unicode
မနက် ၅ နာရီလောက်ကြီး ချွေးစေးတွေပြန်နေရသူမှာဒေးဗစ်ဖြစ်သည်။ သူကအခုကားမောင်းနေတာဖြစ်ပြီး လေဆိပ်ကိုသွားနေတာ။ အကြောင်းကား ကိုရီးယားကို ဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာသောဂျက်စတင့်ရဲ့ဖခင်နှင့် သူ၏အမျိုးသမီးကြောင့်ပင် ။ အခုလေဆိပ်မှာရောက်နေကြပြီဖြစ်ပြီး လာကြိုဖို့လှမ်းခေါ်ထားတာဖြစ်သည် ။
ပုံမှန်ဆိုရင် ဘာမှချွေးပြန်နေစရာမရှိပေမယ့် အခုရှိနေတာက ဂျက်စတင်စီးဂဲ(လ်)ဆိုတဲ့ကောင်ကြောင့် ။ ဒင်းမနေ့ညတည်းက အိမ်ကြီးဆီက လူတွေအကုန်လုံးကို ပ ထုတ်ထားတာ ဒေးဗစ်နှင့် အဲလစ်တောင်ဟိုတယ်သွားအိပ်ရတာဖြစ်သည် ။ အဲလစ်ကအခုကိုယ်ရံတော်တစ်ဦးနှင့် ဟိုတယ်မှာကျန်နေခဲ့၏ ။
ဂျက်စတင့်ကိုဖုန်းလှမ်းဆက်ပေမယ့် ဒင်းကတစ်စက်မှ မကိုင်။ အခုဆရာလေးကအိမ်ကြီးမှာရှိနေဦးမည်ဆိုတာ ဒေးဗစ်ရဲရဲကြီးအာမခံနိုင်သည် ။ထို့ကြောင့် အကယ်၍ ဂျက်စတင့်မိဘတွေသာ အိမ်ကြီးဆီကိုရောက်ရင် ဆရာလေးနှင့်တွေ့ကုန်ကြမှာအမှန်ပင် ။ ဆရာလေးဖုန်းကလည်းဆက်လို့မရနှင့် ဒေးဗစ်တော်တော်တိုက်ပတ်နေရသည်။ အိမ်ကိုတစ်ယောက်ယောက်လွှတ်ပြီးသွားပြောခိုင်းစေချင်တာတောင် မနေ့ညကသကောင့်သား၏ သူ့ခွင့်ပြုချက်မရဘဲ အိမ်ထဲ၀င်လာရင် သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်ထားမှုကြောင့် ဘယ်သူ့ကိုမှမလွှတ်ရဲတာဖြစ်သည် ။ ဒင်းကသတ်တော့သတ်မှာမဟုတ်ပေမယ့် သူ့စကားကိုလွန်ဆန်တာကြောင့် အနည်းနဲ့အများတော့ အထိနာမှာပင် ။ ပြီးတော့ ဒင်းဘာကြောင့်ပြန်မလာခိုင်းသေးသလဲ ကိုယ်ကလည်းမသိဘူးလေ။
ထို့ကြောင့် အခုဒေးဗစ်ရွေးရမယ့်လမ်းကတစ်လမ်းသာရှိတော့သည် ။ ဂျက်စတင့်မိဘတွေနဲ့ဆရာလေးကိုပေးတွေ့လိုက်ဖို့သာကျန်တော့၏ ။ ဒီ့ထက်ပိုပြီးဘာမှလည်းလုပ်မပေးနိုင်တော့ချေ ။
ဂျက်စတင်စီးဂဲ(လ်) .. မင်းတော်တော်အကျိုးမပေးတဲ့ကောင် ။
တစ်ဖက်မှာတော့ ဂျက်စတင်ဟာအိပ်ရာကနိုးသည်နှင့် အရင်ဆုံးဧည့်ခန်းထဲကအမှိုက်တွေကိုထရှင်းနေတာဖြစ်သည်။ စားပွဲပေါ်က မု့န်တွေရော အရက်ပုလင်းတွေရော အကုန်သိမ်းသင့်တာသိမ်းပြီးမှ ရေချိုးဖို့တွေးထားတာဖြစ်၏။ တစ်ယောက်သောသူကတော့ အခုထိအိပ်ရာမနိုးသေးပါ ။ အခုထိလည်း ထိုလူရောဂျက်စတင်ရောနှစ်ယောက်စလုံးသန့်ရှင်းရေးမလုပ်ရသေး ။
