အပိုင်း ၆
ကိုသား ခေါ်လာသော အိမ်လေးရှေ့တွင် ဝေတို့နှစ်ယောက်ရပ်မိသည်။ အိမ်လေးသည် လမ်း၏ ပဆောက်ကွေ့အစ လှေဦးတိုက် လှည်းဦးတိုက်အနေအထားပင် ။ ခြံဝင်းလေးနဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်လေးမို့သီးသန့်ဆန်နေသည်။
ကိုသားသည် ပိတ်ထားသော သစ်သားခြံစည်းရိုးတံခါးမှ ပတ်တာကို ကလန့်ဖွင့်ရင်း ခြံထဲသို့ဝင်သည်။ လူရင်းဆန်လှသော ကိုသားအပြုအမူတွေအရ နေမှနေခွင့်ရပ့ါမလား လို့ စိုးရိမ်နေမှုများ အနည်း ငယ်လျော့ရ၏။ သူ့ကို ငဲ့ကြည့်တော့ ခြံဝင်းအနေအထားကို လေ့လာနေဟန်...ဝေ့လောက်လည်း
ပူပန်တုန်လှုပ်မနေ။
"ကြီးတော်ရေ...ကြီးတော်"
တိတ်ဆိတ်နေသော အိမ်ဝင်းအတွင်းမှ
"ဘယ်သူလဲ" ဟူသောအမေးသံနှင့် အတူ အသက် ၆၀ကျော်ခန့် အဘွားတစ်ယောက်ထွက်လာသည်။
ပိန်ပိန်ပါးပါးနှင့် သန်သန်မာမာပုံရှိသော အဘွားသည် ကိုသားကိုကျော်၍ အနောက်မှာရပ်နေသော ဝေတို့
နှစ်ယောက်ကို အကဲခတ်သည်။
"ကြီးတော်...ဒါ ကျွန်တော်နဲ့သိတဲ့ ညီလေးတွေ။ တက္ကသိုလ်ကျောင်းသားတွေ...အဲ့ဒါကြီးတော် နောက်က အခန်းလေး အားတယ်မလား။ သူတို့ နှစ်ယောက်နေလို့ရမလား"
"နယ်ကလား"
"ဟုတ်ကဲ့"
အဘွားအမေးကို ကိုသား ထက်ဦးအောင် သူဝင်ဖြေသည်။ အဘွားက သူ့ကို ကြည့်ရင်း သူ့ဘေးမှ ဝေ့ဆီ
သို့ အကြည့်ရောက်လာပြန်သည်။ မှောင်ရိပ်ကျနေသဖြင့် မျက်မှောင်ကုတ်ကာ အားစိုက်ကြည့်သည်။ အရိုက်ခံထားရ၍ မျက်နှာမှ ညိုမဲစွဲရာများကို မမြင်စေရန် သူ့ပခုံးစွန်းနောက်နား ကွယ်ရပ်နေရသည်။
"ကြီးတော် ရတယ်မလား ။ သူတို့လည်း တစ်နေ့လုံး ပြေးလွှားနေရတာ ပင်ပန်းနေကြလို့ အရင်ခေါ်လိုက်
မယ်။ လာ လာ"
ကိုသားသည် ပိုင်နိုင်စွာပင် အိမ်ဘေးမှ ပတ်၍ အဖီလို့ ပြောလို့ရသော အိမ်နောက်ဖက်မှ အခန်းလေးသို့ခေါ်သွားသည်။ အိမ်လေးလို ဖြစ်နေသော အခန်းလေးက ဆယ်ပေတောင်မပြည့်ချင်။ ဖယောင်းပုဆိုးခင်းထားသော အိမ်ရှေ့ခန်းလေးက ခပ်ကျဉ်းကျဉ်း။ ကျွန်းသစ်ရောင်ဖော်မြူကာပြားကာထားသော အခန်းလေးကဒီအိမ်လေးထဲက တစ်ခုတည်းသော အိပ်ခန်းဖြစ်လိမ့်မည်။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi