အခန်း (၁)
" နင့်အစ်ကို ဒီညနေ ရောက်လာလိမ့်မယ်။ အခန်း သွားရှင်းထားဦး ကာတွန်း "
" အခန်းရှင်းပေးရင် မုန့်ဖိုးပေးမှာလား "
ကြက်တောင်မွှေးတစ်ချောင်းနဲ့ မေမေက ကာတွန်း ထိုင်နေတဲ့ ဆိုဖာခုံနား ဝဲလည်လည်။ ဖုန်းနဲ့ ဂိမ်းဆော့နေရာမှ အလကား မလုပ်ပေးနိုင်ကြောင်း ပြောမိတော့ လက်ထဲ ကိုင်ထားသည့် ကြက်တောင်မွှေးနဲ့ ဆိုဖာနောက်ကျောကို အသံမြည်အောင် တဘုန်းဘုန်း ကျွေးတော့၏။
ဒါပါပဲ။ ဒါကမှ ကာတွန်းရဲ့ ကျေးဇူးရှင် စတိုင်လ်အစစ်။ လူကို နားအူအောင် ဆူချင် ဆူမည်။ မဟုတ်ရင် တွေ့တာနဲ့ တစ်ခုခု ခိုင်းဖို့ ပြင်မည်။ ပြီးရင် ဘေးနားရှိသည့် မပေါက်ကွဲနိုင်မည့် ပစ္စည်းတွေကို မျက်လုံးအစုံနဲ့ ရှာဖွေပြီး မာန်မဲလိမ့်မည်။ အခုလည်း ထုံးစံမူကို ရွက်ပိုးထားလျက်ပင်။
ကိုင်ထားသည့် ကြက်တောင်မွှေးကို ကာတွန်း ထိုင်နေသည့် ဆိုဖာနေရာ ဝန်းကျင်တွင်သာ ရစ်သီ ရစ်သီ လုပ်နေပြန်၏။ ဖုန်သုတ်နေတာလည်း မဟုတ်ပါဘဲ မျက်နှာကို မှုန်ပြထားလျက် ဆူပူဖို့အတွက် စကားလုံး ကြီးကြီးမားမားတို့ကို ရှာဖွေယူနေသည်။ မာတာမိခင် ဖွဲ့နွဲ့လာမည့် ဝါကျရှည်တို့ကို သားတစ်ယောက်၏ ဝတ္တရားအရ နားထောင်ရဦးမှာမို့ မထိတထိ လာလုပ်နေသည့် ကြက်တောင်မွှေးကို ရှောင်ရှားရင်း ဂိမ်းစစ်မျက်နှာစာတွင် အခြေချကာ ကာတွန်း ထိုင်စောင့်နေလိုက်သည်။ မေမေ နှုတ်ခမ်းထက်က ထွက်ကျလာမည့် အဆူအဆဲ ဝေါဟာရတို့က ကာတွန်းအတွက် အလွတ်ရနေသည့် ကျက်စာ တစ်ပုဒ်လို ဖြစ်နေပြီမို့ ဒီလို အကွက်တွေကို မဖြုံတော့ပေ။ မေမေ့ နည်းစနစ်တွေကို နည်းနည်း ဆန်းသစ်ဖို့သာ နောက်နေ့ကြုံရင် အကြံပေးဖို့ တွေးထားလိုက်၏။
" နင့်လက်ထဲက ဖုန်းကို ချမလား။ ငါ့လက်ထဲက တုတ် နင့်ကျောပေါ် ချရမလား "
" အဲဒါတွေကြောင့် တစ်ဦးတည်းသောသား မဖြစ်ချင်တာ "
" ငါ့ကို ပွစိပွစိ ပြန်ခံပြောမနေနဲ့။ နင့်လက်ထဲက ဖုန်းကို အခု ချလိုက်တော့နော် ကာတွန်း။ ထပ်မပြောဘူး။ စကား နားမထောင်ရင် ဒါနဲ့ပဲ လာမှာ "