chapter 22
123 9 0
အခန်း ၂၂: စံအိမ်! ထပ်မံအဆင့်တက်ခြင်း!
ယွမ်တစ်သန်းနဲ့ဘာလုပ်လို့ရလဲ?
ချင်လင်အတွက်ကတော့ အိမ်ကအကြွေးတွေအကုန်ဆပ်ပြီး ကျောက်မိုချင်းကိုအိမ်ခေါ်လာဖို့ အိမ်တစ်လုံးဖိုးတောင်ချေလို့ရသေးသည်။
ရည်မှန်းချက်တွေနဲ့လူတစ်ယောက်သာဆိုရင် ဒီယွမ်တစ်သန်းကို ကြီးကြီးမားမားလုပ်ဖို့စဉ်းစားကြမှာပင်။ သူတို့စိတ်ထဲမှာ နောက်ထပ်ယွမ်တစ်သန်းရဖို့ အကြံအစည်တွေအမျိုးမျိုးချထားလောက်ပြီ။
သို့သော်သူကတော့ ရည်မှန်းချက်မရှိ။ သူ့မှာပန်းတိုင်မရှိသေးခင် ပေါ့ပေါ့ပါးပါးနေပြီး ကျောက်မိုချင်းကိုလူရွေးမမှားကြောင်း သိစေချင်သည်။
ယွမ်(၆)သိန်းခွဲရပြီးနောက် ချင်လင်ကမဆိုင်းမတွပင် လင်းရှန်အား ယွမ်(၁၃၀၀၀)လွှဲပေးလိုက်၏။
သူလည်း တစ်ထိုင်တည်းအချီကြီးရလိုက်သလို ပွဲစားကိုလည်း အချိန်ဆွဲမထားချင်ပေ။ နှစ်ဦးနှစ်ဖက်ပျော်ရွှင်မှုက နောက်ခြေလှမ်းအတွက် အခြေခံအုတ်မြစ်ဖြစ်၏။
ဂိမ်းထဲမှလူပုလေးအာနီက သူ့ကိုနောက်ထပ်လာရှာပြီး တဖန်ငါးမျှားပြိုင်ကာ နောက်ထပ်ငါးတစ်ကောင်များပေးလေမလား? ဒါဆိုရင် လင်းရှန်ကိုလိုအပ်သေး၏။
ဒီအဆောင်အယောင်ငါးကိုရောင်းတာ ချင်လင်အတွက်ပထမဆုံးအကြိမ်ဆိုတာ လင်းရှန်လည်းသိသည်။ သူကပြုံးရင်း ငွေလက်ခံလိုက်ပြီး သတိပေးလိုက်၏_ ''လူကြီးမင်းချင်... တစ်လအတွင်း အခွန်ငွေအစီရင်ခံပြီး အခွန်ဆောင်ဖို့မမေ့ပါနဲ့... အဆောင်အယောင်ငါးရောင်းဝယ်ရေးမှာ တိတိကျကျအခွန်ငွေသတ်မှတ်ထားတာမရှိဘူးဆိုပေမဲ့ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေထဲမှာ အထူးအခွန်ဆောင်ရမယ့်အထဲပါနေတယ်''
''အရင်တုန်းက အဆောင်အယောင်ငါးကို ယွမ်(၅)သိန်းနဲ့ရောင်းပြီး အသိပေးဖို့မေ့နေတဲ့ လူတစ်ယောက်ရှိဖူးတယ်... သူကအတွေ့အကြုံမရှိလို့လေ... နောက်မှအစီရင်ခံစာတင်တော့ နှစ်ဆဒဏ်ရိုက်ခံရတဲ့အပြင် အချုပ်ထဲလည်း ခဏဝင်လိုက်ရသေးတယ်''