unicode
ကျွန်တော့်လက်ကိုလှမ်းဆွဲထားတဲ့ကပြားကောင်ကြောင့် လက်ကိုရုန်းရင်း လွှတ်ဖို့ပြောပေမယ့် ဒင်းကမလွှတ်ပေးချေ ။
ယောက်ျားချင်းဖြစ်တာတောင် ဒီကောင်အသားလာထိတာကို တကယ်ဒေါသထွက်သည် ။အရင်တစ်ခါက ဒင်းထယ်ဟျောင်းအပေါ် လုပ်ခဲ့တဲ့အပြုအမူကိုတွေးမိပြီး ပိုစိတ်တိုသည် ။ ဒင်းလုပ်ရပ်ကြောင့် ကျွန်တော့်မှာအဖျားတောင်တက်ခဲ့ရသေးတာ ။
"ဟေ့ကောင် မင်းကိုငါလွှတ်ခိုင်းနေတယ်"
"ကျုပ်ပြောစရာရှိတယ်လို့ ပြောနေတယ်လေ ကျုပ်လွှတ်လိုက်ရင် ခင်ဗျားကထွက်သွားမှာပေါ့"
သူကလူကိုပိုင်စိုးပိုင်နင်းလုပ်နေသေး ၊ သူကလည်းတင်တင်းစီးစီးပြောသေးသည် တကယ်ဒီကပြားကောင်ကတစ်စက်ကလေးမှထောင့်ကျိုးမနေဘူးပဲ ။ မျက်နှာကြည့်တော့လည်း လူကိုကြည့်နေတဲ့ပုံက မသိရင်ကိုယ်ကပဲသူ့ကိုစိတ်အနှောင့်အယှက်ပေးနေတဲ့သူလိုလို ။
"မင်းနဲ့ငါနဲ့သိလို့လား ပြောစရာစကားရှိရအောင်"
"ဟာကွာ ရစ်လိုက်တာ။ ကျုပ်ကိုခင်ဗျားလင်မှတ်နေတာလား"
"ဘာကွ !! မင်း !"
ထယ်ဟျောင်းတကယ်ဇတ်ကြောတက်လာလေပြီ ။ဒင်းကအခုထိထယ်ဟျောင်းလက်ကိုလွှတ်မပေးသေးဘူး ၊ နောက်ဆုံးတော့ ထယ်ဟျောင်းကိုယ့်စိတ်ကိုယ်သာလျှော့ချရန်ဆုံးဖြတ်လိုက်ရသည်။
"ပြော ပြော ဘာပြောမှာလဲ! နားထောင်ပေးမယ် ငါ့လက်ကိုအရင်လွှတ်ပေး ဟုတ်ပြီလား"
ထယ်ဟျောင်းပြောလိုက်တာတောင် ဒင်းကလူကိုမယုံသင်္ကာမျက်လုံးနှင့်ကြည့်သေးသည် ။ ဘာများပြောစရာရှိလို့ အဲ့လောက်တောင် လူကိုလိုက်ကပ်နေရတာလဲ ။သိလည်းမသိဘဲ ဘယ်လိုဟာလဲကိုမသိ ။
လက်ကိုလွှတ်ပေးတော့မှ ထယ်ဟျောင်းကိုယ့်လက်ကောက်၀တ်လေးကိုယ် ပွတ်မိသည် ။ နာသည်တော့မဟုတ်၊ ဒင်းအသားနဲ့ထိလိုက်ရလို့ ။
"ဘာပြောမှာလဲပြော ! ငါအိမ်ပြန်ရဦးမယ်"
ထယ်ဟျောင်းခပ်ကြိတ်ကြိတ်ပင် ကောလိုက်သည် ။ အချိန်ကနောက်နာရီပိုင်းဆို နေ၀င်တော့မည် ။ အဲ့အချိန်ကားကငှားရတာ လက်ပေါက်ကပ်လို့ ။
