unicode
ထယ်ဟျောင်းအခန်းထဲကို ကိုကိုကြီးလည်းရောက်နေသည် ။ ထယ်ဟျောင်းကုတင်စပ်မှာခြေချထိုင်နေကာ ကိုကိုကြီးကတော့ရှေ့မျက်နှာချင်းဆိုင်၍ မတ်တပ်ရပ်နေ၏ ။
လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ပြီးမျက်နှာငယ်နှင့်ကုတင်ပေါ်ထိုင်နေသူက ငိုထားသဖြင့်နှာခေါင်းကလည်းတရှုံ့ရှုံ့လုပ်နေသေးသည်။ ထယ်ဂျွန်းတစ်ယောက်ခါးထောက်ကာ စိုက်ကြည့်နေမိရင်း ဘယ်ကနေ စ မေးရမှန်းမသိတော့ ။ သို့ပေမယ့် အခုဘာစကားမှမပြောဘဲကြည့်နေတာတော်တော်ကြာနေပြီမို့ စကားက စ ရတော့သည် ။
"အဲ့ဒီ့ကောင်က ဘာလုပ်ထားတာလဲ"
ထယ်ဂျွန်းဆီက အမေးစကားထွက်လာတော့ ထိုင်နေသူက မျက်လုံးလေးဝင့်ပြီး မရဲတရဲမော့ကြည့်သည် ။ အစ်ကိုတွေမသိအောင်ရည်းစားထားမိလို့ဆိုပြီး သူ့ကိုယ်သူအပြစ်ရှိတယ်ထင်နေပုံရသည် ။
"ကိုကြီးကမင်းရည်းစားထားတဲ့ကိစ္စကို ဆူမလို့မဟုတ်ဘူး .. ပြဿနာကိုသိရအောင်မေးတာ"
ထပ်ပြောတော့လည်း ပါးလေးရဲပြီးခေါင်းပြန်ငုံ့သွားသည်။ ခဏလောက်ငြိမ်နေပြီးတော့ အဖြေပြန်လာ၏ ။
"သူလုပ်ထားတဲ့အပြစ်တွေက အများကြီး"
ထင်တော့ထင်ပြီးသား .. အဲ့ဒီ့ကောင်လုပ်ထားမယ့်အပြစ်က သေးသေးသိမ်သိမ် ၊ နည်းနည်းနှောနှောမဟုတ်လောက်ဘူးဆိုတာ ။
"အဲ့တော့ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"
"လမ်းခွဲမှာ .. ပြတ်ပြီ သူနဲ့!"
ဘယ်လောက်တောင်မကျေမနပ်ဖြစ်နေလဲမသိ။ ပြတ်ပြီဆိုတဲ့အသံက ဆောင့်ထွက်လာသည်။ ပြောတော့သာစိတ်နာသလို နဲ့ လမ်းခွဲမယ့်စကား .. လူကြည့်တော့မျက်ရည်လေးအရွှဲသားနဲ့ ။
"အဲ့ဒီ့ကောင် ကိုကြီးကိုပြောတော့ မင်းအထင်လွဲနေတာ ဆို.."
မေးလိုက်တော့ မျက်တောင်လေးတဖြတ်ဖြတ်ခတ်သည်။ ပေါင်ပေါ်ကလက်ကလေးတွေကလည်းအငြိမ်မနေ ..
"မဖြစ်နိုင်ပါဘူး .. ကျွန်တော်အထင်လွဲစရာအကြောင်းမရှိဘူး"
"ဒါဆိုလည်းပြီးတာပဲ ဒီကိစ္စမင်းရဲ့ကိုငယ်သိလား"
ထိုအခါကျခေါင်းလေးခါပြသည် ။ ပြီးတော့မှ မျက်နှာပြန်မော့လာပြီး ..
