unicode
မီးရောင်တဖျတ်ဖျတ်အောက်မှာကခုန်နေတဲ့ လူငယ်တွေ ။ အချင်းချင်းပူးကပ်၍ထင်ကာ အရက်လေးသောက်လိုက်အမြည်းလေးစားလိုက်နှင့် စုံတွဲတွေရော ။ မမြင်ဖူးသည်မဟုတ်ပေမယ့် ထယ်ဟျောင်းအတွက်တော့ နည်းနည်းနေရခက်မိသည် ။
ထယ်ဟျောင်းလက်ကိုသူကဆွဲပြီး ရှေ့ကနေ၀င်သွားတော့လည်း ထယ်ဟျောင်းမှာနှုတ်ပိတ်၍လိုက်ရသည် ။ ကောင်တာရှေ့ကခုံမှာ သူကထိုင်မယ်ဆိုသဖြင့် ထယ်ဟျောင်းနည်းနည်းတော့ရင်အေးသွား၏။ ထိုလူကြားထဲမှာ သူသွားကမှာကိုထယ်ဟျောင်းမှာကြောက်နေတာ ။အကယ်၍ သူသာကမည်ဆိုလျှင် ထယ်ဟျောင်းလည်းဒီတိုင်းနေရမည်မဟုတ်ဘူးလေ။
"ဒီဘက်ကိုတိုး"
ထယ်ဟျောင်းရဲ့ထိုင်ခုံကို သူနဲ့ပိုနီးရာသို့ဆွဲသည်။ အနားရောက်သွားသည်နှင့် သူ့လက်ဖဝါးက ထယ်ဟျောင်းပေါင်ကိုအုပ်ကိုင်လိုက်၏ ။
"ဂျက်စတင်"
လူကြားထဲမှာသရုပ်မပျက်ချင်တာမို့ အသံကိုလည်းထိန်းပြောရသေး၏။ ဒင်းကတော့ ထယ်ဟျောင်းအံကြိတ်ပြတာတောင် မသိချင်ယောင်ဆောင်နေသလားမသိ ။ ပေါင်ကိုကိုင်ထားတဲ့ လက်ကိုမလွှတ်ချေ ။
"မင်းဘယ်လိုဖြစ်နေလဲ"
သူ့လက်ကိုဆွဲဖယ်ဖို့လုပ်တော့ ထယ်ဟျောင်းလက်ကိုပြန်ဆွဲယူသည် ။ သူဘာဖြစ်ချင်နေသလဲကိုထယ်ဟျောင်းမသိတာ ။
"ဘေဘီ"
လူကိုကြည့်ပြီးလာခေါ်တော့ထယ်ဟျောင်းဘာမှမဖြေဘဲ မျက်စောင်းထိုး၍ကြည့်နေလိုက်သည် ။ ထိုအခါ သူက မျက်မှောင်ကျုံ့ကာမေးလာ၏ ..
"ဘေဘီတကယ်မသိတာလား"
ဆိုင်းမဆင့်ဘုံမဆင့်မေးခွန်းကို ထယ်ဟျောင်းကြောင်သွားရ၏။ သူဘာမှမပြောလဲထယ်ဟျောင်းက ဘာကိုသိရမှာလဲ ။
"ဘာတွေလာမေးနေတာလဲ မင်း"
"ဘေဘီတကယ်မသိတာပေါ့ ဒါဆို"
သူတကယ်ထယ်ဟျောင်းကိုဦးနှောက်ခြောက်အောင်လာလုပ်နေသလိုပင် ။ ထယ်ဟျောင်းလည်းမတွေးတတ်တော့ ။
"ဘာကိုတုံးလို့"
"ဘေဘီကကွာ လွန်ပါတယ်"
သူ့မျက်နှာက ရှုံ့မဲ့သွားသည်။ သူ့မွေးနေ့တွေဘာတွေမို့လို့လားလို့ တွေးကြည့်တော့လည်း သူ့မွေးနေ့က စက်တင်ဘာလမှလေ အခုမှ နို၀င်ဘာပဲရှိသေးတဲ့ဟာ။