unicode
အမဲစွပ်ပြုတ်အိုးလေးကျသည်နှင့် ထယ်ဟျောင်း ပန်းကန်လုံးထဲကိုလှယ်ထည့်လိုက်သည်။ ဒါက မနက်စာအတွက်ချက်ပြုတ်နေသော ဟင်းလျာတွေထဲမှ နောက်ဆုံးတစ်ခု။
လက်မပူအောင် ပန်းကန်ကိုအ၀တ်ကလေးနှင့် ခုကိုင်ပြီးနောက်ကျောဖက်က ထမင်းစားပွဲဆီကိုယူလာခဲ့လိုက်၏ ။ အားလုံးက မနက်စာစားဖို့အသင့်ဖြစ်လို့နေလေပြီ ။
"အမလေး .. ဒီအမေက အမေ့သားအထွေးဆုံးလေးရဲ့ လက်ရာကိုလွမ်းနေတာ အခုမှပဲ ပြန်စားရတော့မယ်"
ထယ်ဟျောင်း မေမေ့ဘေးတွင်၀င်ထိုင်ဝောာ့ မေမေကထယ်ဟျောင်းကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြ၍ပြောသည်။ ထိုအခါ ထယ်ဟျောင်းနှင့်မျက်နှာချင်းဆိုင်က ကိုကိုကြီးက ..
"အမေကနော် .. အငယ်ကောင်ကိုဆိုတအားဘက်လိုက်တာ နေ့တိုင်းချက်ကျွေးနေတဲ့သားကိုကျ အကောင်းမပြောဘူး"
"အံမယ် .. မင်းလက်ရာက စားမှမကောင်းတာ"
မေမေပတ်ခနဲပြန်ပြောတဲ့စကားကြောင့် တစ်မိသားစုလုံးတဟားဟားနှင့်ရယ်သံသောသွားကြသည်။ ထယ်ဟျောင်းဒီလိုခံစားချက်မျိုးမခံစားရတာ ကြာလှပါရောလား။
"အငယ်ကောင် .. တစ်နေ့တစ်နေ့ထမင်းသေသေချာချာစားရဲ့လား ပိန်သွားတယ်"
"စားပါတယ် ဖေဖေရဲ့"
ဖေဖေ့စကားကိုထယ်ဟျောင်းပြန်ပြီးဖြေလိုက်တာဖြစ်သည်။ ဖေဖေကမေးသာမေးနေသည်။ထယ်ဟျောင်းကိုတော့တစ်ချက်မကြည့်။ ဖေဖေ့ပုံစံကအဲ့လိုပင် ချစ်တာကိုထုတ်မပြသည့်ပုံစံ။ မေမေနဲ့ဆန့်ကျင်ဘက် ။
"ကဲ .. စားမှာဖြင့် စားကြတော့လေ ဟင်းတွေအေးကုန်မယ်"
ကိုငယ်က၀င်ပြောတော့မှ အားလုံးကိုယ်စီမနက်စာ စ စားဖို့ပြင်ကြရသည်။ ထယ်ဟျောင်းက အငယ်ဆုံးမို့ အရင်ဦးစွာ မိဘနှစ်ပါးနှင့် အစ်ကိုနှစ်ဦးကို ဟင်းတို့ထည့်ပေးလိုက်သည်။ ပန်းကန်ထဲဟင်းရောက်သည်နှင့် မေမေကယူစားပြီး ချီးကျူးစကားပြော၍မဆုံး။
ထယ်ဟျောင်းမျက်နှာမှာလည်းအပြုံးပန်းလေးတွေ အတောမသတ်နိုင်တော့ချေ။ တစ်ခါတစ်လေတော့လည်း ဒီမိသားစုကိုစွန့်ခွာပြီး အဝေးတစ်နေရာမှ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့မိတာအတွက် နောင်တလေးရချင်မိပါသည် ။