unicode
စားပွဲအဝိုင်းလေးဘေးတွင် အဲလစ်နဲ့ထယ်ဟျောင်းဟာ ဘေးချင်းကပ်ကာထိုင်နေတာဖြစ်သည် ။ ထယ်ဟျောင်းက အဲလစ် မနေ့ကစပြီး ကျောင်းမှာသင်ခဲ့တာတွေကို အချိန်ဇယားအလိုက်စာပြန်ပြပေးနေတာဖြစ်သည် ။
နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ စာသင်ပြပုံချင်းမတူသလို အဲလစ်က ဒီနိုင်ငံသားကလေးလည်းမဟုတ်တဲ့အခါ ထယ်ဟျောင်းတော်တော်လေးတော့ရှင်းပြရသည်။ကိုရီးယားစကားကိုအဲလစ်က လုံးစေ့ပတ်စေ့ပြောတတ်ပေမယ့် စာနဲ့သင်ပြရှာတွင်တော့ မသိသေးတာလေးတွေများသည် ။
"သူတို့နှစ်ခုက အသံထွက်ပဲဆင်တာ အဓိပ္ပာယ်ချင်းကမတူဘူး ဆရာပြမယ်"
ကလေးအနားကိုပိုကပ်သွားလိုက်ပြီး ဖတ်စာအုပ်ကလေးကိုလှန်လှောပြလိုက်တော့ အဲလစ်က ငြိမ်ငြိမ်လေးနားထောင်ကာကြည့်နေသည်။ အဲလစ်ကိုစတွေ့တုန်းကတော့ နည်းနည်းသွက်မယ့်ကလေးလေးလို့ထင်ခဲ့ပေမယ့် အခုမှသိလိုက်တာက အဲလစ်ကတော်တော်အေးသည်။ ထယ်ဟျောင်းနဲ့မရင်းနှီးသေးလို့ပဲလားတော့မသိပါ ။ပြောသမျှကိုသေချာနားထောင်ပြီး သေချာလိုက်မှတ်သည် ။ နားမလည်တာရှိရင်ပြန်မေးလို့ပြောရင်လည်း ခေါင်းခါသည် သူနားလည်ပါတယ် တဲ့။
ထယ်ဟျောင်းထင်တာမမှားချေ အဲလစ်မှာမျက်လုံးအရောင်ပါသည်။ အပြာရောင်လေး။ကြည့်လေလေ အဲလစ်က တစ်ဖက်နိုင်ငံသားနဲ့ပိုတူလာလေပင် ။ ကပြားကောင်နဲ့ညီအစ်ကိုဆိုပေမယ့် သူက ကပြားလို့တောင်မထင်ရ။ လုံး၀တစ်ဖက်နိုင်ငံသွေးအပြည့်နှင့်သူလို့ထင်ရသည် ။
ထိုသို့တွေးနေတုန်း ကျောထဲစိမ့်ခနဲခံစားလိုက်ရ၍ ထယ်ဟျောင်းသူ့ဘေးဘက်ခပ်လှမ်းလှမ်းကို လှည့်ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လျက် သူ့အားစိုက်ကြည့်နေတဲ့ကပြားကောင်ကိုတွေ့လိုက်ရလေသည် ။သူနဲ့ကိုယ်အကြည့်ချင်းဆုံသွားသည့်တိုင် သူဟာ စိုက်ကြည့်နေစဲဖြစ်တာကြောင့် ထယ်ဟျောင်း စိတ်ထဲမရိုးမယွဖြစ်လာပေမယ့် အကြည့်မလွှဲဘဲ ပြန်စိုက်ကြည့်ပေးလိုက်သည် ။
ဒင်းက သူ့ညီကိုစာသင်တာကိုတစ်ခါတည်းစောင့်ခေါ်သွားမည်ဆိုပြီး ထယ်ဟျောင်းအိမ်ထဲရောက်နေတာဖြစ်သည်။ တခြားမှာသွားစောင့်ပါလားလို့ပြောရင်လည်း ထယ်ဟျောင်းကသူ့ကိုအိမ်ထဲမသွင်းချင်လို့ လူမှုရေးခေါင်းပါးသည်ဟု အထင်ခံရဦးမည်ဖြစ်တာကြောင့် အိမ်ထဲ၀င်ထိုင်နေခိုင်းလိုက်တာဖြစ်၏ ။