unicode
ထုံးစံအတိုင်းပင် ဂျက်စတင်သည်နံနက်စောစောမှာအိပ်ရာမှနိုးထလာခဲ့သည်။ သူဟာသူ့ရှေ့ကခါးသေးသေးကိုဖက်ထားပြီး ရင်ခွင်ခပ်နွေးနွေးလေးဆီမှာ မျက်နှာအပ်ထားမိသည်ဖြစ်ကာ ထိုရင်ခွင်ရဲ့ပိုင်ရှင်ကလည်း သူ့ဦးခေါင်းကိုပြန်လည်ဖက်တွယ်ထားပေးလေသည် ။ ဂျက်စတင်သည်အိပ်ရာမှနိုးနိုးချင်း နားရွက်ဖျားလေးများနည်းနည်းနီမြန်းသွားရပြီးမှ တစ်စုံတစ်ရာကိုသတိပြုမိသွားကာစိုးရိမ်စိတ်များဖြစ်ထွန်းသွားရတော့သည်။
"ဘေဘီ"
မျက်နှာလေးကိုရင်ခွင်ထဲကမော့ကြည့်လိုက်တော့ နှုတ်ခမ်းတွေဖြူဖျော့နေသည်။ သူ၀င်ခွေနေတဲ့ ရင်ခွင်လေးဟာလည်းနွေးနေတာမဟုတ်ဘဲ ပူခြစ်နေခြင်းသာဖြစ်သည်။ သူ့ရည်းစားဟာ ဖျားလို့နေလေပြီ။
"ဘေဘီ .. ဟေး"
အိပ်ရာမှချက်ချင်းကုန်းရုန်းထမိကာ ပုခုံးလေးကိုခပ်ဖွဖွလှုပ်နှိုးမိသည်။ အိပ်နေတာပဲကိစ္စမရှိပေမဲ့ ဒီအပူချိန်တိုင်းသတိလစ်နေတာတို့ဘာတို့ဖြစ်မှာစိုးရသည်လေ ။
"ဘေဘီ ... ကျုပ်ခေါ်နေတယ်ကြားလား"
ပါးတွေ နဖူးတွေမှာလည်း ပူခြစ်နေသေး၏။ ဂျက်စတင်တော်တော်လေးပြူးပြူးပျာပျာဖြစ်သွားသည်။မနေ့ ညတုန်း အရှိန်ကဒဏ်ဖြစ်ကာ ရာသီဥတုကြောင့်ရောပြီး ဖျားသွားရသည်ထင်၏ ။
"ဘေဘီ..!"
"အမ်~"
တော်တော်လေးလှုပ်နှိုးလိုက်တော့မှ မပွင့်တပွင့်အသံလေးထွက်လာသည်။ ထိုတော့မှပဲ ဂျက်စတင့်ရင်ထဲကအပူလည်းလျော့ကျသွားရ၏ ။ ဆက်နှိုးနေလို့မှ နိုးမလာရင် သူထယ်ဟျောင်းကိုဆွဲပွေ့ပြီး အောက်ထပ်ကယောက်ဖတွေဆီဆင်းပြေးတော့မလို့ ။
"ဘေဘီ! ခင်ဗျားကိုယ်တွေအရမ်းပူနေတယ် .. နေရတာဘယ်လိုနေလဲ .. ကျစ်! ကျုပ်ဘေဘီ့အစ်ကိုကြီးတွေကို သွားပြောလိုက်မယ်"
"ချမ်းတယ်.."
ထယ်ဟျောင်းဟာ သူ့လက်ကလေးနှင့်ဂျက်စတင့်လက်ဖဝါးကိုဆွဲထားကာ ခပ်တိုးတိုးအသံလေးနှင့်ဆိုသည်။ ဂျက်စတင်လည်းဘေးကရှိရှိသမျှစောင်တွေ ဆွဲယူကာ ထယ်ဟျောင်းကိုယ်ပေါ်လွှမ်းခြုံလိုက်ပြီး သူကိုယ်တိုင်ပါ ထယ်ဟျောင်းဘေးမှာပြန်လှဲချ၍ ထယ်ဟျောင်းခပ်တင်းတင်းဖက်ထားပေးလိုက်သည်။