အခန်း (၈)

3.8K 280 3
                                    

အခန်း (၈)

ငါက ကားထဲကို ပစ္စည်းတွေ သွားထားမှာမို့ နေလျှံအာကာ ဆီကနေ ကားသော့ လှမ်းတောင်းလိုက်တယ် ။
ဘာပဲပြောပြော ပစ္စည်းတွေက သူ့ကားထဲပဲ ထားမှာဆိုတော့ သူ့ကားသော့ လိုတယ်လေ ။

" ကားက ဘယ်နားမှာ ရပ်ထားလဲဆိုတာ မင်း သိလို့လား... "

CEO က ငါ့ကို အေးစက်စက် အသံနဲ့ ပြန်မေးတယ် ။
ပြီးတော့ သော့ကိုလည်း အလွယ်တကူ မထုတ်ပေးဘူး ။
ဒါက ငါ့ကို တမင်သက်သက် ညစ်နေသလိုပဲလို့ ငါ ခံစားမိတယ် ။

" နေရာ ပြောပြလိုက်ရင် ကျွန်တော် ရအောင် ရှာနိုင်ပါတယ် CEO... "

ငါကလည်း ခေါင်းမာမာပဲ ပြန်ဖြေလိုက်တယ် ။
ကားတောင် မရှာနိုင်ရအောင် ငါက သုံးနှစ်သားလေးမှ မဟုတ်တာ ။

" ကားရပ်ထားတာက နည်းနည်းဝေးတယ်... မင်းတို့နှစ်ယောက်ထဲသွားရင် ငါစိတ်မချဘူး... "

CEO စကားက တစ်မျိုးကြီးမို့ ငါ သူ့ကို ပြန်ကြည့်လိုက်တော့ သူက စကားကို အလျင်အမြန် ဖြည့်စွက်ပြီး ဆက်ပြောတယ် ။

" လမ်းမှာ ပစ္စည်းတွေ ပျောက်ကုန်ရင် မင်း တာဝန်ယူနိုင်လို့လား... အဲ့တာက နှင်းဆီချိုရဲ့ ပစ္စည်းတွေလေ... အဲ့တာကြောင့် ငါ စိတ်မချတာ...  "

ငါ စိတ်ထဲမှာ ထောင်းကနဲ ဒေါသထွက်သွားတယ် ။
ပြီးတော့ စိတ်လည်း မကြည်တော့ဘူး ။
ဒါပေမယ့် ငါ ဒေါသထွက်တာကို ငါ့မျက်နှာမှာ ဖော်ပြလို့ မဖြစ်ဘူး ။
အဲ့အစား ငါ့နှလုံးသားထဲကတော့ အနည်းငယ် အောင့်သက်သက် ခံစားနေရတယ် ။

ငါ ဘာမှ ပြန်မပြောတော့ CEO က သူ့ခုံကနေသူ ထလာတယ် ။
ပြီးတော့ သူက အရှေ့က ဦးဆောင်ပြီး ထွက်တယ် ။

" ကားထားတဲ့နေရာကို ငါကိုယ်တိုင် လိုက်ပြမယ်... "

ဒီလိုနဲ့ သူ့အနောက်က ငါရယ် ၊ အမြှောက်စာလေး ဖြစ်လာမယ့် ကျော်လင်းညရယ် က တူတူလိုက်လာကြတယ် ။
ကျော်လင်းည က ငါ့ကို တစ်လမ်းလုံး စကားတွေ ရွှန်းရွှန်းဝေနေအောင် ပြောနေတယ် ။

CEO က အနောက်ကို လှမ်းလှမ်းကြည့်ပြီး ဆူညံနေတယ် ဆိုတဲ့ ပုံစံကို မျက်မှောင်ကျုံ့ပြီး ဖော်ပြနေတယ် ။
ဒါပေမယ့် ကျော်လင်းည ကတော့ ဂရုစိုက်နေပုံ မပေါ်ပါဘူး ။

How to Flirt with a CEO (Completed)Where stories live. Discover now