unicode
အိမ်အပြင်တွေမှောင်မိုက်နေစဲဖြစ်ပြီး မိုးစက်များကလည်းတဖွဲဖွဲကျဆင်းနေကြသေးသည်။ ထယ်ဟျောင်းတို့ အိမ်တစ်အိမ်လုံးတွင်မှ ထယ်ဟျောင်းရဲ့အခန်းလေးတစ်ခန်းတည်းသာလျှင် စာကြည့်မီးရောင်မှိန်မှိန်လေးလင်းနေခဲ့ပါသည်။ ထယ်ဟျောင်းက အရင်ကစန်းဟွာနဲ့တစ်ခန်းတည်းနေတာပေမယ့် ပြီးခဲ့တဲ့ရက်ကမှ ဘေးကပ်ရပ်ကပစ္စည်းတွေသိမ်းထားတဲ့အခန်းကိုသေချာရှင်းလင်းလိုက်ပြီး သူနေဖို့လုပ်ပေမယ့် စန်းဟွာက သူပဲနေပါ့မယ်ဆိုကာ ထိုအခန်းလေးမှာနေနေတာဖြစ်သည်။ စန်းဟွာကလည်း တစ်စိတ်ရှိသူကြီးပြင်းခဲ့တဲ့ မိဘမဲ့ဂေဟာဆီကိုပဲပြန်မည်ပြောနေပေမယ့် ထယ်ဟျောင်းတို့မှာ ဂျက်စတင့်ကိစ္စကြောင့်ပူဆွေးသောကရောက်လိုက်ရသေးတာကြောင့် စန်းဟွာထိုကိစ္စကိုထပ်မပြောလာသေးတာဖြစ်သည်။ အခုလည်း ဂျက်စတင့်ကိုပြန်တွေ့ပြီဆိုတာ ထယ်ဟျောင်းမှ အပဘယ်သူမှ မသိသေးပါ ။ ဂျက်စတင်ကလည်း တခြားသူတွေကိုအသိမပေးသေးရန်တောင်းဆိုထားပါသေးသည် ။
ဘာတွေဖြစ်လာသလဲ ဂျက်စတင်ဘာတွေကြုံတွေ့လာခဲ့သလဲကို ထယ်ဟျောင်းသိချင်ပေမယ့်လည်း ချက်ချင်းကြီးမမေးနိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် လက်ရှိသူ့ရှေ့ကိုရောက်နေပါသော သူ့ချစ်ရသူဟာ လန်းဆန်းတက်ကြွမှု အနည်းငယ်မျှမရှ်ိသလို ထိမိလျှင်တောင် ကြေမွသွားနိုင်သည့် အက်ကြောင်းရာတွေထပ်နေသည့် ဖန်ခွက်လေးတစ်လုံးလိုဖြစ်နေသည်ကြောင့်ပင် ။
ဒီအချိန်မှာ သူ့ကိုထယ်ဟျောင်းကသာ ဂရုစိုက်မပေးပါလျှင် ဘယ်သူကသူ့ကိုဂရုစိုက်ပေးမည်နည်း ။
အပြင်မှာနှစ်ယောက်လုံးမိုးရေတွေစိုလာခဲ့တာကြောင့် ထယ်ဟျောင်းလည်းအိမ်ထဲရောက်ရောက်ချင်းအ၀တ်လဲရသည်။ ကိုယ်အရင်လဲပြီးမှ သူ့အတွက်သူနဲ့အဆင်ပြေမယ့်အ၀တ်ရှာကြည့်တော့ အ၀တ်ဗီဒိုရဲ့ထောင့်လေးမှာ သေသေချာချာလေးခေါက်၍သိမ်းဆည်းထားဆဲဖြစ်ပါသော ထယ်ဟျောင်းသူ့အိမ်ကိုပထမဆုံးအကြိမ်ရောက်ခိုက်က သူ့ဆီက ငှား၀တ်လာခဲ့သည့် ခရမ်းနုရောင် pajamas ၀မ်းဆက်လေးကြောင့် အဆင်သင့်သွားခဲ့ပါသည်။