unicode
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ ဂျက်စတင်ရပ်နေမိသည်။ သူဒီကိုဘယ်လိုရောက်နေသလဲမတွေးတတ်။ ခေါင်းထဲမှာရော အတွေးတွေထဲရောထိုင်းမှိုင်းနေ၏ ။ မျက်စိရှေ့မှာ ကားတစ်စီးရပ်လာ၏။ ကားပေါ်ကအမျိုးသားတစ်ဦးကဆင်းပြီးဆိုင်ထဲကို၀င်သွားသည်။ မိုးဖွဲတွေတဖွဲဖွဲကျလာသည်အထိ ဂျက်စတင့်ခန္ဓာကိုယ်ဟာ လှုပ်မရသည့်အတိုင်းထိုနေရာမှာရပ်နေမိသည်။ ရုတ်တရက်ပါပင် မျက်စိရှေ့ကားဆီကို လူတွေအများကြီးရောက်လာကာ ကားပေါ်ကအမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးကိုဆွဲချတော့သည်။
ဂျက်စတင်သွား၍ကူညီချင်သည့်တိုင်အောင် ဂျက်စတင့်ဟာလုံး၀လှုပ်၍မရ ။ ဂျက်စတင့်မျက်ဆံတွေဟာ တုန်လှုပ်ခြောက်ခြားမှုတွေပြည့်နက်လာလျက် ထိုမြင်ကွင်းကို မဖြစ်မနေလိုကြည့်နေခဲ့ရသည် ။
ယောက်ျားသားတွေက အဲဒီကလေးရဲ့အမေကိုတုတ်နဲ့ဝိုင်း၍ရိုက်နှက်နေသည်။ မိုးရေတွေထဲမှာ ထိုအမျိုးသမီးရဲ့ခေါင်းကသွေးတွေက ရွှဲနစ်နေ၏ ။ ဦးခေါင်းတစ်ခုလုံးကြေမွသွားကာ တော်တော်လေးရုပ်ပျက်ဆင်းပျက်နိုင်လှသော မြင်ကွင်းက ဂျက်စတင့်ရင်တွေတလှပ်လှပ်တုန်နေစေသည်။ လည်ချောင်းတစ်ခုလုံးပူပြင်းအက်ရှကာ အော်ငိုချင်မိသည်။
"မာမီ"
နှုတ်ကနေထွက်လာတဲ့ နာမ်စားက ထိုနာမ်စားသာ။ ဘေးပတ်၀န်းကျင်ဟာအမှောင်ထုကြီးဖုံးလွှမ်းသွားသည်။
"မာမီ .. မာမီ"
ထိုအချိန်မှာမှ သူဟာစတင်လှုပ်ရှားလို့ရသွားခဲ့ပေမယ့် ပတ်၀န်းကျင်တစ်ခုလုံးကတော့ မှောင်ပိန်းနေခဲ့၏ ။ သူဘာကိုမှမမြင်ရပါ ။ ခန္ဓာကိုယ်ကအေးစက်တဲ့လေထုကိုအံတုနေရသလို ဂျက်စတင်ထိတ်လန့်နေမိသည် ။ နောက်ဘက်ကထွက်လာတဲ့ အသံတစ်ခု ။
"မင်း ..."
ဂျက်စတင်လှည့်ကြည့်လိုက်သည်။ မြင်လိုက်ရတဲ့အရာနဲ့အတူ တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထကာ သွေးပျက်သွားမိ၏ ။
"မာမီ"
ဦးခေါင်းတစ်ခုလုံးကြေမွလျက်သားနဲ့ သူ့ရှေ့မှာရပ်နေတဲ့သူဟာ သူ့မိခင်။