"မစ္စတာရှုက အရမ်းအသုံးဝင်တာပဲ။ ဘာကိစ္စပဲရှိရှိ ဘယ်အချိန်အခါပဲဖြစ်ဖြစ် သူ့နာမည်ပြောလိုက်တာနဲ့ ပြဿနာအားလုံးငြိမ်းတယ်။ ငါပဲ အရမ်းကံကောင်းနေတာလားမသိ။"
- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
မစ္စတာချောင်က သူကြားလိုက်ရသည်ကို မယုံနိုင်သေးပေ။
"နင်ဘာပြောလိုက်တာ။"
ယခုအကြိမ်သည် ချောင်ဟွေ့ သူ(မ)အဖေကို ပထမဆုံးအကြိမ် ပုန်ကန်ဆန့်ကျင်ခြင်းဖြစ်သည်။ သူ(မ)စိတ်ထဲ ကြောက်ရွံ့နေသော်လည်း တစ်ဖက်က အားရကျေနပ်သလို ခံစားနေရ၏။ သူ(မ)သည် ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ခံစားချက်ရှိသူတစ်ယောက်ဖြစ်သည်။ သူ(မ)အဖေပိုင်ဆိုင်သော အရုပ်တစ်ရုပ် မဟုတ်ပါ။ သူ(မ)အဖေက သူ(မ)ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ကောင်းကောင်းမွန်မွန်ထားခဲ့သည်။ ထိုကျေးဇူးတရားကို သူ(မ) ကောင်းစွာ နားလည်ပါသည်။ နောင်အနာဂတ်တွင် မိဘကျေးဇူးဆပ်ရန်လည်း ဆန္ဒရှိပါသည်။ သို့သော် သူ(မ)ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သောကိစ္စကိုတော့ မနာခံနိုင်ပါ။
သူ(မ)၏စိတ်ထဲ ကောင်းစွာပြင်ဆင်ထားပြီးဖြစ်သည့်အတွက် နောက်တစ်ကြိမ်ထပ်ပြောဖို့ ဝန်မလေးပါ။ တည်ငြိမ်စွာပင် ထပ်ပြောလိုက်၏။
"ကျွန်မ လက်ထပ်ပြီးပြီ။"
မစ္စတာချောင် ထပ်မံအံ့အားသင့်သွားပြီး လက်ကိုဆန့်တန်းကာ "ဘာ။"
သူက ချောင်ဟွေ့လာနောက်နေသည်လို့ ထင်နေသေးလားမသိ။"နင်က လက်ထပ်ပြီးပြီလို့ ပြောလိုက်တာလား။"
"ဟုတ်တယ် အဖေ။"
မစ္စတာချောင် အခုထိ မယုံနိုင်သေးပါ။ သူ့ကို တစ်ခါမှ ပြန်မပြောဖူးဘဲ နာခံတတ်သည့်သမီးက တိတ်တိတ်ပုန်းလက်ထပ်ထားလိမ့်မည်လို့ သူမယုံပါ။ ချောင်ဟွေ့သည် တစ်ခါမှ အဖေကိုဆန့်ကျင်ဖူးသူမဟုတ်။ တခြား ဆယ်ကျော်သက်ကလေးများ မိဘကို ကလန်ကဆန်လုပ်နေကြသည့်အချိန်တွင်ပင် သူ့သမီးချောင်ဟွေ့က လိမ္မာခဲ့သည်။ နားလည်သိတတ်ခဲ့သည်။
သူမှတ်မိသလောက် သူ့သမီးက သူစိတ်ညစ်ရအောင် တစ်ခါမှမလုပ်ဖူးပါ။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...