unicode
အစက စန်းဟွာကိုဆေးရုံခေါ်သွားကြမလို့ပေမဲ့ ဂျက်စတင်ကဒီနားမှာ သူ့သူငယ်ချင်းဟာနွန်းရဲ့ဆေးခန်းရှိတာကြောင့် ထိုကိုသာခေါ်သွားစေခဲ့သည် ။ ထယ်ဟျောင်းကတော့ ကိုငယ့်ကိုပါဖုန်းဆက်အကြောင်းကြားထားလိုက်ပြီး ကိုယ့်ကိုကိုယ်သာအပြစ်တင်နေတော့သည်။ သူသာစန်းဟွာကို ဂရုတစိုက်ကြည့်နေခဲ့ရင် ဒီလိုဖြစ်မှာမဟုတ် ။ အခုကသူကဂျက်စတင်နဲ့ စိတ်ရောက်နေလို့ ဒီလိုဖြစ်ရတာ ။
"ရတယ် .. ငါပွေ့မယ်"
ဆေးခန်းထဲကိုခေါ်သွားမည့်အချိန်ဂျက်စတင်ကစန်းဟွာကိုပွေ့ရမှာလားဆိုတဲ့ အကြည့်မျိုးနဲ့လာကြည့်တာကြောင့် ထယ်ဟျောင်းထိုသို့ပြောလိုက်သည်။ အရေးအကြောင်းရယ်ဆိုပေမယ့်လည်း ထယ်ဟျောင်းသ၀န်ကြောင်နေမိပါသည်။
ဤသို့နှင့်စန်းဟွာကို ထယ်ဟျောင်းသာပွေ့ပြီးဆေးခန်းထဲကိုခေါ်သွားစေခဲ့သည်။ ဆေးခန်းထဲ၀င်လာတဲ့ ဂျက်စတင်တို့ကိုတွေ့တော့ ဟာနွန်းတစ်ယောက်ပြူးတူးပျာတာနဲ့ အမြန်ထလာရှာသည်။ ထယ်ဟျောင်းလက်ထဲကလူနာကိုအပြေးလာကြည့်ကာ..
"ဘယ်လိုဖြစ်တာလဲဗျ .. ညီလေးတို့ မိတ်ဆွေပဲလား"
ထယ်ဟျောင်းကို ဟာနွန်းကမေးတော့ ထယ်ဟျောင်းကခေါင်းညှိမ့်ပြလိုက်သည်။ ဘေးကဂျက်စတင်ကလည်း၀င်ဖြေပေး၏။
"အကြမ်းဖက်ခံရတာထင်တာပဲ ငါတို့ကရောက်တော့ သတိလစ်သွားတာတွေ့တာ"
ဟာနွန်းကလန့်သွား၏ ။ ခပ်သွက်သွက်ပင်လူနာကိုဆေးခန်းထဲကကုတင်ပေါ်တင်စေကာ ..
"ဒါဆိုဒီတိုင်းနဲ့ဘယ်လိုလုပ်ပြီးမှာလဲ ရဲတိုင်ရမှာပေါ့။ တရားခံကိုရော မင်းတို့မြင်လိုက်လား"
ထယ်ဟျောင်းမျက်လုံးထဲမှာ အဖြူရောင်ပြိုင်ကားပိုင်ရှင်ကိုမြင်လာသည် ။ အီဂျယ်မင် ဒီမျှဆိုးဝါးလာလိမ့်မယ်ဟုမထင်ထားမိ။ ကိုယ့်ချစ်သူကိုယ် ဒီလိုပြန်လုပ်တာ ဘယ်လောက်ယုတ်မာလိုက်သလဲ ။
စန်းဟွာရဲ့ ပါးမှာ နီရီပဲနေတဲ့အရာက ဒင်းရိုက်ထားတာဆိုတာ တွေးကြည့်လိုက်လို့ရသည်။ ဟာနွန်းက စန်းဟွာသွေးခုန်နှုန်းတွေစစ်ဆေးပြီး အ၀တ်တွေကိုဖယ်ဖို့လုပ်ရသည် ။ အကြမ်းဖက်ခံရတာမှန်လျှင် ခန္ဓာကိုယ်မှာ ဒဏ်ရာပေါင်းသောင်းခြောက်ထောင်ကရှိကိုရှိမှာပင်။
