Chapter - 66
ထူးခြားသော ဆက်ဆံရေး
နောက်တစ်နေ့မှာတော့ စုချန်းယီက လူတိုင်းကို ခေါ်ပြီး စကား ပြောခဲ့တယ်။
"အရင်နေ့ ခေါင်းဆောင် ဝေဆိုတဲ့ လူ ဒီကိုရောက်လာပြီး ပစ္စည်းတစ်ခု လာတောင်းတယ်"
"အိုး၊ အဲဒါ ဘာလဲ" ရှန်းမုလန်က သူ့နှာခေါင်းကို လက်ကိုင်ပုဝါနဲ့ အုပ်ရင်း မေးလိုက်၏။
အခြားသူများကလည်း သိလိုသော အကြည့်ဖြင့် ကြည့်နေကြသည်။
စုချန်းယီက ဆက်ပြော၏။
"တုန်းရှန်းရှောင်းဖူဟာ အစောပိုင်း နှစ်တွေမှာ ပွားပေါင်ရဲ့ ရတနာသိုက်မှာ မြှုပ်နှံထားတဲ့ ရတနာ တစ်ခု ရှိတယ်လို့ သူ သံသယရှိနေတယ်။ ရတနာ စာရင်းတွေ ပြီးသွားတဲ့အခါ သူ့ကို အဲ့ရတနာ ပြန်ပေးဖို့မျှော်လင့်တယ်လို့ ပြောသွားတယ်''
"ရတနာ ဆိုတာ ဘာလဲ" လီဟွေ့ က မေး၏။
"သူက ငါ့ကို ပုံဆွဲခဲ့ပေးတယ်၊ ကြည့်လိုက်" စုချန်းယီက ပုံအား စားပွဲပေါ် ဖြန့်လိုက်သည်။
ချွမ်ကျွင်းဟူသော အမည် စာလုံး နှစ်လုံးကို ဓားရိုးပေါ်တွင် ရေးထားသည့် ရိုးရှင်းသော ဓားရှည် တစ်ချောင်းကို သူတို့ မြင်လိုက်ရသည်။
"ချွမ်ကျွင်း၊ ဟုတ်လား" လီရီက အံ့အားသင့်စွာပြော လိုက်၏။ “လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီတုန်းက သခင် ဝူယဲ့ကျီရဲ့ ဓားတစ်လက်ပဲ။ အဲ့ဓားက သံကိုတောင် ရွှံ့နွံကဲ့သို့ ဖြတ်တောက်နိုင်တဲ့အတွက် သိုင်းလောကမှာ ကျော်ကြာခဲ့ပေမယ့် နောက်ပိုင်းမှာ နားမလည်နိုင်အောင် ပျောက်ကွယ်သွားခဲ့တယ်။ သူ့ကို ပညာရှိကြီး ပွားပေါင်းက စုဆောင်းခဲ့တာ ဖြစ်နိုင်သလား“
"ချွမ်ကျွင်း ..." နျဲ့ပုဖန်လည်း ရေရွတ်လိုက်သည်။ ဝေဒီ မွေးမြူထားသော ကြောင်ကို ဤအမည်ဖြင့် ခေါ်သည်ကို သူ သတိရမိ၏။ ဝေဒီသည် ဤဓားကို အလွန် စွဲလမ်းနေပုံရသည်။
"ဘာလို့လဲ၊ ကြားဖူးလို့လား" လီရီက သူ့ကို မယုံသင်္ကာ တစ်ချက် ကြည့်လိုက်သည်။
နျဲ့ပုဖန်က ပခုံးတွန့်လိုက်ပြီး "မင်းတို့ ပြောနေတာကို ငါ နားမထောင်ရဘူးလား''
"အဲ့နေ့က ရတနာသိုက်ကို စူးစမ်းတုန်းက ဒီဓားကို တွေ့ဖူးလား" စုချန်းယီ က ထပ်မေးသည်။
အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါ၍ ပြန်ဖြေကြ၏။
ထိုတွင် ရှန်းမုလန်က “ငါတို့ မမြင်ဖူးပေမယ့် မရှိဘူးလို့ မဆိုနိုင်ဘူး။ နောက်ဆုံး ငါတို့က ရတနာသိုက်ရဲ့ တစ်စိတ် တစ်ပိုင်းကိုပဲ စူးစမ်းပြီးခဲ့တာ”
စုချန်းယီက ခေါင်းညိတ်ပြီး လူတိုင်းကို လှည့်ကြည့်ရင်း "အခု မင်းတို့ရဲ့ထင်မြင်ချက်ကို ငါ မေးချင်တယ်၊ ဒီဓားကို တကယ် တူးဖော် တွေ့ရှိခဲ့ရင် ခေါင်းဆောင် ဝေဆီ ပြန်ပေးဖို့ သဘောတူလား"
အမှန်တော့ သည်းခွန်းကို မေးစရာပင် မလိုပေ။ ခေါင်းဆောင် ဝေရဲ့ ဂုဏ်သတင်း အရှိန်အဝါ တန်ဖိုးက ဓားထက် အဆပေါင်းများစွာ မြင့်မားတာကြောင့် သူ့ တောင်းဆိုမှုကို ငြင်းစရာ အကြောင်း မရှိ။
သို့သော် နျဲ့ပုဖန်က ရုတ်တရက် မေးလိုက်သည် "သူ ဒီဓားကို ဘာနဲ့ လဲလှယ်မှာလဲ"
လူတိုင်းက သူ့ကို ကြည့်ကြ၏။
နျဲ့ပုဖန်က ထပ်ပြော ပြန်သည်။
"ဓားကို သူ ပိုင်တယ်လို့ ပြောခဲ့သလား၊ စကား တစ်ခွန်းတည်းနဲ့ မင်းတို့က သူ့ကို ဘာလို့ လိုက်လျောခဲ့တာနဲ့၊ သူက မျိုးရိုး မြင့်ပြီး အရှိန်အဝါကြီးတယ် ဆိုတော့ မင်းတို့ကရော အရှိန်အဝါကြီးတဲ့ သူတွေပဲ မဟုတ်ဘူးလား''
လူတိုင်း စကား မပြောနိုင် ဖြစ်သွားကြ၏။
"ဒါ့အပြင် သူက အနာဂတ်မှာ လောဘကြီးပြီး ပွားပေါင်ရဲ့ ရတနာသိုက်မှာ ဝှက်ထားတဲ့ တခြား ရတနာတွေကို လိုချင်လာရင်ရော မင်း အားလုံး သူ့ကို ရတနာသိုက်ထဲ ခေါ်သွားကြမှာလား''
လူကြီး လူကောင်း တစ်ယောက်ရဲ့ စိတ်နေ သဘောထားကို သူ့ စိတ်နဲ့ နှိုင်းနေသော နျဲ့ပုဖန်အား အားလုံး ဝိုင်း၍ မေတ္တာပို့နေကြလေသည်။
"ဒါဆို မင်း ဘာလုပ်ချင်လဲ" စုချန်းက သူ့ ထိုင်ခုံပေါ် မှီပြီး စိတ်ဝင်တစား မေးကြည့်လိုက်၏။
"ငါ့ ကြက်သိုက်ရွာကို ဝင်ချင်ရင် ဘာမှ အလကား မရဘူး သိလား။ မင်းမှာ ပိုက်ဆံရှိရင် ပိုက်ခံအဖိုးအခ ပေးရမယ်၊ မင်းမှာ ပိုက်ဆံ မရှိရင် အနည်းဆုံး လူ လုပ်အား ပေးရမယ်"
မင့်ရွာက လူတွေကို ဓားပြတိုက်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့ ဓားပြရွာကြီး မို့လို့လားဟ။
“အဟမ်း'' စုချန်းယီ က ချောင်းတစ်ချက်ဟန့်ကာ နျဲ့ပုဖန် စကားကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။
"လူတိုင်းက ကန့်ကွက်စရာ မရှိဘူးဆိုရင် သဘောတူတယ်လို့ ဆုံးဖြတ်လိုက်တော့မယ်''
"ကန့်ကွက်စရာ မရှိဘူးလို့ ဘယ်သူ ပြောလဲ" နျဲ့ပုဖန်က တစ်စခန်း ထပြန်၏။
"မင်း ငါ့ကို မရှိသလို ဆက်ဆံနေတာလား"
သို့ရာတွင် လီရီသည် ခပ်တည်တည် မျက်နှာထားဖြင့် ထကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် အခြားသူများလည်း စားပွဲမှ တစ်ယောက်ပြီး တစ်ယောက် ထ၍ ထွက်သွားကြ၏။
"ဟေ့၊ မင်းတို့ ဒီအတိုင်း ထွက်သွားကြတော့မှာလား''
နျဲ့ပုဖန်က လူတိုင်းရဲ့ ကျောကို ကြည့်ပြီး “ငါက ရွာသူကြီး၊ ငါ့ အမိုးအောက်မှာ တည်းခိုနေတဲ့ ကောင်တွေက ဘယ်လိုလုပ် ဒီလောက် မာနကြီးရတာလဲ။ ငါ့ အိမ်ငှားခတွေ တိုးလာမှာကို မင်းတို့ သတိထား။ အိမ်ငှားခတွေ တိုးကောက်ပစ်မယ်၊ သေချာပေါက်''
ဤသို့ဖြင့် အားလုံး ထွက်သွားကြသော အခန်းလွတ်ထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သော နျဲ့ပုဖန်မှာ ဝမ်းနည်းပူဆွေး နွမ်းနယ်နေ၍ ကြက်သီးမွေးညင်း ထရုံမက ငိုကြွေးနေရုံသာ တတ်နိုင်သည်-- သူ့ဂုဏ်သိက္ခာသည် ဤမျှလောက်အထိ ပြိုလဲသွားချေပြီ။ ဒါက လက်တွေ့ဘဝပဲ။
နောက်တစ်နေ့တွင် ဝေဒီနှင့် သူ့အစေခံ တစ်သိုက် ကြက်သိုက်ရွာသို့ ထပ်မံ ရောက်ရှိလာသည်။
ဧည့်သည်များ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ကြက်သိုက် ကျေးရွာရှိ လူတိုင်းသည် နျဲ့ပုဖန်အား ခေတ္တ ခွဲထားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး၊ ဝေဒီနှင့် သူ့အား မည်သည့် အဆက်အသွယ်မှ မပြုနိုင်ရန် စီစဥ်ခဲ့ကြသည်။
ဝေဒီက ရွာတွင် မူမမှန်တာကို သတိမထားမိပေ။ သူ့ တောင်းဆိုချက်ကို အားလုံးက သဘောတူကြောင်းကြားတော့ သူ စိတ်ကျေနပ်ကာ စကားဝိုင်းကလည်း နွေးထွေးနေခဲ့၏။
ဝေဒီ ရွာမှ ထွက်ခါနီးတွင် ပြတင်းပေါက်နား၌ အေးအေးလူလူ ဝပ် နေသည့် ကြက်တစ်ကောင်ကို အမှတ်မထင် ငေးကြည့်မိသည်။ အဝါရောင် အမွေးအတောင်များနှင့် အနက်ရောင် အစင်းကြောင်းများရှိသော ကြက်သည် သာမာန် ကြက်များထက် ခမ်းနားထည်ဝါ၏။ ကြက်တစ်ကောင်ဖြစ် ရှိသော်လည်း သိုးစု၏ ဘုရင်ကဲ့သို့ အရှိန်အဝါရှိ၏။
ဝေဒီသည် တစ်စုံတစ်ယောက်၏ ဘေးတွင် အကြိမ်ပေါင်းများစွာ မြင်ဖူးသည့် ရွှေခဲဟု ခေါ်သော အိမ်မွေးကြက်ကို အသေအချာ မှတ်မိသွားသည်။ ရွှေခဲက သည်ကို ရောက်နေတာဆိုတော့ ထိုသူလည်း သည်နား တစ်ဝိုက်မှာ ရှိနေလိမ့်မယ်။
ဝေဒီက ပြန်ခါနီးပြောမယ့် နှုတ်ဆက် စကားတွေကို မျိုချလိုက်ပြီး သည်ရွာမှာ လျှောက်လည်ရရင် ကောင်းမလားဟု မေးလိုက်၏။
စုချန်းယီနှင့် အခြားသူများသည် သဘာဝကျကျ ငြင်းဆိုနိုင်ဖွယ်ရာ အကြောင်း မရှိ၍ ရှေ့ကသာ ဦးဆောင်၍ လမ်းပြပေးကြသည်။
ထိုစဥ် ဝေဒီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်– “ကြက်သိုက်ရွာက ရွာလူကြီး ပြန်ရောက်ပြီလား မသိဘူး။ အရင်တစ်ခေါက် လာတုန်းက သူနဲ့ မတွေ့ခဲရဘူးဆိုတော့ ဒီတစ်ခေါက်တော့ တွေ့ဖို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ သူက ပညာရှိကြီး ပွားပေါင် ရဲ့မျိုးဆက်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် ကျွန်တော် သူ့ကို တော်တော်လေး သိချင်နေတယ်”
သည်ကောလဟာလဟာ ကျန်းကျွင်းရှီက ရည်ရွယ်ချက်ရှိရှိ ဖြန့်ထားတာဖြစ်ပြီး သူသည် နျဲ့ပုဖန် အတွက် နောက်ခံကောင်းတစ်ခုကို တမင်ဖန်တီးပေးထားရုံသာ ဖြစ်၍ လူသိရှင်ကြား အလွန်အကျွံ မဖြန့်ဝေခဲ့ပေ။ သူသည် ပြင်ပလောကသို့ အချက်အလက် အနည်းငယ်ကိုသ ာဖြန့်ဝေခဲ့ပြီး ကျန်ဇာတ်လမ်းများကိုတော့ လူတို့က သဘာဝအတိုင်း ပုံကြီးချဲ့ကားခဲ့ကြတာ ဖြစ်သည်။
''အဲ... ရွာသူကြီးလား၊ သူက…”
စုချန်းယီက စကားလွှဲဖို့ အကြောင်းရှာနေစဥ် ပန်းပွင့် မိန်းကလေးနှင့် ပိုးကောင်လေးတို့က အနားမှ ဖြတ်လျောက်သွားလေသည်။
၎င်းတို့သည် ဝေဒီကို မြင်လိုက်သောအခါတွင် သူတို့၏ အမွေးအတောင်များ ထောင်မက်လာကာ စူးစူးရဲရဲ တောက်နေသော မျက်လုံးများဖြင့် ဝေဒီအားကြည့်ကာ ပြင်းစွာ အော်ဟစ်နေလေ၏။
သူတို့၏ အော်ဟစ်သံများသည် ရန်သူ တိုက်ခိုက်မှု အချက်ပေးသံကဲ့သို့ ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ ကြက်များလည်း အော်ဟစ်၍ တကောင် ပြီးတကောင် ထွက်ပေါ်လာသည်။ တစ်မူထူးခြားသော ကျွမ်းကျင်မှုရှိသော ကြက်များသည် ထောင့်ပေါင်းစုံမှ ခုန်ပေါက်ကာ ပျံသန်း၍ မြေပြင်တွင် တိုက်စစ်ပုံစံကို ဖော်လိုက်ကြသည်။ ခဏအကြာတွင် ဝေဒီနှင့် အခြားသူများသည် ကြက်ပင်လယ် ကြားတွင် ဝိုင်းရံခံထားရတော့၏။
ဝေဒီသည် ပတ်ဝန်းကျင်၏ ရုတ်တရက် အခြေအနေကြောင့် တအံတသြ ဖြစ်သွားသည်။ ကြက်သီးများ ပြည့်နေသော မြင်ကွင်းကို ကြည့်ကာ ထိုမြင်ကွင်းက သူ့ကို အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေ၏။ တစ္ဆေပွဲတော်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို အမှတ်ရစေသည်။
သူသည် စုချန်းယီနှင့် အခြားသူတို့ထံမှ အကူအညီ ရှာရန် ကြိုးပမ်းသော်လည်း ၎င်းတို့ အားလုံးသည် တညီတညွတ်တည်း ဆုတ်ခွာသွားနှင့်ကြပြီး သူ့နှင့် ဝေးကွာသော အကွာအဝေးတွင် ရှိနေကြသည်ကို သူ မြင်လိုက်ရသည်။
ဝေဒီက အံ့အားသင့်စွာဖြင့် ကြည့်နေရာတွင် ခေါင်းနောက်ဘက်မှ လေပြင်းတိုက်လာသည်ကို ခံစားလိုက်ရသောကြောင့် သူ လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူ့ ပခုံးနားမှ ကြက်တစ်ကောင်သည် အရှိန်ပြင်းပြင်းနဲ့ ဖြတ်ပျံသွားပြီး သူ့ မျက်နှာကို ၎င်းက အတောင်ပံတွေနဲ့ ရိုက်ခတ်သွားလေ၏။
ဝေဒီမှာ ဒေါသ ဖြစ်ရန် အချိန်မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ကြက်များသည် သူ့ဆီသို့ အပြေးအလွှား ပြေးလာကြပြီး ဖုန်မှုန့်များ ကြားပျံဝဲကာ အမွေးအတောင်များလူးခတ်၍ ရန်ပြုဟန်ပြင်နေကြသောကြောင့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုတွင် သူသည် ခေါက်ထားသော ယပ်တောင်ကို ခါးပတ်ကြားမှ ဆွဲထုတ်ကာ ပတ်ချာလည်လှည့်ပတ်၍ အနီးနားရှိ ကြက်များကို တိုက်ခိုက်ကာ ခြံဝင်းပေါ် ခုန်၍ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွားခဲ့သည်။
ဝေဒီ အံသြထိတ်လန့်စွာ တွေးမိသည်။
စုချန်းယီနဲ့ တခြားသူတွေက သူ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး၊ သူတို့ သည်လိုလုပ်ဖို့ အကြောင်း မရှိဘူး။ သူ့ကိုတကယ် လုပ်ကြံ တိုက်ခိုက်ချင်နေရင်တောင်မှ သည်အလုပ်ကို လုပ်ဖို့ ကြက်တွေကို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပေးမှာ မဟုတ်လောက်ဘူး။
သူသည် အောက်က လူ အနည်းငယ်ကို လှမ်းကြည့်ကာ အကဲခတ်လိုက်၏။ ၎င်းတို့ အားလုံး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ရှိနေကြပြီး အားလုံးမှာ အလွန် ထိတ်လန့်နေကြသည်ကိုမြင်လိုက်ရသည်။
"ထူးဆန်းလိုက်တာ၊ ကြက်တွေက ခေါင်းဆောင် ဝေကို ရုတ်တရက် ဘာလို့ တိုက်ခိုက်တာလဲ" ရှန်မုလန်မှာ စိတ်ရှုပ်ထွေးသွား၏။
"နျဲ့ပုဖန် လုပ်နေတာ ဖြစ်နိုင်တယ်''
စုချန်းယီက သူ့အတွေးနဲ့ သူ မှန်းဆပြီးမှ ခေါင်းခါလိုက်ပြီး ...
"မဟုတ်သေးဘူး။ အဲ့ကောင်က သူကိုယ်တိုင်ကို ဒါမှမဟုတ် သူ့ အိမ်မွေးတိရစ္ဆာန် ကြက်တွေကို မစော်ကားဘူးဆိုရင် တခြားသူတွေကို တိုက်ခိုက်ဖို့ အကြောင်းပြချက် မရှိဘဲ ကြက်တွေကို ခိုင်းမှာမဟုတ်ဘူး"
လီဟွေ့က ကြက်များနှင့် တိုက်ခိုက်နေသော ဝေဒီကို ကြည့်ကာ “ငါတို့ အခု ဘာလုပ်သင့်လဲ။ ငါတို့သွားကူရမလား"
"ကူညီမှာလား" စုချန်စယီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "သေချာလား"
သို့သော် လီဟွေက လည်ပင်းကို ငုံ့လိုက်ပြီး “တော်ပါပြီ၊ မေ့လိုက်တော့။ ခေါင်းဆောင် ဝေရဲ့ သိုင်းပညာနဲ့ဆို သူ ရှုံးမှာ မဟုတ်ဘူး''
နောက်ဆုံးတော့ သူတို့ အားလုံး ရှက်ရွံ့စိတ် ကိုယ်စီနဲ့ နောက်ဆုတ်နေရုံသာ တတ်နိုင်ကြလေသည်။ သူတို့ အားလုံး သည်ကြက်အုပ်နဲ့ စစ်ခင်းခဲ့ဖူးသူတွေချည်းပဲ။
ဝေဒီသည် တိုက်ခိုက်နေရင်း ပို၍ စိတ်တိုလာသည်။ ကြက်များသည် သံမဏိဖြင့် ပြုလုပ်ထားသည့်နှယ် ဘာပဲလုပ်လုပ် ၎င်းတို့ကို မသတ်နိုင်ဖြစ်နေ၏။ ၎င်းတို့ကို ဘယ်လို မွေးမြူထားတာလဲ။
ဤသို့ဖြင့် ဝေဒီသည် တစ်စုံတစ်ခုကို အမှတ်တမဲ့မြင်သွားပြီး လှည့်ကြည့်ကာ၊ တိုက်ခိုက်နေတာကို ရုတ်တရက် ရပ်လိုက်၏။ ထိုအရာသည်မျက်နှာချင်းဆိုင် အိမ်ခေါင်မိုးပေါ်မှ ဖြစ်ပြီး သူတို့အခြေအနေကို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေပုံရသည်။ ထိုသူအား သူ၏ အလွန်ကောင်းမွန်သောမျက်လုံးများက တန်း၍ မှတ်မိသွားသည်။
၎င်းမှာ သူ ရက်ပေါင်းများစွာ ရှာနေခဲ့သော ဒွမ်ယုဖြစ်၏။
အသေအချာပဲ၊ သူ တစ်လျှောက်လုံး ဒီမှာရှိခဲ့တာလား၊ သည်တစ်ခါရော ငါ့ လက်က လွတ်မြောက်နိုင်မလား ကြည့်လိုက်ရအောင်။
ထို့နောက် ဝေဒီသည် ယပ်တောင် ကိုအပါးပါ ဝှေ့ယမ်းကာ တိုက်ခိုက်နေသော ကြက်များကို ရိုက်လိုက်ပြီးနောက် ပြန့်ကျဲသွားသော ကြက်များ ကြားမှ ခုန်ကာ မျက်နှာချင်းဆိုင် အိမ်၏ ခေါင်မိုးဆီသို့ ခုန်တက်သွားခဲ့သည်။ နတ်ဘုရား တစ်ပါးကဲ့သို့ လေထဲမှ ဆင်းသက်လာသော ဝေဒီသည် နျဲ့ပုဖန်၏ အရှေ့တွင် ရပ်လိုက်၏။
နျဲ့ပုဖန်က သူ့ကို မော့ကြည့်ရာ နေရောင်ထိုးသောကြောင့် မျက်လုံးများ မှိတ်ထားရသည်။
"နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီ" ဝေဒီက ငုံ့ပြီး နျဲ့ပုဖန်ကို သူ့ အနားသို့ ဆွဲယူလိုက်၏။
“မင်း ငါ့ဆီကနေ ထွက်ပြေးဖို့ သတ္တိရှိတယ်ဆိုတော့ အပြစ်ပေးခံရဖို့လည်း မင်း အသင့်ပြင်ထားပြီးသား ဖြစ်ရမယ်”
နျဲ့ပုဖန်က ပြုံးပြီး "ဦးလေး ခေါင်းဆောင်ကြီး၊ မတွေ့ရတာ နည်းနည်း ကြာပြီနော်၊ ဒါပေမယ့် မင်းက အရင်အတိုင်းပဲ ကြည့်ကောင်းတယ်" လို့ ပြောလိုက်၏။
သူ စကား ပြောနေစဉ်တမှာ ဝေဒီက လက်တစ်ဖက် မြှောက်ကာ ခေါင်းပေါ်မှ ကြက်မွေး တစ်ချောင်းကို ဖယ်ပေးလိုက်၏။
ထို့နောက် ဝေဒီက က သူ့ကို အေးစက်စက်ကြည့်ကာ “ငါ့ကို ဘာလို့ထားခဲ့တာလဲ'' လို့ ကပ်၍ မေးလိုက်သည်။
"ဒါက နည်းနည်းတော့ ပြောဖို့ခက်တယ်၊ ငါ မပြောတတ်ဘူး''
နျဲ့ပုဖန်က စကား နားမထောင်သဖြင့် ဝေဒီသည်စိတ်တို၍ အော်ကာ ခါးကို ချိတ်၍ မြေပြင်ပေါ်သို့ ပြန်လှဲချလိုက်၏။ လက်ကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ချုပ်ထားသောကြောင့် နျဲ့ပုဖန်ထပ်မလွတ်မြောက်နိုင်ပေ။
ဒါကို မြင်တဲ့ စုချန်းယီတို့မှာ ဆိုးရွားတဲ့ ခံစားချက်ကြီးရလိုက်ပြီး အနားသို့ အပြေးလိုက်လာကြ၏။
စုချန်းယီက ချီတုံချတုံနဲ့ အောက်ကနေ အော် မေးလိုက်၏။ “ခေါင်းဆောင် ဝေ၊ ရွာသူကြီး နျဲ့ပုဖန်နဲ့ အသိတွေလား၊ သူ မင်းကို ဘာတွေများ စော်ကားခဲ့သလဲ မသိဘူး"
"ရွာလူကြီး နျဲ့၊ ဟုတ်လား" ဝေဒီ၏ စူးရှသောအကြည့်သည် နျဲ့ပုဖန် အပေါ် ကျရောက်လာပြီး "မင်းက နျဲ့ပုဖန်လား" ဟု အေးစက်စွာ မေးလိုက်သည်။
နျဲ့ပုဖန်လည်း အခိုင်အမာ ခေါင်းညိတ်လိုက်၏။
"ဒါဆို ဒွမ်ယုက ဘယ်သူလဲ" ဝေဒီက မသင်္ကါတဲ့ လေသံနဲ့ ဆက်မေးလိုက်သည်။
နျဲ့ပုဖန်က ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်၏။
– “မေ့သွားပြီလား။ ကိုယ့်ကိုယ်ကိုယ် ပထမဆုံး မိတ်ဆက်တုန်းကတော့ နာမည်ပြောင်က ဒွမ်ယု လို့ ပြောဖူးတယ် ၊ နာမည်ပြောင်ဆိုတာ သဘာဝအရ သင့်တော်တဲ့ နေရာမှာ သုံးရတယ်၊ နျဲ့ပုဖန် ဆိုကတာတော့ ငါ့ နာမည် အမှန်ပဲ"
ဝေဒီ၏ တင်းကျပ်စွာ ချုပ်ထားသော လက်မှ နျဲ့ပုဖန်က ရုန်းလိုက်သည်။
“အီးယား၊ လွှတ်စမ်းပါ။ အများသူငါ ရှေ့မှာ နေ့ခင်းကြောင်တောင်ကြီး အပြစ်မဲ့သူကို နှောင့်ယှက်နေတာက အရမ်း အောက်တန်းကျပြီး မသင့်လျော်ဘူး”
အပြစ်မဲ့သူတဲ့လား။ ကြက်သိုက် ကျေးရွာရှိ လူတိုင်း၏ မျက်နှာများသည် အဖြူမှ အမည်းသို့ပြောင်းကာ နျဲ့ပုဖန်အား သတ်ချင်၊ ဖြတ်ချင်၊ ပါးပါးလှီးချင်သော အကြည့်ဖြင့် စိုက်ကြည့်နေကြသည်။
သည်ကောင်က ဝေဒီနဲ့ ဘယ်လို ပတ်သက်လာတာလဲ။ ဆက်ဆံရေးက ရိုးရိုးရှင်းရှင်း မဟုတ်သလိုပဲ၊ ထိုပြောင်ပြောင်တင်းတင်း ပိုင်စိုးပိုင်နင်း လုပ်နေတာကို ကြည့်ရင်၊ ကောက်ကျစ် စဥ်းလဲသော နျဲ့ပုဖန်က ဝေဒီနဲ့ ထူးခြားတဲ့ ပတ်သတ်မှု ရှိခဲ့လိမ့်မည်ဟု အားလုံးက ခန့်မှန်းနိုင်ကြသည်။ သည်ကောင် ဘာတွေလုပ်ခဲ့တာလဲ။ အဖြစ်ဆိုးတွေ မဖြစ်ပွားလာအောင် တားဆီးဖို့ သူတို့ ဘာတွေ လုပ်သင့်လဲ။
လူတိုင်း၏ နှလုံးသားများသည် လေးလံပြီး ဝမ်းနည်းလာသည်။
ထိုအချိန်တွင် ဝေဒီက နျဲ့ပုဖန်ကို လွှတ်လိုက်ပြီး "ငါ ဓား ရှာမတွေ့မချင်း ကြက်သိုက်ရွာမှာ ခေတ္တနေမယ်၊ စီစဉ်ပေးထားပါ''
ဟု ပြောလိုက်သည်။
နျဲ့ပုဖန်က ပြတ်ပြတ်သားသား ငြင်းတော့မည် ပြင်သော်လည်း စုချန်းယီနှင့် အခြားသူများက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတာ မြင်လိုက်သောကြောင့် မတတ်နိုင်ပဲ ...
“ဒီမှာ၊ ခင်ဗျားလည်း မြင်တယ် မဟုတ်လား၊ ရွာက ကြက်တွေက ခင်ဗျားကို မကြိုဆိုဘူး”
ဝေဒီသည် သူ့ ပတ်ဝန်းကျင်ရှိ မာန်ဖီနေသည့် ကြက်များကို လုံးဝ ဂရုမစိုက်ပေ။ သူက ပေါ့ပေါ့ပါးပါးနဲ့ထပ်ပြော၏။
"ဒါဆို ငါ မင်းနဲ့ နေမယ်လေ''
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် စုချန်းယီနှင့် အခြားသူများ၏ မျက်လုံးထဲမှ ဓားများက ဝေဒီထံသို့ ဦးတည်လာကြသည့်နှယ်။
နျဲ့ပုဖန်က လက်ကို ဝှေ့ယမ်းပြီး ...
''တွေ့လား၊ တွေ့လား၊ တစ်ရွာလုံးက မင်းကို မကြိုဆိုဘူး”
ဝေဒီက တခြားလူတွေကို တစ်ချက်ကြည့်လိုက်ပြီးဆက်ပြောသည်။
"မင်းက ရွာလူကြီး မဟုတ်လား၊ ဒီနေရာက မင်းအုပ်ချုပ်နေတာ၊ မင်း ပြီးရင် ပြီးတာပဲလေ''
ထိုအခါ နျဲ့ပုဖန်က ဝေဒီ၏ ပုခုံးပေါ် လက်တင်လိုက်ပြီး ...
“ခင်ဗျားမှာ တောက်ပတဲ့ အနာဂတ်ရှိတယ် ဆိုတာ အံ့သြစရာ မဟုတ်ဘူးပဲ၊ ဒီရွာရဲ့ ရွာလူကြီး ငါက ခင်ဗျားကို သဘောကျတယ်” ဟု နျဲ့ပုဖန်က လက်ခံစကား ပြောလိုက်လေသည်။
ထိုအခါ လူတိုင်းရဲ့ လူသတ်သမား မျက်လုံးတွေကို သူ့ဆီ တစ်ဖန် ပြန်လှည့်လာပြန်သည်။
နျဲ့ပုဖန်က ၎င်းတို့ကို အရေးမစိုက်ပါ၊ ဝေဒီ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။
''ဦးလေး ခေါင်းဆောင်ကြီး၊ ဒီမှာ ကိုယ့်အိမ် ကိုယ့်ရာလိုပဲ သဘောထားပြီးနေပါ။ ငါ ခင်ဗျားအတွက်အိမ်တစ်လုံး စီစဥ်ပေးမယ်''
"မင်းနဲ့ အနီးဆုံး အိမ်ကို ရှာပေးပါ"
ဝေဒီက တောင်းဆိုလိုက်၏။
ကျန်းကျွင်းရှီနှင့် လီရီတို့မှာ ချက်ချင်း အကျပ်ရိုက်သွား၏။ သူတို့ နေထိုင်သည့် အိမ်များသည် နျဲ့ပုဖန် အိမ်၏ ဘေးချင်း ကပ်ရပ် ညာဘက်နှင့် ဘယ်ဘက်တွင် ဖြစ်သည်။
ကံကောင်း ထောက်မစွာ၊ နျဲ့ပုဖန် ဆိုသောသူ သည် လုံးဝ ယုတ္တိ မရှိသောသူ ဖြစ်သောကြောင့် သူ ဝေဒီကို ပြောလိုက်ပုံမှာ..
“ငါ့အိမ်ရဲ့ တစ်ဖက်တစ်ချက်စီက အိမ်တွေမှာ လူတွေပြီးသား ဖြစ်နေတယ်။ ငါ့နဲ့ အနီးဆုံး နေရာမှာ နေရမယ် ဆိုရင် အိမ် အနောက်မှာ ဝက်မွေးဖို့ဆောက်ထားတဲ့ အိမ်တစ်ခု ရှိတယ်၊ အခုထိ အဲ့ထဲမှာ ဝက်တွေ မမွေးထားရသေးတဲ့အတွက် သန့်ရှင်းရေး လုပ်လိုက်ရင် တော်တော်လေး နေလို့ အဆင်ပြေပါတယ်”
ဝေဒီ အကြာကြီး ငြိမ်သက်သွားပြီးမှ “ငါ့ကို သာမန် အိမ်တစ်လုံးပဲ ရှာပေးပါတော့၊ အကွာအဝေးက ပြဿနာ မဟုတ်ဘူး။ အရေးကြီးသော အချက်က အိမ်ဆိုတာ လူနေအိမ်ပဲ ဖြစ်ရမယ်''
ဤသို့ဖြင့် ခေါင်းဆောင် ဝေသည် ကြက်သိုက်ရွာ၌ အခိုင်အမာ အခြေချနေထိုင်ခဲ့တော့၏။
သူသည် နျဲ့ပုဖန်နှင့် ထူးခြားသော ဆက်ဆံရေးကိုလည်း အခွင့်ကြုံသလို လုပ်ဆောင်နေခဲ့၏။ သို့သော် တစ်ယောက်သော သူသည် တစ်ရွာလုံး၏ ဘုံပိုင် ပန်းပွင့်ကလေး ဖြစ်နေခဲ့ခြင်းကိုတော့ မသိခဲ့ရှာပေ။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။