Chapter 40

562 45 0
                                    

ချောင်ဟွေ့ ဆိုဖာပေါ်တွင်တင်ပျဉ်ခွေ၍ အကျအနထိုင်လိုက်၏။ သူ(မ)၏ဟန်က ရှုရီယန်နှင့် အကြာကြီး စကားပြောတော့မည့်ဟန်ပင်။

ရှုရီယန်၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ယှက်သန်းသွား၏။ သူကလည်း မျက်မှောင်ကြုတ်လိုက်ပြီး သေချာနားထောင်ပေးတော့မည့်ပုံ ပြောင်းလိုက်သည်။

ချောင်ဟွေ့က သူ(မ)၏ဒူးခေါင်းကို လက်ညှိုးနှင့်ပုတ်နေရင်း မေးလိုက်၏။
"မစ္စတာရှုကို တစ်ခုလောက်မေးချင်လို့။"

"အင်း မေးလေ။"

ရှုရီယန်က သကြားညိုရည်ကို ဖိတ်မကျစေရန် ဘေးခုံတွင်တင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

အစကတော့ သူ(မ)ပြောမည့်အကြောင်းအရာကို စကားပလ္လင်ခံ၍ သေချာမိတ်ဆက်ပြီးမှပြောရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် သူ(မ) ရှုရီယန်ကိုယုံ၏။ စကားပရိယာယ်တွေမဆင်ဘဲ တိုက်ရိုက်မေးလည်း သူနားလည်နိုင်ပါသည်။

ဒုတိယအချက်ကတော့ သူ(မ) လောလောဆယ် ထိုသို့ စကားကြွယ်ရန် စိတ်မပါခြင်းဖြစ်သည်။ ထို့ကြောင့် သူ(မ)လည်း တခြား ဘာမှစဉ်းစားလို့မရတော့သည်နှင့် ရှုရီယန်ကို တိုက်ရိုက် မေးမြန်းလိုက်သည်။

"ဖောက်ပြန်တာနဲ့ပတ်သက်ပြီး ရှင်ဘယ်လိုမြင်လဲ။"

ထိုသို့မေးပြီး သူ(မ)၏ လှပသောမျက်တောင်များကို ခတ်လျက် ရှုရီယန်ဘာပြန်ပြောမလဲလို့ စောင့်နေလိုက်၏။

ဒီလိုကိစ္စမျိုးကို ချောင်ဟွေ့က တော်ရုံပြောတတ်သည်မဟုတ်ပါ။ ဒီနေ့ သူ(မ)ဝမ်းနည်းနေပုံရတာ ထိုကိစ္စနှင့် ဆက်စပ်နေကောင်း ဆက်စပ်နေနိုင်၏။ ရုတ်တရက်စိတ်ကူးပေါက်ပြီး ထမေးတာမဖြစ်နိုင်ပေ။

ရှုရီယန်က လက်ပိုက်လိုက်၏။ သူ့လေသံက တည်ငြိမ်လေးနက်နေသည်။
"ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ တာဝန်ယူချင်စိတ်၊တာဝန်သိစိတ်ရှိပြီး ကိုယ့်ကိုယ်ကိုယ်စောင့်ထိမ်းနိုင်တဲ့ ဘယ်သူမဆို ဒီလိုကိစ္စမျိုးကို လွယ်လွယ်နဲ့ ကျူးလွန်မှာမဟုတ်ဘူး။"

ချောင်ဟွေ့က နှုတ်ခမ်းများကိုဖိလိုက်ပြီး ထပ်ပြောလာမည့်စကားများကို စောင့်ဆိုင်းနေခဲ့သည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now