unicode
sneaker အဖြူလေးထဲကို ခြေအိတ်အဖြူ၀တ်ထားသော ခြေထောက်လေးများအားထိုးထည့်လိုက်ပြီးနောက် အိမ်တံခါးကိုသော့ခတ်ပြီး ဘေးလွယ်အိတ်ကကြိုးလေးကိုဆုပ်ကိုင်လိုက်တဲ့ လက်ကလေးတစ်ဖက်က သွယ်သွယ်လေး။
ထယ်ဟျောင်းကျောင်းသားအသစ်လေးတစ်ဦးကို စာသင်နေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့လေးပင် ။ ခြံတံခါးကိုပါ သော့ခတ်ပြီးနောက်တွင်တော့ တက္ကစီလေးငှားကာ စာသင်ပြရမည့်အိမ်ကလေးဆီကိုထွက်လာခဲ့တော့သည် ။
တူလေးနဲ့အဒေါ်ပဲနေတဲ့ထိုအိမ်ကလေးက ခပ်နွမ်းနွမ်းလေးဖြစ်သည် ။ ကျွန်တော့်ကို ငှားတုန်းကလည်း သူ့တူလေးက တခြားကလေးတွေလို ဈေးကြီးကြီးကျူရှင်တွေလည်းမထားနိုင်လို့တဲ့ ။ ကျွန်တော်ကလည်း guide တွေထဲမှာဆို အဖိုးအခသိပ်မယူကြောင်း သိထားကြတော့ ကျွန်တော့်ကိုအကူညီတောင်းရှာတာ ။
အမှန်ဆို အလကားတောင်သင်ပေးချင်ပါသည်။ သို့ပေမယ့်လည်း တစ်ဖက်ကကြည့်ရင် ကျွန်တော်လည်းသွားစရိတ်လာစရိတ်တွေအပြင် အချိန်တွေပါဖယ်ရမှာကြောင့် အဖိုးအခ မယူလို့လည်းမရဘူးလေ ။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံးဈေးနည်းနည်းပဲပြောထားလိုက်ပါသည် ။
ကျောင်းသားလေးက အလယ်တန်းအကြီးပိုင်းတွေထဲကဖြစ်သည် ။ နာမည်က ဒိုဂျန်အွန်း ။
ရက်နည်းနည်းပဲသင်ရသေးတာတောင် ဂျန်အွန်းက ဉာဏ်ကောင်းတာသိသာလှသည် ။ တော်တော်ထူးချွန်တဲ့ကလေးလေးရယ် .. လိမ်မာရေးကြားလည်းရှိပြီး ကျွန်တော့်အပေါ်လည်း ရိုသေသည် ။ ဒီလိုကလေးဆိုတာမျိုးက ဒီလိုခေတ်မှာ ရှာမှရှားပဲ ။
'တင်း တင်'
ခြံရှေ့က ဘဲလ် လေးကိုတီးလိုက်တော့ ခဏအကြာမှာ တံခါးလေးအပြေးလာဖွင့်တဲ့ ဂျန်အွန်း။
"ဆရာရောက်ပြီပဲ"
အပြုံးလေးနဲ့ဆိုပြီး ကျွန်တော့်ရဲ့ဘေးလွယ်အိတ်ယူ၍ သယ်ပေးသည်။ ဒီကလေးလေးက တကယ်အကြည်ဓာတ်လေးပါဆို ။
"ဆရာလေးတောင်ရောက်ပြီပဲ"
အိမ်ထဲရောက်တော့လည်း စာသင်ဖို့စားပွဲရှင်းပေးနေပြီဖြစ်သော ဂျန်အွန်းအဒေါ်က နှုတ်ဆက်သည် ။