Chapter - 98
အနံ့နဲ့တင် ခွဲခြားသိနိုင်တယ်
နျဲ့ပုဖန်သည် သူ၏ လက်ရှိအခြေအနေကို မသိ၊ သူ့ အသိစိတ်မှာ ကြည်လင်နေသော်လည်း သူကိုယ်တိုင် မနိုးထနိုင်ပေ။
သူ့ အသိစိတ်ထဲတွင် ဟိုးအရင်တုန်းက အမှတ်တရတွေက ရုပ်ရှင် အနှေးပြကွက်လိုမျိုး တစ်စတစ်စပေါ်ပေါ်လာတတ်သည်။
ဒါပေမယ့် သူသာ သည်အမှတ်တရတွေထဲ ပိတ်မိပြီး သေသွားခဲ့ရင် နောင်တ အကြီးအကျယ်ရမှာသေချာသည်။
ပွင့်ပွင့်လင်းလင်း ပြောရရင် သူ ထွက်သွားဖို့ အတော်လေး ဝန်လေးနေမိသည်။
ဒါက သူ့ရဲ့ အသက်ရှင် တစ်ဝက်၊ သေ တစ်ဝက်တဲ့ အခြေအနေကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ အသိစိတ်က သေဆုံးလိုက်ဖို့ကို နည်းအမျိုးမျိုး လှည့်ပတ်ပြီး ငြင်းဆန်နေတာကြောင့် ဖြစ်သည်။
အို...အရှင်ဘုရား ကျေးဇူးပြုပြီး ဒီတစ်ခေါက်အသက်ရှင်ခွင့် ထပ်ပေးရင်၊ ကျွန်တော်မျိုး ပြုံးပြုံးကြီး လက်ခံပြီး ဘဝကို ကောင်းမှု ကုသိုလ်တွေ လုပ်ရင်း ကုန်ဆုံးပါ့မယ် ဘုရား...။
နျဲ့ပုဖန် ဆုတောင်းလိုက်သည်။
နေ့တိုင်း သူ လုပ်နိုင်သမျှဟာ သူ့ စိတ်ထဲရှိတဲ့အတိုင်း နေထိုင်ရင်း ပျင်းရိ ငြီးငွေ့နေတဲ့ အလောင်းတစ်လောင်းလို တွေ့တဲ့ နေရာမှာ အိပ်နေခဲ့တာပဲ ဖြစ်သည်။ တစ်ခုတည်းသော ပျော်ရွှင်မှုမှာ ကြက်သိုက်ကျေးရွာသို့ ဧည့်သည်များ လာရောက်ရန် စောင့်ဆိုင်းရခြင်း ဖြစ်သည်။ ၎င်းတို့က သူ့ ကုတင်ပေါ်တက်လာပြီး စကားပြောကြမည်။ ရံဖန်ရံခါ ထိတွေ့ နမ်းရှိုက်ကြပြီး၊ စိတ်ဆန္ဒတွေ ဖြေဖျောက်ဖို့ကိုယ်လက်နှီးနှော ဆက်ဆံကြလိမ့်မည်။
နျဲ့ပုဖန် သူတို့နဲ့ နေရသည်မှာ လမ်းပျောက်နေ သော သိုးသူငယ်များ၏ ဝန်ခံစကားကို နေ့စဉ်နားထောင်နေရသကဲ့သို့ဖြစ်ကာ ၎င်းတို့၏ အတွင်းရေး လျှို့ဝှက်ချက်များ၊ ဝမ်းနည်းမှုများနှင့် ပျော်ရွှင်မှုများကို အတူတူ ဝေမျှတဲ့ ဘုန်းကြီးတစ်ပါးလို ခံစားခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် ၎င်းတို့၏ ထိခိုက်ဒဏ်ရာရနေသော နှလုံးသားများကို သက်သာစေရန် နှုတ်မှ မဖွင့်ဟနိုင်ခဲ့သည့် ခံစားချက်များကို သူက လှစ်ဟဖော်ထုတ်ခွင့် ပြုပေးခဲ့သည်။
သို့သော် သူတွင် ထူးထူးခြားခြား အကျိုးအမြတ် မရခဲ့ပေ။ အနည်းဆုံး သူ့ညီအစ်ကိုများကို ၎င်းတို့၏ ကိုယ်သင်းရနံ့ဖြင့် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိမြင်လာနိုင်သည်။
ဥပမာ၊ ကျန်းကျွင်းရှီတွင် ကြေးနီပြားများနှင့်တူသော ရနံ့ကို အမြဲရလေ့ရှိပြီး ရံဖန်ရံခါ အသီးအရွက် မျိုးစုံတို့ ရောနှောနေသော ရနံ့ကိုရသည်။ သူ့ ရနံ့ကို အရမ်းခံစားမိပါက နှာရည်ယိုခြင်း နှာချေခြင်းကို အလွယ်တကူ ဖြစ်စေနိုင်သည်။
လီရီ၏ ရနံ့က သံကဲ့သို့ အေးမြသော်လည်း အမှန်တကယ် ထိမိသည်နှင့် မီးရဲရဲကင်ထားသော တံဆိပ်ခတ်သံကဲ့သို့ ပူကျစ်နေပါသည်။ ဆောင်းရာသီမှာ သူ့ကို ဖက်ထားရတာ သက်တောင့်သက်သာ ရှိလှသည်။ သူ့ဆီမှ ရတဲ့ ခံစားမှုက နည်းနည်း ထူးဆန်း၏။
ပွေ့ဖက်ရန် အကောင်းဆုံးမှာ ဗုဒ္ဓကို ပူဇော်သော နံ့သာ အမွှေးတိုင်သဖွယ် ရနံ့ရှိသည့် ဝမ်ရှင်းချန် ဖြစ်ပြီး သူ့တွင် ငြိမ်းချမ်းမှုနှင့် အအေးဓာတ်ရှိသည့်အတွက် ပူအိုက်သော ရာသီဥတုအတွက် သင့်လျော်လေသည်။ သူနဲ့ စကား မပြောဖြစ်ရင်တောင်မှ စိတ်သက်သာရာ ရနိုင်စေပါသည်။
သည်လို ကွဲပြားမှုတွေ များစွာရှိနေပေမယ့် ပထမဆုံး အကြိမ်တုန်းက နျဲ့ပုဖန်သည် သူ့ကို လီရီနှင့်အထင်မှားခဲ့သည်။
အဲ့အမှားကြောင့် ဝမ်ရှင်းချန် တစ်ယောက် ကျင့်စဥ်တွေ ကျိုးပေါက်ပြီး သူတော်စင်အဖြစ် မတတ်လှမ်းနိုင်တော့တာ။
စိတ်နှလုံးသားထဲမှာ မြတ်စွာဘုရား ကိန်းအောင်းတော် မူနေပေမယ့်လည်း အသားနဲ့ သေရည် အူထဲဝင်လာရင် ကိလေသာလည်း ဖောက်ပြန်တတ်တယ် ဆိုတဲ့စကား ရှိတာပဲ။ ဒါကို မြတ်စွာဘုရား နားလည်မှာပါ။
ထိုတွင် ခေါင်းဆောင် ဝေ၌ ပြင်းရှသော ခံစားမှုရှိပြီး ဦးခေါင်းမှ ခြေဖျားအထိ ကြီးစိုးလွှမ်းမိုးနေသော ဘုရင်မင်းမြတ်၏ ရောင်ဝါကို ပေးစွမ်းသည်၊ အထူးသဖြင့် ဓားကဲ့သို့ ထက်မြက်သော သူ့မျက်လုံးများ ဖြစ်သည်။ သူနဲ့ တွေ့တိုင်းသူက ဘာစကားမှ သိပ်မပြောဘဲ မျက်လုံးတွေနဲ့ စိုက်ကြည့်ဖို့ပဲ သိသည်။ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ မျက်လုံး သိုင်းပညာကို သူ လေ့ကျင့်နေတာ များလား။
သည်လူတွေထဲမှာ အဆူညံဆုံးကတော့ လီဟွေ့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သူသည် အခြားသူ၏ အိမ်ထဲသို့ မဝင်မီမှာပင် သူ၏ ပြင်းထန်သော ခြေသံကို ကြားနေရသည်။ ထို့သို့ မာနကြီးစွာရောက်လာပြီးရင်လည်း သူက တစ်ဖက်သားကို မောက်မာသော စကားများနဲ့ သည်းမခံနိုင်အောင်ထိုးနှက်လိမ့်မည်။ ဒါပေမယ့် သူ့ရနံ့က ဝင့်ဝင့်ကြွားကြွား ပွင့်နေတဲ့ နေကြာပန်းတွေလို ရနံ့သင်းသင်းရှိပြီး သူ့ ရနံ့က လူတွေကို မက်မောဖွယ်စွမ်းနိုင်သည်။
အစ်ကို စုချန်းယီကတော့ လွှမ်းမိုးနိုင်ခြင်း၊ ခန့်ညားခြင်း၊ လှပခြင်း၊ ပြီးပြည့်စုံခြင်းဟူသော စကားလုံး လေးလုံးဖြင့် တင်စားရမည်။
သူ့ ခန္ဓာကိုယ်ပေါ်ရှိ ရနံ့သည် အဖိုးတန်သော နံ့သာမျိုးမျိုးနှင့် ရေမွှေးများသာ ဖြစ်သည်။ ကြက်သိုက်ရွာတွင် အခြေချ ပြီးနောက်မှာတော့ သူ၏ ရနံ့သည် အလွန် မှိန်ဖျော့သွားပြီး ကျောက်စိမ်းနှင့် တူသော အေးခဲသည့် အငွေ့အသက်ဖြင့် အစားထိုးလိုက်သကဲ့သို့ ဖြစ်သွားသည်မှာ သေချာပါသည်။ သူကအများအမြင်မှာ သိက္ခာရှိရှိ တည်တည်ကြည်ကြည် နေပေမယ့် နျဲ့ပုဖန်နဲ့ နှစ်ယောက်တည်း ရှိချိန်မှာတော့ ရှားရှားပါးပါး နွေးထွေးမှုကို ပြသပါလိမ့်မည်။ သူက မင်းသား တစ်ပါး ဖြစ်သည့်အတွက် အကြောင်း အမျိုးမျိုးကြောင့် သူအသိစိတ်လွတ် နေရင်တောင်မှ သူ့ ပတ်ဝန်းကျင်ကို တော်တော်လေး သတိထားနေရတာကြောင့်ဖြစ်သည်။
နိုင်ငံတော် ပညာရှိကိုတော့ နျဲ့ပုဖန် အလွန်ရှုပ်ထွေးသည်ဟု ခံစားရသည်။ ၎င်းသည် သာမန် အချိန်တွင် လှပသော ပျိုနီပန်းကလေးကို မြင်ရသလို ဖြစ်ပြီး ကာမစိတ် ကြီးစိုး နေချိန်မှာတော့ ၎င်းသည် အမှန်တကယ်ပင် ပျိုနီပန်းအဖြစ်မှ ခက်ထန်သော နှင်းကြာပန်းအဖြစ် ပြောင်းလဲသွားတတ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူ့ မျက်လုံးများက ဆွဲဆောင်မှု ရှိလှသည်။ ပကတိ သူ့ အသွင်သည် ဖြူစင်ပြီး အပြစ်ကင်းစင်ဟန် ရှိပေမယ့်လည်း၊ နျဲ့ပုဖန်ဟူသော အပျိုစင် ပန်းကလေးကို သိမ်းပိုက်ရန် ကြံရွယ်နေသောအချိန်တွင် လွန်စွာ ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ မျက်လုံးများအသွင် ပြောင်းသွားလေ့ရှိ၏။
သို့သော် ဤပန်းကလေးသည် ဆွတ်ခြူသူများစွာ၏ လက်၌ ပျော်ပါးနေနှင့်ပြီးသော ပန်းကလေးဖြစ်ပါသည်။
စကားမစပ်၊ နောက်တစ်ဦးမှာ ထိုက်ပိုင် ဖြစ်သည်။ သည်လူက ထုတ်ဖော်ပြဖို့ အကောင်းဆုံးသူ ဖြစ်၏။ သူ့ ရနံ့က လူတွေ ပင်လယ်ထဲမှာ နေရသလို ခံစားရစေမယ့် ရေညှိတွေရဲ့ ရနံ့ ဖြစ်သည်။
ထိုက်ယန်နှင့် ထိုက်ပိုင်သည် စိတ်နေစိတ်ထား တူညီခြင်း မရှိသော်လည်း ၎င်းတို့၏ အနံ့သည် အလွန်ဆင်တူသည်။ နောက်ဆုံးတွင် နျဲ့ပုဖန်သည် မျက်လုံးဖြင့် သေချာ ကြည့်မှသာ ၎င်းတို့နှစ်ယောက်ကို အတိအကျ ခွဲခြားနိုင်လိမ့်မည်။
ထို့အပြင် ထျန်းနွီ (နတ်မိမယ်) နှင့် ရှန်မူလန်တို့လည်း ရှိသေးသည်။ သူသည် အခြားသူများ၏ ပြောစကားများမှ ထျန်းနွီနှင့် ရှန်းမူလန်တို့၏ ထူးခြားသော အချစ်ရေးကိုလည်း သိရှိထားခဲ့သည်။ ဤသည်မှာ ကြက်သိုက်ကျေးရွာတွင် သာမာန် ချစ်သူစုံတွဲ တစ်တွဲ ရှိနေသည့်အတွက် ဂုဏ်ယူစရာ သတင်းပင် ဖြစ်၏။ ပြီးတော့ သူတို့က သူတို့ရဲ့ “အောင်သွယ်” ကိုလည်း မမေ့ခဲ့ကြပေ။ နျဲ့ပုဖန်နိုးလာတဲ့အခါ သူတို့က လက်ဆောင် အကြီးကြီးပေးကြမည်ဟု ပြောနေကြသည်။
လူများကို ခွဲခြား သိမြင်ပြီးနောက် ကြက်များကို အနံ့ဖြင့် ခွဲခြားနိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့် သည်ဆုံးဖြတ်ချက်က ကြက်နံ့ကြောင့် နောင်တရစေခဲ့၏...။ ပိုကြောက်စရာကောင်းတာက သူ့ကိုလာကြည့်တဲ့ ကြက်တွေက နေ့တိုင်း အသုတ်လိုက် လာပြီး သူတို့ရဲ့ လေးနက်တဲ့ စိုးရိမ်မှုတွေကို ဖော်ပြဖို့ ခြေသည်းနဲ့ အတောင်တွေကို အသုံးပြုကြတာကြောင့် ဖြစ်သည်။ အကယ်၍ ဤကဲ့သို့အဖြစ်အပျက်များသည် ရေရှည်ဆက်ဖြစ်နေပါက သူ့အိမ်သည် ကြက်တို့၏ အနုပညာလက်ရာမြောက်သော ပန်းချီကားကြီး တစ်ချပ်သဖွယ် ဖြစ်သွားလိမ့်မည်။ ဤအတွက် တုပုန်းကို ကျေးဇူးတင်ရမည်။ အကယ်၍ တုပုန်းသာ နေ့တိုင်း သန့်ရှင်းရေး မလုပ်ပေးပါက ပွစာကြဲနေသော ကြက်အမွေးများနှင့် ကြက်မစင်တို့ကြောင့် အိမ်ကြမ်းပြင်မှာ ဤကဲ့သို့ ပြောင်လက်နေနိုင်မည် မဟုတ်ပေ။
သူ သတိမေ့မြောနေပြီး ဆယ်ရက်မြောက်နေ့တွင် သူစိမ်းတစ်ယောက် ကြက်သိုက်ရွာကို ရောက်လာခဲ့၏။ ထိုသူမှာ ဝေဒီ ဖိတ်ခေါ်ခဲ့သော နတ်ဆေးဆရာ ဖြစ်သည်။
အမှန်တကယ် ဟုတ်၊ မဟုတ် မသိပေမယ့် ထိုသူရောက်လာချိန်မှာ နျဲ့ပုဖန် တစ်ဖန် မူးမေ့သွားတော့မလို ခံစားလိုက်ရ၏။
ထိုသူက ကုတင်ပေါ်သို့ ရောက်လာပြီး နျဲ့ပုဖန်၏ မျက်ခွံများကို လှန်ကာ စစ်ဆေးပြီးနောက် နျဲ့ပုဖန်၏ အခြေအနေကို မပြောပြသေးပဲ သွေးခုန်နှုန်းကို ထပ်မံ စမ်းသပ်လိုက်သည်။
အခန်းက တိတ်ဆိတ်နေပြီး အားလုံးသည် တုန်လှုပ်လျှက်ရှိ၏။ သူတို့ နတ်ဆေးဆရာ၏ အဖြေကို စောင့်မျှော်ရင်း အသက်ရှု ရပ်လုလုဖြစ်နေကြသည်။
ဒါပေမယ့် ခဏလောက်တော့ နတ်ဆရာက တစ်ခုခုကို တွေ့ရှိသွားပုံရသည်။
လီဟွေ့ သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ပထမဆုံးအနေဖြင့် မေးလိုက်၏။
''နတ်ဆေးဆရာကြီး သူ့ အခြေအနေ ဘယ်လိုရှိပါသလဲ''
''ဟင်း၊ ဘယ်လို ပြောရမလဲတောင် မသိဘူး''
နတ်ဆေးဆရာက ဝေဝါးစွာဆိုသည်။
"သူ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါ''
လီဟွေ့က စိတ်ရှည်ရှည်ထားကာ ထပ်၍မေးလိုက်၏။
''အင်း... သူက အသက်ရှိနေတဲ့ လူသေအလောင်းလိုပဲ၊ မျှော်လင့်စရာ အခြေအနေ ဘာမှမရှိဘူး''
နတ်ဆေးဆရာက သွက်သွက်ဖြေလိုက်၏။
''မျှော်လင့်စရာ မရှိဘူး ဟုတ်လား။ ဒါဆို ခင်ဗျားစကားကို ဘယ်လိုပုံစံနဲ့ ပြောလိုက်တာလဲ၊ လူ တစ်ယောက်လုံး သေနေတာက ခင်ဗျားအတွက် ပျော်စရာလား''
လီဟွေ့ စိတ်မရှည်တော့ပေ။
''ကျုပ်က ပျော်တဲ့ပုံ ဖြစ်နေလို့လား''
နတ်ဆေးဆရာက ရိုးအစွာ ပြန်မေး၏။
''အေးလေ၊ ပျော်နေတဲ့ အသံကြီးနဲ့''
နျဲ့ပုဖန် သူ့ဘာသာသူ တွေးလိုက်သည်။
ဒီနတ်ဆေးဆရာက ယုံကြည်လို့ရလို့လား၊ လူတိုင်းဆီက ထွက်လာတဲ့ ကျောချမ်းစရာ လေထုကို သူ မခံစားမိဘူးလား။
“ဒါက ဒီလိုရှိပါတယ်” နတ်ဆေးဆရာက ပြန်ဖြေရှင်းသည်။
“ဒီအဘိုးအိုကြီးက ဒီလို 'ကျန်းကျန်းမာမာ အခြေအနေနဲ့' အသက်ရှင်နေတဲ့ လူသေလိုအလောင်းကောင်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုတော့ နည်းနည်း အံ့သြသွားလို့ပါ။ စိတ်မရှိပါနဲ့''
'''ကျန်းကျန်းမာမာ အခြေအနေနဲ့' အသက်ရှင်နေတဲ့ လူသေလို အလောင်းကောင်၊ အဲ့ဒါ ဘာကို ဆိုလိုတာလဲ''
ထိုက်ပိုင် အတွေးရှုပ်သွားသည်။
ထိုအခါ နတ်ဆေးဆရာက ဤသို့ ရှင်းပြခဲ့သည်–
“သူ့ ခန္ဓာကိုယ် အခြေအနေက သာမန်လူထက်တောင် ကျန်းမာသန်စွမ်းနေပေမယ့်၊ သွေးခုန်နှုန်း အခြေအနေက ထူးဆန်းပြီး အရွယ်မတိုင်ခင် သေဆုံးတဲ့ လက္ခဏာတွေ ပြသနေတယ်။ ဒီအဘိုးအိုကြီးကတော့ သူ့ရဲ့ရောဂါ အရင်းအမြစ်ဟာ သူ့ဦးနှောက်ထဲမှာ ရှိတယ်လို့ သံသယ ရှိတယ်”
"ဦးနှောက်ထဲမှာလား" အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြပြီး သူတို့ရဲ့ အမူအရာက နည်းနည်းတော့ ပျက်ယွင်းသွားကြသည်။
နတ်ဆေးဆရာက ခေါင်းညိတ်ပြီး ဆက်ပြောသည်။ “မှန်တယ်။ ဦးနှောက် အတွင်းထဲမှာ ရှိနေတဲ့ ရောဂါအများစုက ကုသဖို့ အခက်ခဲဆုံးပဲ။ ရောဂါရဲ့ တိကျသော တည်နေရာကို ရှာမတွေ့ရင် ဘယ်လို ကုထုံးနည်းနဲ့ပဲ ကုသ ကုသ အသုံးမဝင်ဘူး''
"ဒါဆို ကျုပ်တို့ ဘာလုပ်ရမှာလဲ"
ကျန်းကျွင်းရှီက စိုးရိမ်တကြီး မေးသည်။
နတ်ဆေး ဆရာသည် ထိန်းမရတော့သော စိတ်လှုပ်ရှားမှုဖြင့် အရဲစွန့်ကာ အရေးဆိုလိုက်သည်။
“မင်းတို့သဘောတူရင် ဒီအဘိုးကြီးက သူ့အတွက် ခွဲစိတ် ကုသမှု လုပ်ပေးပါ့မယ်”
"ဦးခေါင်း ခွဲစိတ်မှုလား" လီရီက ချက်ချင်း တစ်ချက်လွတ် အာဏာနဲ့ တားမြစ်၏။
“လုံးဝ မဖြစ်ဘူး။ ဦးခေါင်းခွံ ပွင့်သွားရင် လူတစ်ယောက်က အသက်ရှင်နိုင်ပါ့ဦးမလား၊ ဘယ်လောက်တောင် အသိဉာဏ် ခေါင်းပါးရတာလဲ''
နတ်ဆေးဆရာက ပြန်ရှင်းပြ၏။
“လူတစ်ယောက်ရဲ့ ဦးခေါင်းခွံကို ဖွင့်လိုက်ရုံနဲ့ လူကို မသေစေပါဘူး၊ ဒါက သာမန်အပြင်မှာ ဒဏ်ရာ တစ်ခုလိုပါပဲ။ အတွင်းပိုင်း ထိခိုက်မှု မရှိသရွေ့ ဒဏ်ရာက တဖြည်းဖြည်း သက်သာလာမှာပါ”
"သူ့ခေါင်းကို မထိခိုက်စေဖို့ ခင်ဗျား ဘယ်လို အာမခံနိုင်မှာလဲ" လီရီ၏ မျက်လုံးများသည် အေးစက်နေပြီး နတ်ဆေးဆရာ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနှင့် ပတ်သက်၍ လေးလေးနက်နက်သံသယရှိကြောင်း ထုတ်ဖော်ပြသနေသည်။
ကျန်းကျွင်းရှီနှင့် အခြားသူများသည်လည်း ဦးခေါင်း ခွဲစိတ်ကုသခြင်းကို သဘောမတူခဲ့ကြပေ။
နတ်ဆေးဆရာက ပုခုံးတွန့်ပြီး
“မင်းတို့ သဘောမတူတဲ့အတွက် ဒီလူကြီးက အတင်းအကြပ် မလုပ်တော့ပါဘူး၊ ဒါပေမယ့် သူတကယ် သေသွားရင် နောင်တ ရမနေနဲ့”
လူတိုင်း ချီတုံချတုံ ဖြစ်သွားခဲ့သည်။
နတ်ဆေးဆရာက သူတို့ကို တစ်ချက်ကြည့်ကာ စကား မပြောဘဲ ပြုံးပြ၏။
နျဲ့ပုဖန်ရဲ့အတွင်းစိတ်ထဲမှာလည်း စိုးရိမ်ထိတ်လန့်စွာ အော်ဟစ်နေသည်။
'ရဲဘော်တို့၊ မင်းတို့ရဲ့ ရပ်တည်ချက်ကို စောင့်ထိန်းပါ။ ဦးခေါင်း ခွဲစိတ်မှု လုံးဝ လုပ်လို့ မဖြစ်ဘူး''
"ငါတို့ စဉ်းစားကြည့်ပါဦးမယ်"
ဝမ်ရှင်းချန်က ဝင်ပြောလိုက်သည်။
နတ်ဆေးဆရာက ခေါင်းညိတ်ပြီး ခပ်သွက်သွက်ထပ်မေးလိုက်၏။
"မင်းတို့ရဲ့စိတ်ကို အမြန်ဆုံး ရှင်းလင်း တိကျတဲ့အဖြေရအောင် လုပ်ပါ။ မဟုတ်ရင် သူ ဘယ်လောက် ကြာကြာခံနိုင်မယ်ဆိုတာ ဒီလူကြီးလည်း အာမ မခံနိုင်ဘူး"
အဓိပ္ပာယ် လုံးဝ မရှိဘူး။ သူသည် ကျန်းမာ တက်ကြွပြီး သန်စွမ်းသည်မှာ မှန်သော်လည်း ခေတ္တ ဆုတ်ယုတ်လိုက်ရသော အခြေအနေတွင် ရှိနေခြင်းမျှသာ ဖြစ်သည်။ နျဲ့ပုဖန်၏ စိတ်ခံစားမှုများ တုန်လှုပ်သွားကာ အတွေးတွေထဲ ရှုပ်ထွေးကုန်၏။
နတ်ဆေးဆရာက တစ်ခုခုကို ရိပ်မိပုံရသွားပြီး နျဲ့ပုဖန် လက်ကို ယူ၍ သွေးခုန်နှုန်းကို ထပ်မံစမ်းသပ်ကြည့်ရာ ပြင်းထန်သော ဖိအားကြောင့်လက်ကောက်ဝတ်မှာ ကြိမ်ဖန်များစွာ ညှစ်ထားသလို ဖြစ်သွားတယ်။
ထိုတွင် ငြိမ်နေသော ဝမ်ရှင်းချန်က ဝင်မေးလိုက်၏။
"ဦးခေါင်းခွံ ခွဲစိတ်ကုသခြင်းရဲ့ အကျိုးရလာဒ်တွေကို အရင်ဆုံး သေချာ ရှင်းပြဖို့လိုလိမ့်မယ်။ ဦးခေါင်းခွံ ခွဲစိတ်ကုသခြင်းက အန္တရာယ်သည် အလွန်မြင့်မားတယ်။ အရင်တုန်းကတော့ ဒီလိုခွဲစိတ်မှုမှုး တစ်ခါမှ မကြားဖူးဘူး။ ဒါကို လက်ခံလိုက်ရင် မကောင်းတဲ့ ရလဒ်တွေ ရလာမှာက မသေချာသလောက်ပဲ''
"ဟားဟား" နတ်ဆေး ဆရာက ရယ်မောလိုက်၏။
''လောကကြီးမှာ လူနာတစ်ယောက်အပေါ် အန္တရာယ်ဖြစ်နေတဲ့ မိုက်မဲတဲ့ ကုထုံးဆိုလို့ မရှိပါဘူး''
''သူ့အတွက်တော့ ဒီဦးခေါင်းခွံ ခွဲရတဲ့ မိုက်မဲ့တဲ့ကူထုံးကို ကုသမယ်ပေါ့လေ''
ဝမ်ရှင်းချန်က သံသယ အပြည့်ဖြင့် ရှိနေ၏။
နတ်ဆေးဆရာလည်း ဘာမှ မပြောပဲ နှုတ်ဆျတ်သွားသည်။
နျဲ့ပုဖန်က ဝမ်ရှင်းချန်ကို နှလုံးသားထဲတွင် လက်မထောင်ပြလိုက်၏။
ခဏအကြာတွင်၊ နတ်ဆေး ဆရာက မတ်တတ်ထရပ်ပြီး
“ကောင်းပြီ၊ ဒီအဘိုးကြီး ပြင်ဆင်ရင်း စောင့်နေပါမယ်၊ ဒီနှစ်ရက်အတွင်း မင်းတို့ စဉ်းစားလို့ရတယ်"
ထိုစကားပြောပြီးနောက် ၎င်းက အေးအေးဆေးဆေး ထွက်သွားခဲ့သည်။
"တခြားနည်းလမ်း တကယ် မရှိဘူးတော့ဘူးလား''
ကျန်းကျွင်းရှီက နျဲ့ပုဖန်၏ လက်ကို ကိုင်လိုက်ပြီး စိတ်ပူစွာ ပြောလိုက်သည်။
ကျန်တဲ့ လူတွေလည်း ဘာစကားမှမပြောကြဘဲ လေထုက အနည်းငယ် ခြောက်ကပ်ကပ်နိုင် လျှက်ရှိ၏။
"ပုဖန်၊ မင်း ဒီတိုင်း ထမလာနိုင်တော့ဘူးလား''
ကျန်းကျွင်းရှီက ကူကယ်ရာမဲ့စွာ ဆက်ပြောလိုက်သည်။
"မင်း သာမာန် မမာမကျန်းဖြစ်တာကိုတောင် အပြုံးလေးနဲ့ အစွမ်းကုန် တွန်းလှန်နိုင်သေးတာပဲ၊ အခုလို အရမ်း အရေးကြီးတဲ့ အချိန်ကျမှ မင်း ဘယ်လိုဖြစ်နေတာလဲ''
မင်းတို့ ဘာသိလို့လဲ။ ငါ အခုလည်း အရမ်းကျန်းမာပြီး ဒေါင်ဒေါင်မြည်ပဲလေ။ မတွေ့ကြဘူးလား။ နျဲ့ပုဖန် စိတ်မရှည်စွာ စိတ်ထဲက ပြောနေလိုက်သည်။
''သူက ခန္ဓာကိုယ် ကျန်းမာပေမယ့် ဦးနှောက်မှာ ပြဿနာ ရှိတာတဲ့လေ''
လီရီက စိတ်ဓာတ်ကျကာ ပြောလိုက်သည်။
အိုး၊ အရမ်းကောင်းတယ်။
"အစ်ကို၊ ငါတို့ သူ့ကို ကြက်လှောင်အိမ်ထဲ ပစ်ထည့်သင့်တယ် ထင်တယ်၊ ဒီလိုဆို နောက်တစ်နေ့ကျရင် ကုသစရာ မလိုဘဲ အပြည့်အဝ သက်သာလာလိမ့်မယ် ထင်တယ်" လီဟွေ့က ပြော၏။
"သူက ကြက်နတ်ဆိုး ဝိညာဉ် တစ်ကောင်ဆိုတာ ကျွန်တော် အမြဲ ယုံကြည်နေတယ်''
ကြက်နတ်ဆိုး ဝိညာဥ်တဲ့လား။
သူက သည်လောက် အဆင့်အတန်း နိမ့်တဲ့ မျိုးရိုးလား။
အနည်းဆုံး သူသည် ကြက်နတ်ဘုရား ဖြစ်သင့်တာလေ။
ပြီးတော့ ဒါက ဘယ်လို အကြံပြုချက်မျိုးလဲ။ သည်လိုမျိုး လုပ်ဖို့ ဘယ်သူက အဲ့လို မိုက်မိုက်မဲမဲလုပ်ရက်မှာလဲ။
မထင်မှတ်ပဲ အခန်းထဲက ဘယ်သူကမှ ဤအဆိုပြုချက်ကို ငြင်းဆိုခြင်း မရှိပါ။
သည်လူတွေ အဲ့စကားကို အကောင်အထည်ဖော်ဖို့ တကယ် စဉ်းစားနေကြတာလား၊ ဟေး၊ မင်းတို့ရဲ့အသိစိတ် ကပ်ကြစမ်းပါ၊ အဲ့လောက်ထိဆင်ခြင်တုံတရား မမဲ့ကြနဲ့လေကွာ။
"ဖြစ်ကောင်းဖြစ်နိုင်၊ ငါတို့ တကယ် ကြိုးစားကြည့်သင့်တယ်"
ကျန်းကျွင်းရှီက တုံ့ဆိုင်းလျှက် ပြောလိုက်သည်။
“…..”
နျဲ့ပုဖန်မှာ စကားမပြောနိုင်သည့် အခြေအနေရယ်မို့ ဘာမှ မတတ်နိုင်ပေ။
တစ်စုံတစ်ဦးထံမှ ထောက်ခံမှုကို ရလိုက်သော လီဟွေ့သည် ကျန်လူများအား ဆက်လက်စည်းရုံး၏။
“ဘာပဲဖြစ်ဖြစ် ဆုံးရှုံးစရာ မရှိပါဘူး၊ အဆိုးဆုံးရလဒ်ကတော့ လက်ရှိ အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ပါပဲလေ၊ မဟုတ်ဘူးလား''
"မင်းရော ဘယ်လိုထင်လဲ" လီရီက ဝမ်ရှင်းချန် ကို ကြည့်လိုက်သည်။
ဝမ်ရှင်းချန်လည်း ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ကာ
"ကောင်းပြီ၊ စမ်းကြည့်ရအောင်"
ဟေး ဟေး၊ နျဲ့ပုဖန်မှာ အရူးတစ်ယောက်လိုရုန်းကန်ဖို့ ကြိုးစားလိုက်တဲ့အခါ သူ့ ကြွက်သားများက တင်းသွားသည်။
"ကြည့်ဦး၊ လာကြည့်ကြပါဦး။ သူ့မှာ တုံ့ပြန်မှု တစ်ခုခု ရှိတယ်"
ထိုက်ပိုင်က စူးရှသော မျက်လုံးများဖြင့် နျဲ့ပုဖန်ကိုလက်ညိုး ညွှန်ပြ၏။
နိုင်ငံတော် ပညာရှိသည် အနားသို့ကပ်ကာ အချိန်အတော်ကြာ စစ်ဆေးကြည့်လိုက်၏။
“အစကတော့ မင်းရဲ့ အဆိုပြုချက်က နည်းနည်းလေးမှ အဓိပ္ပါယ် မရှိဘူးလို့ ငါ ထင်ခဲ့တယ်၊ ဒါပေမယ့် အခုတော့ တကယ်ကို အကျိုးသက်ရောက်မှု ရှိသွားတဲ့ပုံပဲ''
"ဒါ ရက်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအကြိမ် ထင်ရှားတဲ့ တုံ့ပြန်မှု တစ်ခုပဲ မဟုတ်လား''
ထို့နောက် လီဟွေ့သည် စိတ်အားထက်သန်စွာဖြင့်ပြောလိုက်သည်။
"ဒါဆို မတွန့်ဆုတ်နေပဲ ဒီနေ့ ချက်ချင်း စမ်းကြည့်ရအောင်"
လူတိုင်းက သဘောတူလိုက်၏။
နျဲ့ပုဖန်ကတော့ သူ့ ရင်ဘတ်ကို သူ ထုကာ ကြေကွဲနေရှာသည်။
မင်းတို့ အားလုံး လူသားတွေမှ ဟုတ်ကြသေးရဲ့လား။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။