အပိုင်း ၁၈
46K 5.2K 190
အပိုင်း ၁၈
"သော်..."
ကျွန်တော့်ကို မြင်သည်နှင့် အိမ်ပေါက်ဝတွင် ကျုံကျုံလေးထိုင်နေရာမှ ခုန်ဆင်းကာ လာကြိုသည်။ အလုပ်ဆင်းချိန်ထက် နောက်ကျလွန်းမက နောက်ကျမည့်အကြောင်း ကြိုတင်ဖုန်းဆက်ထားသော်လည်း သူ့ စိုးရိမ်မှုက လျော့နည်းဟန်မရှိ။
အနားကပ်သည်နှင့် ခပ်သင်းသင်းရလိုက်သော အေးမြမြသနပ်ခါးပန်းကိုယ်သင်းနံ့ က ညဥ့်ဦးယံလေညင်းနှင့် ပနံသင့်သည်။ ဒီနေရာတွင် အလုပ်ပြန်လာကြိုမည့် အိမ်သူသက်ထားဇနီးချောဆိုတာတွေ အစားထိုးမခံစားနိုင်။
ကရုဏာရသဖြည့် မျက်ဝန်းဝိုင်းများမှ စိုးရိမ်မှု အရိပ်အယောင်များပျောက်အောင် နှစ်သိမ့်ပေးရဦးမည်လေ။
"အိပ်​တာမဟုတ်ဘူး အစ်ကိုရာ... " ဟူသော စကားသည် အုပ်ဆောင်းနီအုပ် ထမင်းဝိုင်းလေးကြောင့် လေထုထဲ အစပျောက်သွားရသည်။
"ထမင်းစားပြီးပြီလား ဟင်"
မေးသူကိုယ်တိုင်စားရသေးပုံမပေါ်။ ငွေခြူးမသည် အောင်ပွဲခံသည့်အနေဖြင့် ဘူဖေးအဝကျွေးလိုက်သော်လည်းမုသာဝါဒကို ခေါင်းခါခြင်းဖြင့် ကာယကံမြောက်ကျူးလွန်လိုက်သည်။ အကုသိုလ်အစုစုကို စိတ်မကောင်းဖြစ်သည့်မျက်ဝန်းအစုံဖြင့် အမျှဝေသည်။
"ခဏစောင့်နော်။ ဟင်းချိုအေးနေလို့ ပြန်နွှေးလိုက်ဦးမယ်"
နောက်ပြန်လှည့်သော လက်ကို ပြန်ဖမ်းဆွဲကာ ထိုင်ချစားသောက်ခိုင်းသည်က အမိန့်မဟုတ်။ ဟာနေသောဝမ်းဗိုက်ပါးချပ်ချပ်လေး၏ ဆာလောင်မှုကို ငြှိမ်းသက်ခြင်းသာ။ ငယ်ငယ်က သင်ကြားဖူးသောလောကနိတိအခြေခံ တရားများကို ခေါင်းထဲမှာသာ ပြန်အံလေ့ကျင့်မိသည်။
အစ်ကိုသည် သူ့ကိုယ်သူဘယ်နေရာတွင်ထားသည်လဲတော့ ကျွန်တော်သေချာမသိ။ သို့သော် ဇနီးကောင်းများ၏ ကြင်အင်လက္ခဏာများနှင့် အံဝင်ခွင်ကျရှိလွန်းလှ၏။ ကျွန်တော် မနိုးသေးခင် အစဉ်စောစီးစွာ အိပ်ရာထတတ်သလို အိပ်ရာဝင်ပါကလည်း အမြဲလိုလို အိပ်ရာသေချာခင်းလေ့မရှိသော ကျွန်တော့်အတွက်အိပ်ရာပြင်ဆင်ပေးတတ်သည်။ တားသော်လည်းမရ ။ သူစိတ်တိုင်းကျ ပြင်ဆင်ပေးပြီးမှသာ သူ့အခန်းလေးထဲဝင်အိပ်တတ်သည်။ အခုလည်းကြည့် ။ ကျွန်တော်ပြန်မလာမချင်း ထမင်းစားစောင့်နေပေးနေပြန်သည်။