Chapter - 79
အချစ်အတွက်တိုက်ပွဲ အပိုင်း - ၃
“ဒီအစေခံတွေက တိုင်းပြည်ရဲ့ဆရာသခင်အား ကြိုဆိုပါတယ်” အစေခံ နှစ်ယောက်သည် ခန်းမအပြင်ဘက်တွင် ဦးညွှတ်ကာ ရပ်နေပြီး သူတို့ စပ်စုသော မျက်လုံးများက ဆရာသခင်၏ နောက်တွင် ပါလာသော နျဲ့ပုဖန်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ကိုရုပ်ဆိုးက သူတို့ကို လျစ်လျူရှုပြီး ခန်းမထဲကို တည့်တည့် လျှောက်သွား၏။
နျဲ့ပုဖန် လည်း သူ့နောက်ကို လိုက်သွားပြီး နောက်ဆုံးမှာတော့ ဖူရှန်း ဘုရားကျောင်းလို့ ခေါ်တဲ့ နန်းဆောင် တစ်ခုဆီ ရောက်လာခဲ့သည်။၎င်းနန်းဆောင်၏ ပင်မခန်းမကြီးသည် ကျယ်ဝန်းပြီး ခမ်းနားထည်ဝါကာ အလယ်ဗဟိုတွင် ကြီးမားသော ရွှေရုပ်တုကြီး ရှိ၍ အရပ် လေးမျက်နှာ၌ နတ်ဘုရား လေးပါး ရုပ်ထုတို့ ဝန်းရံထား၏။
ဘရိုကိတ် ပိတ်သားပေါ်တွင် စာတန်းများ ရေးထားသော စာလိပ်ကြီးများ ချိတ်ဆွဲထားပြီး၊ ဆီမီးခုံများနှင့် အမွှေးတိုင် မီးတိုင်များကိုလည်း ထွန်းညှိပြီးသား အဆင်သင့်ဖြစ်ကာ ရနံ့ သင်းပျံ့နေသည်။
ခန်းမဆောင်ကို ဖြတ်၍ တိတ်ဆိတ် ငြိမ်သက်သောအတွင်းခန်းထဲသို့ လျှောက်သွားရင်း၊ ကိုရုပ်ဆိုးသည် အဖြူရောင် ဝတ်ထားသော အမှုထမ်းလေးကို “သူ့အတွက် ယဇ်ပုရောဟိတ် ဝတ်စုံကို ပြင်ထားပါ” ဟု ပြောလိုက်သည်။
အဖြူရောင် ဝတ်ထားသော အမှုထမ်းလေးနှင့်စကားပြောပြီး ၎င်းက အဝတ်တစ်ထည်ကို ထုတ်ပေးကာ ဘေးနားမှာ ရပ်နေသော နျဲ့ပုဖန်ကို အထဲသို့ ခေါ်သွားခဲ့၏။
နျဲ့ပုဖန်က လှန်ကြည့်တော့ သည်ဝတ်စုံက အမှုထမ်းလေး ဝတ်တဲ့ ပုံစံနဲ့ အတူတူပါပဲ၊
ဒါပေမယ့် နန်းတော် အစေခံတွေ မိန်းမစိုးတွေ ဝတ်ထားတဲ့ ဝတ်စုံနဲ့ မတူတာကို တွေ့လိုက်ရသည်။
"အစ်ကို၊ မင်နိုင်ငံတော်ရဲ့ ဆရာက အတိအကျဆိုရင် ဘာအလုပ် လုပ်ရတာလဲ" နျဲ့ပုဖန်က သူ့အဝတ်အစားတွေ လဲရင်း မေးကြည့်သည်။
အဖြူရောင် ဝတ်ထားသော အမှုထမ်းလေးက အံ့သြတကြီး ကြည့်ကာ “မင်းက အသစ် လက်ခံထားတဲ့ ဘုန်းကြီး အလုပ်သင် မဟုတ်ဘူးလား။ သခင် ဘာလုပ်နေလဲ မသိဘူးလား"
နျဲ့ပုဖန်က သူ့လက်ကို ဝှေ့ယမ်းပြကာ ပြုံးလိုက်ပြီး
"မဟုတ်ဘူး၊ ငါတို့က မတော်တဆ တွေ့ပြီး မြင်မြင်ချင်း ရင်းနှီးသွားတဲ့ သူစိမ်းတွေပဲ။ ဆိုတော့ သူက ငါ့ကို နန်းတော်ထဲကို ခေါ်လာခဲ့တာ"
“…..” အဖြူရောင် ၀တ်ထားသော အမှုထမ်းလေးသည် “မြင်မြင်ချင်း သိကျွမ်းခြင်း” ကဲ့သို့ အဓိပ္ပါယ်မရှိသော စကားကို လုံးဝ မယုံနိုင်လောက်အောင် ထိတ်လန့်သွားသည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ" နျဲ့ပုဖန် က နောက်ထပ် မေးခွန်း တစ်ခု မေးလိုက်၏။
"ဟော်ရှန်''
"မင်းက ဟော်ရှန်၊ ငါ့ နာမည်က နျဲ့...အဟမ်းဟမ်း၊ ဝူရန်ဖုန်းပါ''
နျဲ့ပုဖန်က သူ့ကိုယ်သူ ဝူရန်ဖုန်းဟူ၍ ကိုရုပ်ဆိုးကိုပြောခဲ့တာကို သတိရပြီး ထိုသို့ မိတ်ဆက်လိုက်၏။
နှစ်ယောက်သား စကား နည်းနည်းပြောကြပြီးနောက် အဝတ်အစားတွေ လဲပြီးတာနဲ့ နျဲ့ပုဖန်က ကိုရုပ်ဆိုးရဲ့ အခြေအနေကို ယေဘူယျအားဖြင့် သဘောပေါက်သွားခဲ့သည်။
ဖန်းမိသားစု၏ အကြီးဆုံးသားဖြစ်သူ ဖန်းလုံ သည် အသက် ဆယ့်ခြောက်နှစ်တွင် နိုင်ငံတော်၏ ဆရာဘွဲ့ကို အပ်နှင်းခံရ၏။ သူသည် မင်ဘုရင့်နိုင်ငံတော်၏ ယဇ်ပူဇော်ပွဲများအတွက် အဓိကတာဝန်ယူခဲ့သည်။ သူ့တွင် အမှန်တကယ် စွမ်းအားမရှိသော်လည်း၊ ဧကရာဇ်မင်း၏ မင်းဆရာ တစ်ဖြစ်လည်း အပေါင်းဖော် သူငယ်ချင်း ဖြစ်သလို၊ ဧကရာဇ် မင်းမြတ်၏ အပေါင်းအဖော် စာသင်ဖော်ဖြစ်ခဲ့ဖူးသောကြောင့် သူ့ကို မည်သူမျှ လျှော့မတွက်ဝံ့ကြပေ။ သုံးနှစ်သား အရွယ်၌ စာတတ်မြောက်ခဲ့ပြီး ခြောက်နှစ်သား အရွယ်တွင် စာတမ်းများ ရေးသားနိုင်ကာ အလွန် မှတ်သားနိုင်စွမ်း ရှိသည်။ သူသည် နိုင်ငံခြား ဘာသာစကား ခုနစ်မျိုးမှ ရှစ်မျိုးအထိ ကျွမ်းကျင်စွာ တတ်မြောက်ပြီး ယဉ်ကျေး သိမ်မွေ့သောကြောင့် ဘာသာပြန် တစ်ဦးလည်း ဖြစ်ခဲ့၏။
သူ၏ အရည်အချင်းများဖြင့် သူ့ကို အရေးပါသော တရားဝင်ရာထူးကို ပေးသင့်သော်လည်း ဖန်း မိသားစု၏ မျိုးဆက် လေးဆက်မှာ အရာရှိများဖြစ်သောကြောင့် သူ့အဖေနှင့် ဦးလေး နှစ်ဦးစလုံးသည် ရာထူးအမြင့်ဆုံး အရာရှိများပင် ဖြစ်ကြပြီး အင်ပါယာ နန်းတွင်း၌ သူသည် ၎င်းတို့၏ အာဏာသည် ယှဉ်လုနီးပါး ဖြစ်နေသည်။ သံသယပွားခြင်းကို ရှောင်ရှားရန်အတွက် သားအဖ နှစ်ဦးစလုံးသည် အရေးပါသော ရာထူးများတွင် မပါဝင်နိုင်ကြသောကြောင့် အရာရှိ အဖြစ်ကို စွန့်လွှတ်လိုက်ရသည်။ အကယ်၍ ဧကရာဇ်မင်းမြတ်ထံမှ တိုင်းပြည်၏ ဆရာသခင်ဘွဲ့ အပ်နှင်းခံရခြင်းတွင် အစဉ်အလာအရ ချိုးဖျက်ခြင်းမျိုး မဟုတ်ပါက၊ ဖန်းလုံသည် နိုင်ငံအနှံ့ ခရီးသွားနေရပေလိမ့်မည်။
"သခင်၊ သခင် ဝူရန်ဖုန်း ပြင်ဆင် ပြီးသွားပါပြီ" ဟော်ရှန် သည် အတွင်းခန်းမှ ထွက်၍ သတင်းပို့သည်။
လက်ဖက်ရည် သောက်နေသော ဖန်းလုံ သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ နျဲ့ပုဖန်သည် အဖြူရောင် သန့်သန့်ပြန့်ပြန့်ဝတ်လုံကို ၀တ်ထားပြီး သူ၏ အနက်ရောင်ဆံပင်ကို ရိုးရိုးသစ်သား ဆံညှပ်ဖြင့် မြင့်မြင့် ချည်ထားကာ ရှင်းရှင်းလင်းလင်းနှင့် ဆွဲဆောင်မှုရှိသော မျက်နှာကို လုံးလုံးလျားလျား ပေါ်လွင်နေစေလေသည်။ အရင်က သနားစရာကောင်းတဲ့ အနေအထားနဲ့ မတူဘဲ၊ သည်အချိန်မှာ သူ့အငွေ့အသက်က အထီးကျန်နေတဲ့ ကြာဖြူတစ်ပွင့်လို သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိနေ၏။
ဖန်းလုံ၏ မျက်လုံးထဲတွင် လေးမြတ်မှုကို နျဲ့ပုဖန်က မြင်လိုက်ရသည်။ ကျောနောက်မှာ လက်နောက်ပစ်လျှက်ရပ်ပြီး သက်ပြင်းချရင်း ...
“အိုက်စ်၊ သဘာဝ အလှတွေက ဖုံးကွယ်ရ ခက်လွန်းတယ်” ဟု နျဲ့ပုဖန် ရေရွတ်လိုက်သည်။
“…..”
ဖန်းလုံ သည် သူ့ အကြည့်ကို လွဲပြီး လက်ဖက်ရည်ကို ဆက်သောက်လိုက်၏။
ဆိတ်ဆိတ်နေသောအခါတွင် ကြာဖြူသည် ကြာတစ်ပွင့်သာ ဖြစ်သော်လည်း သူ စကား ပြောသည့်အခိုက်တွင် သူ့ကို ခေါင်းစားစေသော ပန်းတစ်ပွင့်ဖြစ်လာသည်။
ထိုအချိန်တွင် ဧကရာဇ်မင်းသည် နိုင်ငံတော်၏ ဆရာနှင့် ဆွေးနွေးရန် တောင်းဆိုကြောင်း ခန်းမအပြင်ဘက်ရှိ လူတစ်ဦးမှ သတင်းပို့ခဲ့၏။
ဖန်းလုံက ထပြီး နျဲ့ပုဖန်ကို မှာသည်။
"မင်း ဒီမှာ နာခံမှု ရှိရှိနေ၊ ဘယ်မှ လျှောက်မသွားနဲ့။ ငါ ချက်ချင်း ပြန်လာခဲ့မယ်"
“ဟုတ်ကဲ့” နျဲ့ပုဖန်က ပြုံးပြီး ဖြေလိုက်သည်။
တစ်ဖက်တွင် တည်းခိုခန်းသို့ ပြန်ရောက်လာသော ထိုက်ပိုင်သည် အချိန် ကြာသည်အထိ နျဲ့ပုဖန် ပေါ်မလာသောကြောင့် စိတ်မသက်မသာ ဖြစ်လာ၏။
လင်းယုန်လေး လက်နက်ကြီးထံမှ စာတစ်စောင် လက်ခံ ရရှိသောအခါတွင် နေဝင်ခါနီးအချိန် ဖြစ်နေပြီ။ ကောက်ကောက်ကွေးကွေး ရေးထားတဲ့ စာကတော့ ''ငါ အခု နန်းတော်မှာ နေတယ်၊ ငါ့ကို မလွမ်းနဲ့'' ဟူ၍။
"ငါ နန်းတော်မှာ နေတယ်'' က ဘာကိုဆိုလိုတာလဲ။ ထိုက်ပိုင် ဒေါသထွက်နေ၏။
"ခဏလောက် မျက်စိတစ်မှိတ်အတွင်းမှာ မင်းနန်းတော်ထဲ ဘယ်လို ဝင်လိုက်တာလဲ"
အနည်းဆုံးတော့ အကြောင်းတရားနဲ့ အကျိုးတရားကို ရှင်းရှင်းလင်းလင်း ရှင်းပြသင့်သည်။ နန်းတော်ထဲကို ဘယ်လို ဝင်ခဲ့လဲ။ ဘယ်သူနဲ့ အတူလဲ။ ဘေးကင်းသလား။ နန်းတော်က ဘယ်တော့ ထွက်လာနိုင်မှာလဲ။ နားလည်အောင် ရှင်းပြသင့်တယ် မဟုတ်ပေဘူးလား။
ထိုက်ပိုင် ဒေါသထွက်သွားသည်။ သူသည် မှင်တံနှင့် စာရွက်ကို ထုတ်ကာ သူ၏ စိတ်ဓာတ်ကျမှုကို ဖော်ပြရန်အတွက် စာမျက်နှာ အပြည့်စာ တစ်စောင် ရေးခဲ့၏။
နောက်ဆုံးတွင် ဝမ်ရှင်းချန်းထံသို့ ဤသတင်းကို အကြောင်းကြားခဲ့သည်။ တကယ်တော့ မြို့တော်မှာ သူအများကြီး လုပ်နိုင်တာဘာမှမရှိပေ။
"ဘာ။ နန်းတော်ထဲ ရောက်နေတာတဲ့လား" ကျန်းကျွင်းရှီက အော်လိုက်သည်။
ဝမ်ရှင်းချန် ခေါင်းညိတ်လိုက်၏။
လီရီ၏ မျက်နှာသည် အေးစက်ပြီး ရန်လိုလာသည်။
ကျန်းကျွင်းရှီ က သူ့ နဖူးကို ရိုက်ပြီး သက်ပြင်းချရင်း ...
"အိုး၊ ဘုရားသခင်ရယ်။ ရက် အနည်းငယ်အတွင်းမှာ သူ နန်းတော်ထဲကို ဝင်နိုင်ခဲ့တယ်။ သူ ဘယ်လိုလုပ်လိုက်တာလဲ"
“ဧကရာဇ် နန်းတော်က အစောင့်အများစုကို တုန်းရှန်းရှောင်းဖူက လေ့ကျင့်ပေးထားတာ၊ ဝေဒီလည်း ဒါကို မကြာခင် သတိပြုမိလိမ့်မယ်” လီရီ မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ရှင်းချန်က "နန်းတော်က အစောင့်အကြပ် ထူထဲတယ်။ လျှို့ဝှက်ပြီး ခိုးဝင်လို့ မရဘူး"
"သိပါတယ်" ကျန်းကျွင်းရှီ နှင့် လီရီ က ဝမ်ရှင်းချန် ကို ကြည့်ပြီး "ဒီတစ်ခါ မင်း မလုပ်ချင်ရင်တောင် မင်း မိသားစုရဲ့ စွမ်းအားကို သုံးရမယ်"
ညမိုးချုပ်လာသည်နှင့်အမျှ သူ့ ဖြည့်စွက်စာအား စားသောက်ပြီးနောက် နျဲ့ပုဖန်သည် အားအင်များ ပြည့်ဝလာခဲ့သည်။ ဖူရှန်း ဘုရားကျောင်း တစ်ဝိုက် လည်ပတ်ပြီးနောက်၊ သူသည် ဘုရားကျောင်း အပြင်ဘက်သို့ သူ၏ စူးစမ်း ရှာဖွေမှုကို တိုးချဲ့ခဲ့၏။
လျှောက်လမ်းပေါ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဟော်ရှန်က သည် မည်သည့်နေရာမှ ထွက်လာသည်မသိပဲ သူ့ လမ်းကို ပိတ်ဆို့နေသည်။
"ဝူရန်ဖုန်း၊ ငါ့ သခင်က မင်းကို သူ ဖူရှန်း ဘုရားကျောင်းကို ပြန်မလာမချင်း မင်း ဆန္ဒအတိုင်းလျောက်ထွက်မသွားဖို့ အမိန့်ပေးခဲ့တယ်"
"အရမ်း စိတ်မပူပါနဲ့" နျဲ့ပုဖန် က လမ်းလျှောက်လာပြီး ဟော်ရှန်၏ ပုခုံးပေါ် လက်တင်ကာ ပြုံး၍
"ကြယ်တွေ ကြည့်ဖို့ ခြံပြင်ကို ထွက်ချင်ယုံလေးပါ''
ဟော်ရှန်က ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်သည် မှောင်မည်းနေပြီး ကြယ်နဲ့ တူတာဘာမှ မမြင်ရပေ။
ဟော်ရှန် နောက်ထပ် စကားပြောခါနီးတွင် နျဲ့ပုဖန်က “သျှီထို့ပြည်ထောင်က မင် ဘုရင့်နိုင်ငံကို ဂုဏ်ပြုဖို့ ကြွလာတယ်ဆိုတာ ကြားခဲ့လား”
ဟော်ရှန် အာရုံ လွဲသွားကာ သူ့စကားကို ခေါင်းညိတ်ကာ ပြန်ပြောသည် - “ဒီကိစ္စက ကြီးမားတော့ ငါလည်း ကြားပါတယ်။ ဒီတစ်ခေါက် ကျားဖြူ ယူလာတယ်လို့လည်း ကြားတယ်။ ဧကရာဇ်မင်းကို ဆက်သမယ့် နေ့ကျရင် ပရိတ်သတ်တွေလည်း ဖိတ်ကြားမှာမို့လို့ ယဇ်ပုရောဟိတ်များ အနေနဲ့ ငါတို့ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်နိုင်ခွင့် ရှိလောက်တယ်''
"တကယ်လား" နျဲ့ပုဖန်က စိတ်လှုပ်ရှားစွာနဲ့ "ဒါက အရမ်း အံံသြဖို့ကောင်းတယ်''
"ဟုတ်တယ်" ဟော်ရှန် သည် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် "ငါတို့ မင်ဧကရာဇ် နိုင်ငံတော်ဟာ အပြင်းထန်ဆုံးသော အမျိုးသားရေး စိတ်ဓာတ်၊ ခွန်အားနဲ့ ဂုဏ် အရှိဆုံးသော နိုင်ငံ ခြောက်ခုရဲ့ အကြီးအကဲဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း တိုင်းနိုင်ငံ များစွာတို့က မင်ပြည်ကို ဂုဏ်ပြုဖို့ သံတမန်တွေ စေလွှတ်ကြတယ်''
“ဒါဆို တိုင်းပြည် ဆရာသခင် အလုပ်က နိုင်ငံ ရပ်ခြား သံတမန်တွေနဲ့ လက် ခံတွေ့ဆုံခြင်းလည်း ပါတယ်ပေါ့''
“အင်း၊ ငါ့ သခင်မှာ အရည်အချင်းတွေရှိပြီး အမျိုးမျိုးသော ယဉ်ကျေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျွမ်းကျင်နှံ့စပ်တယ်၊ ပညာ အရာမှာလည်း အရမ်းကို ထူးချွန်ထက်မြတ်တယ်။ ဧကရာဇ်မင်းကိုယ်တော်တိုင် သူ့ကို အလွန် အားကိုးရတယ်''
“အိုး...”
နှစ်ယောက်သား စကားစမြည် ပြောလာကြရာ ဖူရှန်း ဘုရားကျောင်းဝန်းအတွင်းမှ မသိလိုက်ဘဲ ထွက်လာမိကြ၏။ ဟော်ရှန်းသည် ဒါကို သိလိုက်သောအခါ သူတို့သည် ရှန်းယွန်းခန်းမသို့ ရောက်နေကြလေပြီ။ ဤနေရာသည် တာဝန်ရှိသူများသာ လက်ဖက်ရည်ပြီး အနားယူလေ့ရှိသော နေရာဖြစ်သည်။ များသောအားဖြင့် ညဘက်တွင် လွတ်နေပြီး အစောင့်များသာ ဤနေရာကို မကြာခဏ ဖြတ်သန်းလေ့ ရှိကြသည်။
"အစောင့်တွေ မတွေ့ခင် မြန်မြန် ပြန်ကြရအောင်" ဟော်ရှန်းက နျဲ့ပုဖန်ကို ဆွဲကာ တိုးတိုးလေးပြောလိုက်သည်။ နိုင်ငံတော် ဆရာသခင်၏ ဘုန်းကြီးအလုပ်သင်များသည် နန်းတော်အရှေ့ ဧရိယာတွင် လွတ်လပ်စွာ ဖြတ်သန်း သွားလာခွင့် ရသော်လည်း နျဲ့ပုဖန်သည် စင်စစ်တွင် အထောက်အထားမဲ့ လေလွင့်သူ ဖြစ်သည်။ တစ်ယောက်ယောက်က မသင်္ကာပဲ တွေ့ရှိသွားပါက နိုင်ငံတော်၏ ဆရာကို ဒုက္ခ ရောက်စေဖွယ်ရှိ၏။ ဒါက ဟော်ရှန်း အစိုးရိမ်ဆုံးပဲ။
“ရှူး'' နျဲ့ပုဖန် က လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး "နားထောင်၊ ဟိုမှာ အသံတွေကြားရလား''
"ဘာသံဖြစ်ဖြစ် အဲဒါက ငါတို့ ကိစ္စ မဟုတ်ဘူး" ဟော်ရှန်းသည် စူးစမ်းချင်စိတ် လုံးဝ မရှိသဖြင့် "သွားကြရအောင်"
"စိတ်မပူပါနဲ့၊ သွားကြည့်ရအောင်" နျဲ့ပုဖန်သည် အသံ လာရာဘက်သို့ ခြေဖျားထောက်ကာ လှမ်းကြည့်လိုက်သည်။
ဟော်ရှန်းလည်း နျဲ့ပုဖန် ခြေလှမ်းအတိုင်း အမြန်နောက်သို့ လိုက်လာခဲ့သည်။
နှစ်ယောက်သား နီးလာသည်နှင့်အမျှ အသံက ပိုပို၍ ကြည်လင်လာပြီး နာကျင်စွာ ညည်းညူသံမျိုး ဖြစ်နေပုံရ၏။
ဟော်ရှန်း၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် နျဲ့ပုဖန်၏ အင်္ကျီများကို ဆွဲကာ အမြန်ထွက်သွားရန် လက်ဟန်ပြသည်။
နျဲ့ပုဖန်က ပြန်ဖို့ကို ခေါင်းမာကာ စွန့်စားမှုကို ဆက်လက် လုပ်ဆောင်ခဲ့၏။
ဟော်ရှန်သည် ဒေါသကြောင့် သေလုနီးပါးဖြစ်နေပြီး နျဲ့ပုဖန်ကို စိုက်ကြည့်ကာ ၎င်းအား ဓားဖြင့်ထိုးချင်နေသည်။
နျဲ့ပုဖန်က သေသေချာချာ ကြည့်လိုက်သည်။ အမှောင်ထဲတွင် လူတစ်ဦးသည် ဗိုက်ကို ကိုင်ကာ နံရံထောင့်စွန်းတွင် မှီလျှက် တဆတ်ဆတ် တုန်နေကာ ဖျားနေပုံရသည်။
နျဲ့ပုဖန်က ထိုနံရံကို မှီထားသူ အနားသို့ သွားပြီး “အဆင်ပြေရဲ့လိုလား” လို့ မေးလိုက်၏။
သူ့ အသံကို ကြားတော့ ထိုလူသည် ခဏတာ တောင့်တင်းသွားပုံ ရပြီး တုံ့ပြန်မှု မရှိပေ။
နျဲ့ပုဖန်က ဟော်ရှန်ဆီကို လှည့်ပြီး ...
"သူ့ရဲ့ ၀တ်စား ဆင်ယင်မှုကို ကြည့်လိုက်။ သူက အစောင့်တစ်ယောက် ဖြစ်ရမယ်၊ မင်း သူ့ အခြေအနေကို ကြည့်ဖို့ နန်းတွင်းသမားတော် သွားခေါ်ချေ''
ဟော်ရှန်း သက်ပြင်းချလိုက်၏။
အစက သည်နေရာမှာ သမီး ရည်းစား စုံတွဲ ခိုးတွေ့နေတယ် ထင်ခဲ့တာ။
အခုက ဖျားနာတဲ့ အစောင့် တစ်ဦးသာ ဖြစ်တာကြောင့် ပြဿနာ မရှိတော့ပေ။
သူက နျဲ့ပုဖန်ကို မှာခဲ့သည်။
"မင်း ဖူရှန်း ဘုရားကျောင်းကို အရင်ပြန်နှင့်၊ ဒီမှာ အကြာကြီးမနေနဲ့၊ ငါ နန်းတွင်းသမားတော်ဆီ သွားလိုက်မယ်"
နျဲ့ပုဖန်က သဘောတူလိုက်သည်။
ဟော်ရှန်း ထွက်သွားသောအခါတွင် သူက အစောင့်ထံ ချက်ခြင်းကပ်သွားပြီး ပုခုံကို လက်ဖြင့်ပုတ်ကာ "မင်း အဆင်ပြေရဲ့လား။ ဟိုနားလေးမှာ အနားယူဖို့ မင်းကို ကူညီပေးရမလား''
အစောင့်သည် မတုံ့ပြန်သောကြောင့် နျဲ့ပုဖန်က ၎င်းကို မလိုအပ်ဟု ယူဆခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အရမ်း ထူးဆန်းနေသလို ခံစားရ၏။ သည်နန်းဆောင်တစ်ဝိုက်မှာ သည်အစောင့်တစ်ယောက်တည်း ရှိနေတာလား။
ဖြစ်ပျက်ခဲ့တာကို မေးတော့မယ့် အချိန်မှာ ရုတ်တရက် လည်ပင်း နောက်ဘက်၌ နာကျင်မှုကို ခံစားလိုက်ရပြီး နောက်တစ်ချက်မှာ မြေပြင်ပေါ် လဲကျသွားလေသည်။
ထို့နောက် ထိုအစောင့်သည် နျဲ့ပုဖန်ကို ထမ်းကာ အခြားတစ်နေရာသို့ ဖြည်းညှင်းစွာ ရွှေ့သွားခဲ့၏။
၎င်းက ဘေးနားရှိ ခန်းမတစ်ခုထဲသို့ ဝင်သွားပြီး နျဲ့ပုဖန်၏ အဝတ်အစားများကို ချွတ်ကာ သူ့ကိုယ်ရံတော် ဝတ်စုံဖြင့် လဲဝတ်ပေးလိုက်သည်။ နာကျင်နေသည်ကိုတော့ အောင့်ထား၏။ ပြီးသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ ပြင်းထန်ကြမ်းတမ်းသော ခြေသံများ ထွက်ပေါ်လာလေသည်။
ယဇ်ပုရောဟိတ် ၀တ်ရုံသို့ ပြောင်းလဲ ဝတ်ဆင်ထားသော ထိုအစောင့်သည် အခင်းဖြစ်ပွားရာနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
သူ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အခန်းတံခါး တွန်းဖွင့်ခံလိုက်ရ၏။ တော်ဝင် အစောင့်တပ်ဖွဲ့ ပြေးဝင်လာပြီး နျဲ့ပုဖန် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
သူတို့ထဲက တစ်ယောက်က ရှေ့ကို ငုံ့ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ...
“ဟုတ်တယ်၊ အဲ့ရနံ့ကို ရနေသေးတယ်။ ဆေးအာနိသင် ရှိပုံပဲ။ သူ့ကို ဧကရာဇ်မင်းဆီ ပြန်ခေါ်သွားပါ။”
လူ အများအပြားသည် သတိလစ်နေသော နျဲ့ပုဖန်ကို သယ်ကာ အတွင်းနန်းတော် ဟာရမ် နန်းဆောင် ဆီသို့ အလျင်အမြန် သယ်ဆောင်သွားကြသည်။ ရှည်လျားသော စင်္ကြံများစွာကို ဖြတ်ကျော်ပြီးနောက်၊ ဆွေးနွေးမှု အစည်းအဝေး ပြီးဆုံးသွားသော ဖန်းလုံကလည်း သူတို့အနားမှ ဖြတ်သွားခဲ့၏။
"အရှင်မင်းကြီး၊ အကျဉ်းသားကို ဖမ်းလိုက်ပါပြီ" အစောင့်က တံခါး အပြင်ဘက်မှ ကြေငြာသည်။
“သူ့ကို ခေါ်သွားပါ” မိန်းမစိုး တစ်ယောက်က အမိန့်ပြန်ပေး၏။
နျဲ့ပုဖန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် နာကျင်မှု အချို့နှင့်အတူ ခေါင်းမူးကာ နိုးလာသည်။
"ဒါ သူလား" သူ့ နားထဲတွင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ နျဲ့ပုဖန် မော့ကြည့်လိုက်သည် လှပ ခမ်းနားစွာ ချယ်သထားသော နဂါး ဘရိုကိတ် ၀တ်စုံဖြင့် ချောမောသော အမျိုးသားတစ်ဦးကို စားပွဲခုံကြီး တစ်ခု ရှေ့တွင် ထိုင်နေတာကို တွေ့လိုက်ရ၏။ ထိုသူ၏ အရောင်အဝါဟာ လေးနက်ပြီး ခံ့ညားထည်ဝါနေသည်ကို တွေ့လိုက်ရသည်။
၎င်း၏ နှုတ်ခမ်းများက တင်းရင်းပြီး သဘာဝအတိုင်း တည်ကြည်ပြတ်သားကာ မျက်လုံးများသည် နက်ရှိုင်းပြီး ထိုသူ့မျက်နှာသည် အနည်းငယ် ဒေါသ ဖြစ်နေသလား ဒါမှမဟုတ် အခြား ခံစားချက်များကို ထုတ်ဖော် မပြတတ်တာလား မသိနိုင်ပေ။
"ဒါ သူခိုးပါ အရှင်မင်းကြီး။ အစောင့်က ပြန်ပြော၏။
ဧကရာဇ်သည် ကျောက်စိမ်းဆွဲသီးဖြင့် ကစားနေရင်း နျဲ့ပုဖန်ကို တိတ်တဆိတ် အကဲခတ်နေလေသည်။
နျဲ့ပုဖန်သည် အခြေအနေကို နားမလည်သေးသော်လည်း ဤအခန်းရှိ လေထုသည် အနည်းငယ် မှားယွင်းနေကြောင်းကို သိ၏။ သူ့ ကိုယ်ပေါ်က အစောင့် ဝတ်စုံကို ကြည့်လိုက်တော့ ကံဆိုးလိုက်တာဟူ၍ တိတ်တိတ်လေး ငိုနေရုံအပြင် မတတ်နိုင်။
"အသင်က ဘယ်သူလဲ" ဧကရာဇ်က ပေါ့ပေါ့ပါးပါး မေး၏။
နျဲ့ပုဖန် သည် "ဝူရန်ဖုန်းပါ '' ဟူ၍ ထိုအမည်တုကိုပြောတော့မည် ပြင်သော်လည်း တစ်စုံတစ်ခုကို ပြန်တွေးကာ အခြား အမည်တုကို အသုုးပြုခြင်းက အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ဒါနဲ့ သူက “ကျုပ်နာမည် ဝေရှောင်ပေါင်” လို့ ပြန်ဖြေလိုက်၏။
"ဝေရှောင်ပေါင်" ဧကရာဇ်မင်းသည် နဂါးကုလားထိုင်ပေါ်က ညင်သာစွာ မတ်မတ်ရပ်လိုက်ပြီး "ပြောပါ။ မင်းနဲ့ ငါ ကိုယ်တော်ရဲ့ ကြင်ယာတော် လီ ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ" ဟု ရုတ်တရက်မေးလိုက်သည်။
"ကြင်ယာတော် လီ၊ ဟုတ်လား။ ရိုးရိုးသားသားပြောရရင် သူမ ဘယ်သူလဲ ဆိုတာတောင် မသိပါဘူး” နျဲ့ပုဖန်က သူ့နှာခေါင်းကို ရှုတ်လိုက်၏။
ဟုတ်ပြီ၊ ထိုအစောင့် ဟန်ဆောင်ထားသောလူသည် ဧကရာဇ်မင်းမြတ်၏ မယားကို သွေးဆောင်ခဲ့ကြောင်း ထွက်လွင်လာခဲ့သည်။
"ဒါဆို မင်းက ဘာလို့ သူ့အခန်းထဲကို လာနေတာလဲ" ဧကရာဇ်မင်း၏ အသံသည် သိမ်မွေ့ နူးညံ့ပြီး ခံစားချက် အနည်းငယ်မျှ မပါသော်လည်း လူ၏ ဦးရေပြားအား ထုံကျင်စေသည့် ခံစားချက်ကို လူတို့အား ပေးတော်မူ၏။
ပတ်၀န်းကျင်ရှိ အစောင့်များနှင့် မိန်းမစိုးများအားလုံး တင်းမာပြီး တစ်စုံတစ်ခုအတွက် အသင့်ပြင်ထားကြသလို ရှိသည်။
နျဲ့ပုဖန်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ "သူမ အခန်းမှာ ပေါ်လာတာ ငါပဲဆိုတာ ဘယ်လိုသိတာလဲ"
“အတင့်ရဲလိုက်တာ” ဧကရာဇ်မင်း အနားရှိ မိန်းမစိုးက “မင်းက ဧကရာဇ်မင်းကိုတောင် ဒီလေသံနဲ့ ဘယ်လို ပြောရဲတာလဲ” လို့ အော်လိုက်၏။
နျဲ့ပုဖန်က သူ တကယ် အပြစ်ကင်းတယ်လို့ ခံစားရသည်။ အပြစ်မဲ့သူအနေနဲ့ အနေဖြင့် ကျိုးကြောင်းဆီလျော်စွာ ပြုမူနေရမည် ဖြစ်၏။
ဧကရာဇ်က သူ့ လက်ကို ဝှေ့ယမ်းပြီး ဆက်ပြောသည်–
“ကြင်ယာတော် လီ ဟာ ငါကိုယ်တော် ရဲ့နောက်ကွယ်မှာ တခြားလူတွေနဲ့ တိတ်တဆိတ် ရှိနေတယ်ဆိုတာ အမြဲသိတယ်။ ဒီလူကို ဖမ်းဖို့အတွက် ကြင်ယာတော် လီကို သူနဲ့ ထိတွေ့ဖူးသူတွေကိုသာ မွှေးပျံ့စေမယ့် ထူးခြားတဲ့ ရနံ့တစ်မျိုးကို အထူးချီးမြှင့်လိုက်တယ်။ မင်းရဲ့ကိုယ်ပေါ် တူညီတဲ့ရနံ့ ရှိနေတယ်"
"မှားနေပြီ။ အနံ့က ကျုပ် ကိုယ်ပေါ်မှာရှိတာ မဟုတ်ပါဘူး၊ ဒီအဝတ်အစားတွေမှာပါ" နျဲ့ပုဖန်က မတ်တပ် ထရပ်လိုက်၏။ ပတ်ဝန်းကျင် အစောင့်တွေကလည်း ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။
"အဝတ်အစား၊ ဟုတ်လား" ဧကရာဇ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် သံသယများ တောက်ပလာ၏။
"ဒီအဝတ်အစားတွေက ကျုပ်အဝတ် မဟုတ်မှန်း သိသာပါတယ်" နျဲ့ပုဖန်သည် အဝတ်အစားများကို ပေါ့ပေါ့ပါးပါးပဲ ဆွဲချွတ်လိုက်ပြီး နောက်တစ်ခဏတွင် ခါးစည်းကြိုးကို ဖြေကာ အပေါ် ဘက် အကျီသည် ကျွတ်သွားပြီး အောက်ခံအဝတ်အစားများ ပေါ်လွင်လာသည်။
"ဒါကို ဘယ်သူက စမ်းဝတ်ကြည့်မလဲ''
နျဲ့ပုဖန်သည် သူ၏ လက်ရှိ ပျက်ယွင်းနေသော ပုံရိပ်ကို လုံးဝ ဂရုမစိုက်ဘဲ သူ့ အမူအရာ တည်ငြိမ်နေသည်။
ဧကရာဇ်မင်းသည် အကြာကြီး တိတ်ဆိတ်စွာ သူ့ကို စိုက်ကြည့်ရင်း ရုတ်တရက် "ကြင်ယာတော် လီမှာကိုယ်ဝန်ရှိနေပြီ" ဟု ပြောလိုက်သည်။
နျဲ့ပုဖန် သည် ခဏတာ တိတ်ဆိတ်နေပြီး သူက ချီတုံချတုံ လေသံဖြင့် "ဒါဆို ဘုရင်မင်းမြတ်ကို ဂုဏ်ပြုကြောင်း ပြောရမှာလား" ဟု မေးလိုက်၏။
သူ သည်လိုပြောပြီးတာနဲ့ သူ့ ပတ်ဝန်းကျင်က လူတွေ အားလုံးရဲ့အမူအရာက ရယ်မောခြင်းလား၊ ဒေါသကို မျိုသိပ်ထားသလားမသိပဲ တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေ၏။
ဧကရာဇ်မင်း၏ လက်ပေါ်က ကျောက်စိမ်းဆွဲသီးသည် ပြုတ်ကျပြီး ကွဲသွားသည်။
ဧကရာဇ်သည် ၎င်းကို ပစ်ချကာ မတ်တပ်ရပ်လိုက်ပြီး နျဲ့ပုဖန်၏ နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာ၏။ ထို့နောက် သူ့ ရှေ့မှာ ရပ်ပြီး နျဲ့ပုဖန်၏ ကိုယ်တစ်ဝိုက်ကို လှည့်ပတ်ကြည့်သည်။
နျဲ့ပုဖန်သည် သူ့ထက် ခေါင်းတစ်လုံးစာ ပိုမြင့်သော ဧကရာဇ်မင်းကို ကြည့်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။
မင်းက အရပ်မြင့်လို့ မင်း အရမ်းတော်တယ် ထင်နေတာလား။ အရည်အချင်းရှိရင် ဦးနှောက်ချင်း ကို ယှဉ်ကြည့်ရအောင်။
"မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်" ဧကရာဇ်က ရုတ်တရက်ပြောလိုက်တယ်။
နျဲ့ပုဖန်မှာ သူ့ ပါးစပ်ကို ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး မသင့်တော်တဲ့ စကားလုံးတွေထွက်မလာအောင် တားဆီးနေရသည်။
သူသည် အစောင့်ဝတ်စုံကို ပြတ်ပြတ်သားသား ချွတ်လိုက်ပြီး ၀တ်ရုံအောက်တွင် အဖြူရောင်အတွင်းခံတစ်ခုသာ ကျန်ခဲ့၏။
အစောင့် တစ်ယောက်က ချက်ချင်း ရှေ့ကို လှမ်းလာပြီး သူ ချွတ်ထားတဲ့ အဝတ်အစားတွေကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်၏။
အစောင့် ဝတ်စုံကို ချွတ်လိုက်ပြီးသည်နှင့် နျဲ့ပုဖန်အနီး ပတ်ဝန်းကျင်ရှိနေသော ထူးဆန်းသည့်မွှေးရနံ့ ပျောက်ကွယ်သွားကာ လတ်ဆတ်သော မြက်ရနံ့များဖြင့် အစားထိုးလာသည်။
ဧကရာဇ်မင်းသည် တည်ငြိမ်အေးဆေးစွာ ရှိနေသော ထိုသူကို မြင်လိုက်ရသည်၊ အဖမ်းခံရမည်ကို မကြောက်ဘဲ ကြောက်ရွံ့မှု အရိပ်အယောင်ပင် မရှိခဲ့ပေ။ ဒါက သူ တစ်ခါမှ မတွေ့ဖူးတဲ့ အရာဖြစ်ပြီး အသစ်အဆန်း တစ်ခုသဖွယ် ချက်ခြင်း အံ့ဩသွားခဲ့သည်။
သူသည် နျဲ့ပုဖန်၏ ဆံပင်ဆီသို့ အကြည့်ရွှေ့ကာ လက်ကို ဆန့်၍ သစ်သားဆံညှပ်ကို ချွတ်လိုက်သည်။ ဆံညှပ်ကို ဖယ်လိုက်သောအခါတွင် အမျိုးသမီး တစ်ဦးကိုပင် မနာလိုဖြစ်စေနိုင်လောက်အောင် ချောမောလှပသော နျဲ့ပုဖန်၏ ဦးခေါင်းမှ ဆံပင်များသည် ပြန့်လျှက် ဝေ့ဝဲကျလာသည်။
ဧကရာဇ်မင်းသည် သစ်သားဆံညှပ်ဖြင့် ဆီးနှောက်ထားခဲ့သော ထိုလှပသည့် ဆံပင်များကို အတန်ကြာ စိုက်ကြည့်၍ “တိုင်းပြည်ရဲ့ ဆရာနဲ့ မင်း ဘယ်လိုဆက်ဆံရေးရှိလဲ” လို့ မေးလိုက်သည်။
နျဲ့ပုဖန်က ဧကရာဇ်၏ လက်ထဲက သစ်သားဆံညှပ်ကို မြင်တာနဲ့ သဘောပေါက်သွားပြီး "မင်းဘုရင်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ကျုပ်က တိုင်းပြည်ရဲ ဆရာသခင် လက်ခံထားတဲ့ ဘုန်းကြီးတစ်ပါးပါ" ဟု ပြန်ပြောလိုက်သည်။
"ဘုန်းကြီး အလုပ်သင်လား" ဧကရာဇ်က “ဘာလို့ ဒီသတင်းကို မပြောပြတာလဲ” လို့ ပြန်ပြောလိုက်သည်။
“တိုင်းပြည် ဆရာသခင်က ကျုပ်ဟာ မိုက်မဲပြီးညံ့ဖျင်းတယ်လို့ ထင်ကောင်း ထင်နေနိုင်တာမို့ လောလောဆယ် ဒီသတင်းကို မတင်ပြရသေးတာနေမှာပါ။ နောင် အဆင်ပြေလာမှ လျောက်တင်ဖို့ထင်ပါတယ်''
ဧကရာဇ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ စိတ်ကူးယဉ်မိသလား မသိသော်လည်း နျဲ့ပုဖန်သည် တစ်ဖက်သူ၏ မျက်လုံးများထဲတွင် တောက်ပနေသော အပြုံးတစ်ခုကို မြင်လိုက်ပုံရသည်။
"ဒီကိစ္စကို စိစစ်ဖို့ တိုင်းပြည်ရဲ့ဆရာကို ငါကိုယ်တော်ပြောလိုက်မယ်။ မင်းကို ငါ တွေ့တာဆိုတော့ အမောင်မင်းဟာ တော်ဝင် အစေခံအဖြစ်နဲ့ တစ်ချိန်လုံး ငါ ကိုယ်တော်အနားမှာ နေရမယ်''
နျဲ့ပုဖန်မှာ မယုံသင်္ကာဖြစ်နေသည် - "အရှင်မင်းကြီး၊ အရှင့်ရဲ့ အိမ်ထောင်ရေးကိုဖောက်ပြန်တယ်လို့ သံသယ ရှိသူကို အရှင့် ဘေးနားမှာ ထားရတာ နှစ်သက်သလား''
"အတင့်ရဲလိုက်တာ" မိန်းမစိုးက ထပ်ပြီး ကြိမ်းမောင်းလိုက်၏။
ပတ်ဝန်းကျင်ရှိ အစောင့်များသည် မျက်လုံးများကို ငိုက်ကာ ခေါင်းငုံ့ထားကြသည်။ ၎င်းတို့၏ အမူအရာများ တစ်စုံတစ်ရာ အမှားအယွင်း မရှိစေရန် ကြိုးစား ထိန်းချုပ်နေကြပုံရသည်။
ဧကရာဇ်မင်းသည် ဘာပြောရမှ မသိ ဖြစ်သွားပြီးကာမှ ...
"မင်း မဟုတ်ကြောင်း ငါ သေချာနေပြီပဲ..."
ထိုအမျိုးသားသည် အိမ်ထောင်ရေး ဖောက်ပြန်သည့် စကားလုံးကို မည်သို့ပင် မပြောနိုင်ပါသနည်း။
နျဲ့ပုဖန် သည် ပို၍ပင် မယုံနိုင်လောက်အောင်ပင်ထပ်မေးလိုက်သည်။
“အရှင်မင်းကြီး၊ အရှင်ဟာ တကယ်ကို ပညာဉာဏ် ကြီးမြတ်ပါပေတယ်''
ဧကရာဇ်မင်းရဲ့ ကြင်ယာတော်ဟာ တခြားယောကျ်ားနဲ့ တိတ်တိတ်ပုန်း ညားနေတာကို သည်ဘုရင်တကယ်ပဲ ဒေါသ မဖြစ်ဘူးလား။
အပြစ်ရှိသည် ဖြစ်စေ၊ အပြစ်ကင်းသည် ဖြစ်စေ ဒေါသပြေစေဖို့ အနည်းဆုံးတော့ ဦးခေါင်း ဖြတ်ရမှာ မဟုတ်ဘူးလား။
ဧကရာဇ်သည် လက်ချောင်းများတွင် နားမလည်နိုင်သော ယားယံမှုကို ရုတ်တရက် ခံစားလိုက်ရပြီး နျဲ့ပုဖန်ကို စူးစူးရှရှ ကြည့်လိုက်သည်။
နျဲ့ပုဖန်လည်း တုန်လှုပ်သွားပြီး ...
“အရှင်မင်းကြီး၊ ကျုပ်အပေါ် သံသယများ ကင်းစင်သွားပြီဆိုရင်လည်း ကျုပ်ကို အဝတ်တစ်ထည် ပေးဖို့ လျှောက်တင်ပါရစေ၊ ကျုပ် တော်တော် ချမ်းနေပါပြီ''
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။