Chapter 36

612 57 0
                                    

"မစ္စတာရှုက အနုပညာလောကမှာ လူကြီးလူကောင်းတစ်ယာက်။ လူကြီးလူကောင်းဆိုတာ ကျောက်စိမ်းတုံးတစ်တုံးလိုပဲ။ သေချာတယ် သူ....."

-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ချောင်ဟွေ့က မျက်လုံးများကိုမှိတ်လိုက်ပြီး မျက်နှာလွှဲထားလိုက်၏။

ကျန့်ကျားကျားသာ သူ(မ)တွေးနေတာတွေကိုသိလျှင်တော့ သူ(မ)ကို အတွေးလွန်နိုင်လွန်းတယ်ဆိုပြီး အားရပါးရ ရယ်နေ‌ပေလိမ့်မည်။

ရှုရီယန်သည် တည်ငြိမ်ရင့်ကျက်ပြီး လူကြီးဆန်သည့်လူတစ်ယောက်ဖြစ်သည်။ သူ့လိုလူက ဒီကိစ္စလောက်နှင့် သူ(မ)ကို စိတ်ဆိုးလိမ့်မည်မဟုတ်။ သူ(မ)ကိုယ်တိုင်လည်း အ‌တွေးလွန်နေတာဟု ခံစားနေရ၏။

သို့သော် ထိုအချိန်တုန်းကတော့ ရှုရီယန်၏ ဒေါသရိပ်ယောင်များကို အမှန်တကယ် မြင်တွေ့လိုက်ရသလိုပင်။

ကျန်ရှင်းနောက်က မစ္စတာချောင်လိုက်ထွက်လာ၏။ သူက မနီးမဝေးတွင် ရှုရီယန်ရပ်နေတာကို မြင်တွေ့သွားသည်။

သူက စိတ်ပါလက်ပါနှင့် ရှုရီယန်ကို လက်ဆွဲနှုတ်ဆက်လိုက်၏။

"ဆရာရှု တိုက်တိုက်ဆိုင်ဆိုင်ပါလား။"

မစ္စတာချောင်သည် အကျိုးအမြတ်မရှိလျှင် ဘာမှမလုပ်တတ်သော စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ ရှုရီယန်သာ သာမန်ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ခဲ့ပါက အခုလို ဂရုတစိုက်ဆက်ဆံလိမ့်မည် မဟုတ်ပါ။ သို့သော် ရှုရီယန်က သာမန်မင်းသားမဟုတ်ပါ။ သာမန်ဟူသော စကားလုံးသည် ရှုရီယန်နှင့် မည်သို့မှ ဆက်စပ်၍ မရသလိုပင်။ ထို့ပြင် ရှုရီယန်သည် ကိုယ်ပိုင်ကုမ္မဏီထောင်ထားသည့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်နေသောမစ္စတာချောင်အတွက် ရှုရီယန်သည် အလေးမထားဘဲ‌နေလို့ရသူတစ်ဦးမဟုတ်။

ရှုရီယန်ကလည်း ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်၏။

"ဥက္ကဌ ချောင်ပါလား။ တိုက်ဆိုင်လိုက်တာဗျာ။"

ရှုရီယန်က သူ့ကို ဥက္ကဌချောင်ဟု သုံးနှုန်းလိုက်သဖြင့် မစ္စတာချောင် အနည်းငယ် ဘဝင်ခိုက်သွား၏။ သူနှင့် ရှုရီယန်တို့က အဆက်အဆံ သိပ်မရှိပါ။ ရှုရီယန်ကလည်း သူ့အကြောင်း သေချာမသိပါ။ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် လူချင်းတွေ့ခြင်းဖြစ်သည်။ ရှုရီယန် အခန်းရှေ့ရောက်နေတာ ချောင်ဟွေ့ကြောင့်ဟုလည်း သူမသိပါ။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ