unicode
ဂျက်စတင်သည် ညနေအဲလစ်ကို ကျူရှင်ပို့ခါနီးအချိန် ဒေးဗစ်ဆီဖုန်းဆက်ကြည့်ခဲ့သည်။ သူတွက်ထားသည့်အတိုင်းပင် ။ ဂိုက်ဆရာက အိမ်မှာရှိမနေဘဲ စားသောက်တစ်ခုမှာထိုင်နေသည်တဲ့ ။ သူဂိုက်ဆရာအပေါ်လုပ်ခဲ့တဲ့ အပြုအမူကြောင့် ထိုလူသူ့ကိုရှောင်တော့မည်ဆိုတာ ကြိုတွက်မိသည်သဖြင့် ဒေးဗစ်ရဲ့လူနှစ်ယောက်ကို ထိုလူ့အားစောင့်ကြည့်ခိုင်းစေခဲ့တာဖြစ်သည် ။
"ဒီနေ့မင်းဆရာက ကိစ္စရှိလို့ အပြင်ထွက်သွားတယ်တဲ့ အိမ်မှာမရှိဘူး မင်းဒီနေ့သွားစရာမလိုတော့ဘူး"
ကျောပိုးအိတ်ပြင်နေတဲ့ အဲလစ်ကိုပြောလိုက်တော့ အဲလစ်က ပြန်မော့ကြည့်သည်။ ခဏငေးနေပြီးတော့မှ ခေါင်းလေးတညှိမ့်ညှိမ့်လုပ်ပြီး
"ဒါဆိုမသွားရတော့ဘူးပေါ့ .."
"အင်း။ ငါအပြင်ခဏသွားလိုက်ဦးမယ် ဘာစားချင်လဲ အပြန်၀င်၀ယ်ခဲ့မယ်"
အဲလစ်ကမျက်လုံးလေးလတ်သွားသည် ။ထို့နောက် ..
"ကြက်ကြော်စားချင်တယ်"
"အင်း"
အဲ့ဒီ့နောက်တော့ဂျက်စတင်ဟာ အိမ်ကနေကားဖြင့်ထွက်လာခဲ့ပြီး ဒေးဗစ်ပြောတဲ့ သူ့လူတွေစောင့်ကြည့်ထားခဲ့သော ဂိုက်ဆရာ ရှိနေသည့်စားသောက်ဆိုင်ဆီကို မောင်းလာခဲ့လိုက်သည်။
ဆိုင်က အရမ်းကြီးသေးတာမျိုးလည်းမဟုတ်သော်လည်း လူတော့သိပ်မရှိ။ သူဆိုင်ထဲကို ၀င်သည်နှင့်သူ့အာရုံအလုံးစုံက ထောင့်နားက ဝိုင်းမှာ ငြိမ်ငြိမ်ကလေးထိုင်နေသော သူ့ဆီကိုသာဖြစ်သည် ။
အနားကိုလျှောက်သွားလိုက်ပြီး ဘေးမှာရပ်လိုက်သည်အထိ ထိုလူက ဂျက်စတင့်ကို ချက်ချင်းမော့ကြည့်လာသေးချေ။
ခဏတာငြိမ်နေသေးပြီးမှ မော့ကြည့်လာလျှင် ဖျော့တော့နေတဲ့ ထိုလူ့မျက်နှာကိုမြင်လိုက်ရသည် ။
"ဟင်!"
"အဟင်း.."
လူကိုမြင်သည်နှင့်အာမေဋိတ်သံကလေးပင်ထွက်သွားကာ ထိုင်နေရာမှထဖို့ပြင်တဲ့သူကို ပခုံးကနေပြန်ဖိချလိုက်တော့ လက်ကခံစားလိုက်မိသည်က အပူရှိန်ကိုဖြစ်သည် ။ ဒီဂိုက်ဆရာဖျားနေတာတောင် အိမ်မှာမနေဘဲ ဒီလိုအပြင်လျှောက်ထွက်နေတာပေါ့?