Part - 5

10.4K 547 30
                                    

ခမ်းနားထည်ဝါလှသော ဧည့်ခန်းမကြီးတစ်ခုဝယ် ခန့်ညားလှပသော ပန်းချီကားကြီးတစ်ချပ်ရှိ၏။ ထိုပန်းချီကားကြီးထဲဝယ် မိသားစုဟုထင်ရပါသော လူတစ်စုရှိသည်။ သူတို့၏မျက်နှာများထက်ဝယ် ဟိတ်ဟန်အပြည့်၊ မာန်အပြည့်ဖြင့် သေသပ်လှသောနှုတ်ခမ်းများကို တင်းတင်းရင်းရင်းစေ့ထားကြ၏။ ​တစ်ယောက်ချင်းဆီတိုင်းမှာ အပြုံးကိုယ်စီရှိနေကြသော်ငြား မြင်ရသူများအဖို့ နှစ်လိုဖွယ်တော့မကောင်းပေ။ သို့သော်ပန်းချီကားထဲမှ လူများစွာကပြုံးထားကြသေးသည်။

တင်းရင်းလှသောမျက်နှာထား၊ မို့မောက်နေသောနဖူးနှင့် ပိတုန်းရောင်ဆံထုံးကို ထုံးဖွဲ့ချီနှောင်ထားသော ပန်ချီးကားထဲမှအမျိုးသမီးတစ်ဦးသည် ရုပ်ပန်းချီကားထဲမှအတိုင်း တစ်နေရာမှလွဲမှားခြင်းမရှိလေသော မျက်နှာထားဖြင့် ပန်းချီကားကြီး၏အောက်ဘက်တွင် သက်ဝင်လှုပ်ရှားနေလေသည်။

အမျိုးသမီးကြီး၏နားအထက်ဝယ် အဖြူရောင်ဆင်စွယ်ကြီးကိုတစ်ရံကို နားထောင်းအ​ဖြစ် ပန်ဆင်ထား၏။ တဖြတ်ဖြတ်လက်နေပါသော စိန်ဘယက်တစ်စုံသည် အနည်းငယ်တွန့်ကြေနေသော သူ၏လည်ပင်းသားထက်ဝယ် ခန့်ညားစွာ။
အနားမှကို အခြွေအရံလေးများမှာလည်း
ငြိမ်ဝပ်ပိပြားစွာ ကြမ်းပြင်ထက်ထိုင်နေကြ၏။ သူသည်ရွှေကွပ်ထားသော အနက်ရောင် ယပ်တောင်ကြီးကို ကိုင်ဆောင်ကာ
တဖြတ်ဖြတ်ခတ်ရင်း  တစ်ခုခုကိုတွေးတောနေသယောင်။

"မြေးကြီး စဝ်လျှမ်းက ပေါ်တော်မူမလာသေးဘူးလား နန်းလေ..."

"မင်းသားလေးက ခရီးအတွက်ပြင်ဆင်နေပါတယ် မယ်မယ်ကြီး..."

အမျိုးသမီးကြီးဆီမှ စကားတစ်ခွန်းမျှထပ်မံ၍ ထွက်အံမလာ​ချေ။ သူ၏ရှေ့မှ တီဗီဖန်သားပြင်ကြီးကိုသာ ​ငေးနေပြန်သည်။
လှေကားမှဆင်းလာလေသော ကောင်လေးတစ်ယောက်ကိုလည်း ဂရုမပြုမိသေးပေ။

"အဘွားတော်..."

"မြေးတော်ကြီးလျှမ်း လာပါဦးကွယ်..."

"ဟုတ်ကဲ့..."

"မြေးရဲ့လမ်းခရီးအန္တရာယ်ကင်းဖို့ ထုံးတမ်းဓလေ့တစ်ခုလုပ်ရဦးမယ်...အဘွားတော်က မြေးကိုမျှော်နေတာကွဲ့..."

My Man (ငါ့လူကြီး) Where stories live. Discover now