုတ် နောက်ဆုံးသော့နှင့် ဆက်ဆက်နေ၍ ဖြစ်နိုင်သည်။
စုချန်းယိနှင့် သူ့အစေခံများသည် လမ်းလျောက်လာလိုက်ရာ ရွာအပြင်သို့ ရောက်လာခဲ့၏။
သို့သော် ၎င်းတို့ရှေ့၌ ကြက်အုပ်ကြီးသည် လမ်းပိတ်နေသောကြောင့် ဆက်မသွားနိုင်ပဲ ရပ်လိုက်ရသည်။
စုချန်းယိ သည် သူ့တပည့်များအား လမ်းရှင်းပေးရန် အချက်ပြလိုက်သည်။
ထိုအခါ နောက်လိုက်နှစ်ဦးသည် ရှေ့ထွက်၍ ကြက်များကို ခြောက်လှန့်မောင်းထုတ်ကြသည်။ သာမာန်ဆိုလျှင် ထိုသို့ခြောက်လှန့်ပါက ကြက်အုပ်မှာ ကွဲပြီးထွက်ပြေးရမည် ဖြစ်သည်။ သို့သော် ၎င်းတို့ရှေ့က ကြက်များသည် သာမာန်နှင့်မတူပဲ ကွဲပြားနေ၏။ ကြက်အုပ်သည် လုံးဝကြောက်လန့် တုန်လှုပ်ခြင်းမရှိပဲ ဖြေးဖြေးချင်းသွားနေကြ၏။ ထို့အပြင် တစ်ချက်တစ်ချက် မထီမဲ့မြင်မျက်လုံးများဖြင့် ၎င်းတို့ကို လှည့်,လှည့်ကြည့်ကြသေးသည်။
ကြက်များက သူ့ကိုမကြောက်တဲ့အပြင် မထီမဲ့မြင်လုပ်နေကြသည့်အတွက် အစေခံသည် ဒေါသထွက်လာကာ အနီးရှိ ကြက်တစ်ကောင်ကို ခြေထောက်ဖြင့် ကန်ထုတ်ရန်ပြင်လိုက်၏။
ထိုစဥ်မှာပဲ မြင်ကွင်းသည် ရုတ်တရက်ပြောင်းလဲသွားလေသည်။ ၎င်း ကန်တော့မည့် ရွှေရောင်ကြက်ဖသည် ၎င်း၏ခြေထောက်မှ ပုခုံးပေါ်အထိအလွန်ဖျက်လတ်စွာခုန်တတ်လာ သူ၏ ချွန်ထက်လှသောလက်သည်းများဖြင့် ကုတ်ခြစ်လိုက်လေ၏။
''အားး ..'' အစေခံသည် မျက်နှာကို အုပ်ကာ အော်ဟစ်လိုက်သည်။
စုချန်းယိသည် မျက်မှောက်ကြုတ်ကာ အစေခံ၏ဒဏ်ရာကို ကြည့်ပေးသည်။ သို့သော် ထိုအချိန်မှာပဲ မမျှော်လင့်ထားသော တိုက်ပွဲသည် စတင်ခဲ့လေပြီ။ ကျေးကျွန်း၏ နာနာကျင်ကျင်အော်သံသည် တိုက်ပွဲခေါ်သံကဲ့သို့ ဖြစ်သွားပြီး ငြိမ်သက်နေသော ကြက်များအားလုံးသည် ၎င်းတို့ဘက်သို့ စူးရှ၍ ရန်လိုနေသော မျက်လုံးများဖြင့် ဝါးစားမတတ် ကြည့်လာကြသည်။ ၎င်း မဖိတ်ခေါ်ထားသော ဧည့်သည်သုံးဦးသည် ကြက်အုပ်၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို နှိုးစွလိုက်ခြင်း ဖြစ်သည်။
တုန်လှုပ်နေသော အစေခံသည် ကြက်အုပ်၏ ကြောက်မက်ဖွယ် အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ထိတ်လန့်နေသည်။
သူသည် စုချန်းယိအနားသို့ ကပ်သွားပြီး
''သခင် တစ်ခုခုတော့ မှားနေပြီထင်တယ်'' ဟုသတိထားရန် ပြောလိုက်သည်။
စုချန်းယိသည် လက်ထဲက စက္ကူလေစင်္ကြာဖြင့် သူ့ကို တွန်းထုတ်လိုက်သောကြောင့် သူသည်နောက်သို့ကိုယ်ကို ရွံ့ကာ စိတ်မကောင်းဖြစ်သွားသည်။
''အွတ်..အွတ်..''
ကြယ်လောင်သော ကြက်ခွပ်သံသည် ထူးဆန်းသော တိတ်ဆိတ်မှုကိုဖြိုခွင်း၍ ကြက်အုပ်ကြီးသည် ၎င်းတို့သုံးဦးနောက်သို့ ဒီရေလှိုင်းတွန့်ကြီးသဖွယ် အုပ်လိုက် ပြေးလာလေ၏။
''ပြေး...မြန်မြန်ပြေး''
အစေခံသည် အော်၍ ပြေးသည်။
စုချန်းယိသည် နှစ်ခါသတိပေးစရာမလို၊ အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ကာ ပုန်းနေလိုက်သည်။ သက်တော်စောင့်သည် အစေခံကို အိမ်ခေါင်မိုးတစ်ခုပေါ်သို့ ဆွဲ၍တက်သွားသည်။
မြေပြင်ပေါ်ရှိ မာန်ဖီနေသောကြက်များကို ကြည့်ကာ ဤကြက်များသည် စိတ်ဖောက်ပြန်နေကြသလားဟု ထင်စရာရှိသည်။
သို့ရာတွင် မြင့်မားသောနေရာသို့ တက်ပြေးခြင်းကို အန္တရာယ်ကင်းသည်ဟု ထင်ခဲ့ကြခြင်းမှာ ၎င်းတို့သည် ကြက်တို့၏ တိုက်ရည်ခိုက်ရည်ကို လျှော့တွက်ခဲ့ကြခြင်း ဖြစ်သည်။
''ကွက် ကွက် ကွက်''
လူတစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်သကဲ့သို့ ထူးဆန်းသောအသံကျယ်တစ်ခုသည် အစေခံ၏ နောက်မှထွက်ပေါ်လာ၏။ ၎င်း လှည့်ကြည့်လိုက်သောအခါ ထူးခြားလှသော အမွှေးအတောင်များရှိသည့် ကြက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုကြက်သည် မိုးခြိမ်းသံကဲ့သို့ မြည်တွန်ကာ တောင်ပံကိုခတ်၍ လျှပ်စီးကဲ့သို့ ပျံတက်သွားသည်။
''အရူးတွေ''
''တစ်ယောက်ယောက်က အရူးတွေ လို့ပြောလိုက်တဲ့အသံကိုကြားလား''
အစေခံသည် မသေမချာပြော၏။
''နားကြား မှားတာ နေပါမယ်''
သက်တော်စောင့်က ပြန်ဖြေသည်။
နှစ်ယောက်သား အကြည့်ချင်းစုံပြီးနောက် ဘာမှမဖြစ်ဘူးဟု စိတ်တင်းကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ ထင်မထားသောမြင်ကွင်ကြောင့် အံ့သြသွားကြသည်။ အကြောင်းမှာ ၎င်းတို့သည် အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ အဖြူ၊ အနက်၊ ခရမ်းအစရှိသော ဆိုးဆေးပုလင်းထဲ နစ်နေဟန်တူသည့် ရောင်စုံကြက်များ၏ ဝိုင်းရံခြင်းကို ခံထားရသောကြောင့် ဖြစ်သည်။ ၎င်းတို့မှာ ကြက်များကို တည့်တည့်ပင် မကြည့်ဝံ့ပါ။
အစေခံနှင့် သက်တော်စောင့်တို့နှစ်ဦးသည် ကြာရှည်စွာ အကြည့်ချင်းစုံလိုက်ကြပြီး သက်တော်စောင့်မှာ မနေနိုင်တော့ပဲ အော်လိုက်၏။
''ပြေး... ပြေး ...''
သက်တော်စောင့်သည် ထွက်ပြေး၏။ သို့သော် အစေခံကို ခေါ်သွားဖို့ မေ့သွားသည်။
''အား...''
အစေခံသည် ပထမဦးဆုံး ရေတိမ်နစ်မည့်သူ ဖြစ်ပါသည်။
သက်တော်စောင့်မှာ တခြားအိမ်ခေါင်မိုးတစ်ခုပေါ်သို့ခုန်ပြေးပြီး အစေခံအတွက် စိတ်မကောင်းဖြစ်နေရသည်။
စုချန်းယိသည် သစ်ပင်ပေါ်ကနေ ၎င်းအဖြစ်အပျက်များကို ကြည့်ရင်း အိပ်မက်အလား ထင်နေမိသည်။
ထိုအချိန်မှာပဲ သူ့ခေါင်းပေါ်သို့ ပူပူနွေးနွေး စေးစေးပျစ်ပျစ် အရာတစ်ခုကျလာ၏။
စုချန်းယိသည် ခေါင်းပေါ်ကအရာကို လက်ဖြင့်သုတ်၍ ဒေါသတကြီး မော့ကြည့်လိုက်သောအခါ ချက်ချင်းပင် တောင့်တင်းသွားလေ၏။
သစ်ပင်၏ သစ်ကိုင်းတို့ပေါ်တွင် ကြက်များအပြည့် ရှိနေသည်။ ၎င်း ကြက်တို့သည် စူးရဲတောက်ပသော မျက်လုံးရဲရဲများဖြင့် စုချန်းယိကို ငုံ့ကြည့်နေကြသည်။
စုချန်းယိသည် သိုင်းပညာ တက်မြောက်သော်လည်း ယခုကဲ့သို့ အခြေအနေတွင် သိုင်းကွက်ထုတ်မရ ဖြစ်နေသည်။ ထို့ကြောင့် အပေါ်မှကြက်များ ခုန်ချမလာခင် သူသည် နီးစပ်ရာ ခေါင်မိုးတစ်ခုပေါ် လှမ်းခုန်တက်ကာ သက်တော်စောင့်ကဲ့သို့ပင် တိုက်ခိုက်ရန် ကိုယ်နေဟန် အသင့်ပြင်ထားလိုက်သည်။
သည့်နောက်မှာတော့ ခုန်ပျံကျော်လွှား ပြေးလွှားရှောင်တိမ်းနေသော လူနှစ်ယောက်ကို လိုက်ဖမ်းနေသည့် လေထဲတွင် တဖျက်ဖျက်ခုန်ပျံလိုက်ပြေးလွှားနေသော ကြက်အုပ်ကို မြင်တွေ့ရမည်ဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ကြက်ပျံများ၊ ကြက်ဥပျံများ၊ မြက်ပင်၊ အမှိုက်သရိုက်၊ ဖုန်မှုန့် တို့က လေထဲတွင် တိုင်ဖွန်းမုန်တိုင်းတိုက်နေသဖွယ် ကောင်းကင်တွင် တလွင့်လွင့် ဖြစ်နေလေသည်။
အကယ်၍များ စုချန်းယိသည် သိုင်းပညာမတက်မြောက်ထားပါက အစေခံကဲ့သို့ အမှားလုပ်မိပြီး ကြက်စာဖြစ်သွားမည် ဖြစ်သည်။ ဤသည်မှာ ကြက်သိုက်ရွာသို့ ကြက်ခိုးရန် လာကြသော သူခိုးများသည် ဤနည်းဖြင့် ကျရှုံးသွားကြတာ ဖြစ်မည်။
သို့သော် ယခုလိုပုံမျိုးနဲ့ သူတို့ ကြာကြာဆက်ပြီး ထိန်းမထားနိုင်ဘူးဆိုတာ စုချန်းယိ သိသည်။ အဘယ်ကြောင့်ဆိုသော် ကြက်သိုက်ရွာက ကြက်များသည် အရေအတွက် များပြားလှရုံသာမက ထူးဆန်းသော အမျိုးအစား အရောင်အသွေးများ ရှိကြကာ အံ့ဖွယ်ကောင်းလောက်အောင် သန်မာဖျတ်လတ်နေသောကြောင့် ဖြစ်သည်။
''ဟင်...ဘာဖြစ်နေတာလဲ''
နျဲ့ပုဖန်နှင့် မိန်းကလေးများ ပြန်လာသောအခါ ထိုဖရိုဖရဲမြင်ကွင်းများကို တွေ့လိုက်ရသည်။
''အိုး..ရွာလူကြီး နောက်ဆုံးတော့ ပြန်လာပြီပဲ''
တုပုန်းက ငိုယိုကာ အဖြစ်အပျက်များကို အတိုချုံး ပြောပြလိုက်သည်။
နျဲ့ပုဖန်က ရှေ့ကိုတိုးသွားပြီး ခါးထောက်ကာ အသက်ပြင်းပြင်းရှုပြီး အော်လိုက်သည်။
''အားလုံး ရပ်ကြစမ်း''
သူ့အသံသည် ဟိန်းထွက်ကာ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသလိုမျိုး ဖြစ်သည်။
ချက်ချင်းပင် စိတ်တိုနေသောကြက်များ အားလုံးသည် နေရာမှာ တောင့်တောင့်ကြီးရပ်တန့်သွားကြပြီး၊ တချို့သည် လေထဲ၌ပျံနေရင်းကပင် ရပ်တန့်သွားကြသောကြောင့် မြေပြင်ပေါ်သို့ ပျံလျက်သား ပြုတ်ကျလာကြသည်။
ကမ္ဘာကြီးသည် တိတ်ဆိတ်သွား၏။
နျဲ့ပုဖန်သည် ရှက်ရွံ့စွာဖြင့် သနားစရာ လူနှစ်ယောက်ဆီ လျှောက်သွားခဲ့သော်လည်း နတ်မိမယ်နှင့် မိန်းကလေးများမှာ တုံ့နှေးနေကြသည်။
စုချန်းယိနှင့် သက်တော်စောင့်တို့သည် ကြက်များက သူတို့နောက်မလိုက်မဖမ်းကြတော့ပဲ ရှဲသွားသောကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်မိုးပေါ်မှ ခုန်ချကြလာကြသည်။
ဧကရာဇ်၏ မင်းဆွေမင်းမျိုးတစ်ယောက်အနေဖြင့် စုချန်းယိသည် အရင်က တစ်ခါမှ ဤမျှလောက် အရှက်ရဖူးခြင်း မရှိပေ။ ယခုတွင် သူ့ဆံပင်များက ရှုပ်ပွနေပြီး ကျက်သရေရှိသော ဝတ်ရုံတော်ပေါ်တွင် ခြစ်ရာကုတ်ရာများ ပလပွဖြစ်နေလေသည်။ သူ၏ ယပ်တောင်ကို သူဘယ်နားပစ်ချခဲ့မိမှန်း သူမသိပေ။
စုချန်းယိသည် ဆံပင်တွင် ကပ်နေသော ကြက်မွှေးများကို ဒရကြမ်းဆွဲဖယ်လိုက်ပြီး သူ့ရှေ့က ကြက်သိုက်ရွာလူကြီးကို ပစ်ပစ်နှစ်နှစ် အပြစ်ပြောတော့မည့်ဆဲဆဲတွင် နျဲ့ပုဖန်က အရင်ဖြတ်၍ ပြောလိုက်သည်။
''ကျွန်တော် ကြက်အသေအပျောက်တွေ နောက်မှသေချာတွက်ချက်ပြီး ပြောမယ်၊ ထပ်ပြီး အိမ်အပျက်အစီးတွေ ဆုံးရှုံးသွားတဲ့ ကြက်ဥအရေအတွက် တခြားပျက်စီးမှုတွေအားလုံး တွက်ချက်ပြီးပြောပါမယ်၊ ပေါက်စျေးအတိုင်း ကျသင့်ငွေကို လျော်ပေးရပါမယ်''
''ဘာပြောတယ်''
စုချန်းယိမှာ ဘာမှမပြောနိုင်လောက်အောင် စွံ့အသွား၏။
''ငါက လျော်ပေးရမယ် ဟုတ်လား''
''စိတ်မပူပါနဲ့၊ ကျွန်တော်က မျှတတဲ့သူပါ၊ ပိုပြီး မယူပါဘူး''
စုချန်းယိမှာ လက်သီးစုပ်ကာ တစ်ကိုယ်လုံး တဆက်ဆက်တုန်နေသည်။
''စကားမစပ်၊ မင်းတို့လည်း တော်တော်ထိတ်လန့်နေပုံပေါ်နေလို့ ရွာက နေ့လည်စာနဲ့ အခမဲ့ဧည့်ခံပါရစေ၊ ရေနွေးနွေးနဲ့လည်း ရေချိုးသွားကြပါ။ ဧည့်သည်တွေ လန်းဆန်းပြီး အားအင်ပြည့်လာတဲ့အထိ အေးအေးဆေးဆေး အနားယူလို့ရပါတယ်''
နျဲ့ပုဖန်က ပြုံးလျှက်ဆိုသည်။
ပထမတွင် ကိုယ်လိုချင်တာ အရယူပြီးနောက် အချိုလေး နည်းနည်းထပ်ကျွေးလိုက်ခြင်းသည် အရှုံးမရှိသော အကျိုးအမြတ်ရနိုင်သည့် ဘိုးဘေးတို့၏လမ်းစဥ် ဖြစ်သည်။
စုချန်းယိသည် သက်ပြင်းချကာ သူ့ဒေါသကိုသူထိန်းဖို့ ကြိုးစားသည်။ ပထမက အပြတ်ငြင်းလိုက်ချင်သော်လည်း နျဲ့ပုဖန် နောက်မှ အမျိုးသမီးကို တွေ့ပြီးသောအခါ သူ့ဒေါသကို မျိုချလိုက်ရခြင်း ဖြစ်သည်။
''ကောင်းပြီး၊ မင်းရဲ့ပျက်ဆီးဆုံးရှုံးမှုတွေကို ငါပြန်လျော်ပေးမယ်၊ အခု မင်းပြောတဲ့အတိုင်း ငါ့အတွက် တိတ်ဆိတ်တဲ့အခန်းတစ်ခု စီစဥ်ပေး၊ ပြီးရင် ရေနွေးနွေးလေး ပြင်ပေး၊ ငါ လန်းဆန်းသွားအောင် ရေချိုးချင်တယ်''
ကိုယ်ပေါ်ရှိ ဖုန်မှုန့်တွေ အနံ့ဆိုးတွေကို စုချန်းယိ နည်းနည်းလေးမှ သည်းမခံနိုင်တော့ပါ။
''ကောင်းပါပြီ ခင်ဗျ''
နျဲ့ပုဖန်က လိုရင်းပဲဖြေကာ၊ အခန်းစီစဥ်ဖို့ ကြက်အစေခံကို ခိုင်းလိုက်သည်။
''ဒါဖြင့် ကျွန်တော် ဧည့်သည်တော်ကြီးရဲ့ အမည်နာမကို သိပါရစေ''
နျဲ့ပုဖန်က မသိချင်ယောင်ဆောင်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
''စုချန်းယိ''
စုချန်းယိက အံကြိတ်၍ ဖြေသည်။
''ဟီးဟီး ... ဒီနာမည် ကြားဖူးသလိုပဲ''
''.....''
စုချန်းယိ၏ သွေးများ ပွက်ပွက်ဆူကာ ဒေါသငယ်ထိပ်ရောက်နေပြီး နျဲ့ပုဖန်ကို ဤနေရာမှာတင် အရေခွံစုတ်ပစ်ချင်နေသည်။
သို့သော်လည်း အမှုအခင်းမဖြစ်စေရန် သူ့စိတ်ကို သူထိန်းကာ မှန်ကန်တဲ့ရွေးချယ်မှု ပြုလုပ်၍ ထိုနေရာမှ ချာကနဲလှည့်ထွက်ကာ ကြက်အစေခံလမ်းပြရာ နောက်သို့ လိုက်သွားခဲ့သည်။
သက်တော်စောင့်မှာ ကြက်တွေ တိုက်ခိုက်ခြင်းကို ခံထားရသော သနားစရာအစေခံကို ကယ်တင်ရသည်။ ၎င်းသည် တစ်ကိုယ်လုံး စုတ်ပျက်၍ မြင်ရက်စရာမရှိအောင် သနားဖွယ်ကောင်းနေသည်။
ထိုအခါ မိန်းကလေး ယုချုံ သည် ၎င်းတို့အနားသို့ လာကာ တိုးတိုးမေး၏။
''ရှင်တို့က ဘယ်သူတွေပါလဲ"
''မိန်းကလေး မသိဘူးလား"
ယုချုံက ခေါင်းခါသည်။
''ကျွန်မက အိမ်တော်လေးခုက ကိုယ်စားလှယ်တွေကို တစ်ခါမှမတွေ့ဖူးဘူး''
''နတ်မိမယ် ခင်ဗျားက တကယ်ဗဟုသုတနည်းတာပဲ''
နျဲ့ပုဖန်က အထင်မြင်သေးစွာပြောသည်။
''စစ်ပွဲမှာ ခင်ဗျားက ... ရန်သူကဘယ်သူ မိတ်ဆွေကဘယ်သူ ဆိုတာတောင်မသိပဲနဲ့ ကစားချင်သေးတာလား''
ယုချုံသည် သူမ၏ လှပသောမျက်လုံးလေးများဖြင့် အူတိအူကြောင် လှည့်ကြည့်ကာ မေး၏။
''ရှင် ဘာကိုပြောချင်တာလဲ''
နျဲ့ပုဖန်က ယုချုံကို အနားသို့ လက်ယပ်ခေါ်ကာတိုးတိုးကပ် ပြောသည်။
''ဒါက အိမ်တော်ကြီးလေးခုမှာ အထူးခြားဆုံးနဲ့အကြီးမြတ်ဆုံး ဝမ်ယဲ့ စုချန်းယိ ပဲ။ မင်း သူ့ကိုသိမ်းသွင်းထားနိုင်ရင် တခြားသူတွေအတွက် ပူစရာမလိုတော့ဘူး''
ယုချုံက သဘောပေါက်ဟန် ခေါင်းတဆက်ဆက်ငြိမ့်သည်။
''ဒါဆို ကျွန်မ ဘယ်လိုဆက်လုပ်ရမလဲ။ သူ့ကြည့်ရတာတော့ ရှင့်အပေါ် တော်တော်အစာမကျေနေသလိုပဲ''
''ကျွန်တော့် အတွက်မပူပါနဲ့၊ လက်ကိုင်က ကျွန်တော့် လက်ထဲရှိနေသ၍ ဓားလည်းမလှုပ်နိုင်ပါဘူး''
''ရှင်က ဘာကိုကိုင်ထားတာလဲ''
ယုချုံက တီးတိုးကပ်မေးသည်။
နျဲ့ပုဖန် ရုတ်တရက်ကြီး ချောင်းထဆိုးလိုင်သည်။ သူမ အပေါ်သစ္စာဖောက်ခြင်းဖြင့် စုချန်းယိ အပေါ်ချယ်လှယ်နိုင်သော လက်ကိုင်ရရှိထားကြောင်းကို နျဲ့ပုဖန် ဘယ်တော့မှထုတ်ပြောမည် မဟုတ်ပါ။
''ဒီအတွက်မပူပါနဲ့၊ ခင်ဗျားသာ မင်းသား စုချန်းယိ ကို ဘယ်လိုကိုင်တွယ်ရမလဲ စဥ်းစားထားပါ။ နောက်ပြီး အဓိကအရေးကြီးတာက နတ်မိမယ်ဆိုတာ နတ်သမီးတစ်ပါလို လှပကျော့ရှင်းနေရမယ်၊ ဂုဏ်အိန္နြေကြီမားရမယ်၊ သိမ်မွေ့ပြီး သိုသိုသိပ်သိပ် နေတတ်ရမယ်၊ ဒီသုံးချက်နဲ့ညီရင် စုချန်းယိအပေါ် အလုပ်ဖြစ်မယ် ထင်တယ်..''
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။