Chapter 30: အကြီးအကဲ မိုဖုန်၏ အတွေးများ
“နတ်ဆိုးကျင့်ကြံသူလား”
ယောက်ကျန် လန့်သွား၏။
နတ်ဆိုးကျင့်ကြံသူက ဘာလို့ ပါလာတာလဲ။
အကြီးအကဲမိုဖုန်က ဆက်၍
“ဒီအရွက်အဖျားတွေ မည်းနေတာက နတ်ဆိုးစွမ်းအင် ရှိနေတဲ့သဘောပဲ။ အချိန်က (၁၂) နာရီအတွင်းလောက်ပဲ ရှိဦးမယ်။ အဲ့တော့ နတ်မြွေပျံလည်း အင်အားကြီး နတ်ဆိုးကျင့်ကြံသူဆီက အသတ်ခံရတဲ့ပုံမျိုးပဲ”
သူ ငယ်စဉ်က နတ်ဆိုးကျင့်ကြံသူများနှင့် ပတ်သက်ဖူး၍ သူတို့အကြောင်း သေချာ သိပါသည်။
ထို့ကြောင့် အရွက်များ တွေ့သည်နှင့် ချက်ချင်း သဘောပေါက်လိုက်၏။
ထို့အပြင် အရွက်ကို မီးရှို့ကြည့်သောအခါတွင်လည်း နတ်ဆိုးစွမ်းအင်များ ထွက်လာလေသည်။ယောက်ကျန် မျက်မှောင်ကြုတ်လျက်
“ဒါပေမဲ့ နတ်မြွေပျံကြီးကို ဆရာဦးလေးကိုယ်တိုင် ကင်စားနေတာ တွေ့ခဲ့တယ်ဗျ။ သူ သတ်တာ မဟုတ်ရင် ဘာလို့ သူ့လက်ထဲ ရောက်နေတာလဲ”
“နတ်ဆိုးကျင့်ကြံသူက ဒီအတိုင်း သတ်ပြီး ပစ်ထားခဲ့လို့ ယူစားတာရော မဖြစ်နိုင်ဘူးလား”
အကြီးအကဲမိုဖုန်က ခန့်မှန်းလေသည်။
“ဟင်…”
ယောက်ကျန် စွံ့အနေ၏။
မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း သက်သေ မရှိပေ။
“မင်း မယုံတာ သိပါတယ်။ ငါ ရှင်းပြတာ နားထောင်ရင် နားလည်သွားလိမ့်မယ်”
ယောက်ကျန်တွေးနေသည်များအား ရိပ်မိသောကြောင့် အကြီးအကဲမိုဖုန်မှဆက်၍
“ငါလည်း ထူးဆန်းတယ်လို့တော့ ထင်ပါတယ်။ နတ်မြွေပျံ ခန္ဓာကိုယ်က တော်တော်ကြီးတာလေ။ သူ ကိုယ်ကျုံ့ထားရင်တောင် သေပြီးရင် နဂိုပုံ ပြန်ဖြစ်လာမှာပဲ။ ပြီးတော့ မင်းပြောတာ သူ့ပုံစံက သေးသေးပဲဆို။ အဲ့တော့ နတ်ဆိုးစွမ်းအင်နှင့် ဖျက်ဆီးထားတာ မဟုတ်ရင် မဖြစ်နိုင်ဘူး”
အကြီးအကဲမိုဖုန်မှာ ယောက်ကျန်စကား စကြားစဉ်က ထူးဆန်းနေသော်လည်း နတ်ဆိုး ကျင့်ကြံသူဖြင့်သာဆို အားလုံး မှန်နေသည်။
YOU ARE READING
စွမ်းအားကြီးလှသော ဆရာဦးလေး
Fantasíaမူရင်းရေးသူ - Heng Sao Tian Ya ဘာသာပြန် - ထူးတင့်နန္ဒာ ဒါလည်း ခွင့်ပြုချက်မတောင်းထားပါဘူး။ ကျွန်တော် ဖတ်ရင်း နဲ့ တင်မှာဖြစ်ပါတယ်။ admin လာပြောရင် ဖျက်ပေးပါ့မယ်။ start date-4•5•2024(sat) end date -