အခန်း (၂၈)
အသစ်တစ်ဖန် ပြန်လည်စတင်ခဲ့သည့် နေ့ရက်တွေမှာ ဒဏ်ရာဟောင်းတွေကို ရင်ထဲသာ မြှုပ်နှံ ဖြစ်ကြသည်။ ကောင်လေးက Engineering ကုမ္ပဏီတစ်ခုမှာ အိုင်တီပိုင်းဖြင့် အလုပ် ဝင်ခဲ့သလို ကာတွန်းကလည်း ဘာသာစကား သင်တန်း တက်ရင်း ကော်ဖီဆိုင်လေး၏ အချိန်ပိုင်း ဝန်ထမ်း ဖြစ်လာခဲ့သည်။
" ကာတွန်းရေ။ ပြီးပြီလား "
" ပြီးပြီ။ ပြီးပြီ "
ဘေးလွယ်အိတ်ကို ပခုံးပေါ် တင်ရင်း မီးဖိုချောင်ခန်းထဲ ရောက်လာသူ။ ကောင်လေးအတွက် ထမင်းဘူးကို အိတ်ထဲ ထည့်နေရာက ပြန်ဖြေလိုက်ရ၏။ ကောင်လေးက ခုံမှာ ဝင်ထိုင်လာပြီးနောက် ကာတွန်း ဖျော်ထားသည့် ကော်ဖီကို မော့သောက်နေသည်။
" ဘာဟင်းလဲ "
" အာလူးကြော်။ အရည်ဟင်း တစ်ခွက် ပါတယ်။
ထမင်းလျှော့ထားတာမို့ ကုန်အောင် စားလာခဲ့ "" အင်း။ စိတ်ချ။ ကုန်စေရမယ် "
" ကောင်လေး "
ကောင်လေးရဲ့ ဘေးမှာ ဝင်ထိုင်ရင်း မုန့်တစ်ချပ်ကို ကိုက်နေရာက မျက်လုံးဝင့်ကာ မေးဆတ်ပြ၏။ ကောင်လေးကို စေ့စပ်စွာ ကြည့်ရင်း အနား တိုးကပ်ပစ်လိုက်သည်။ လန့်သွားသည့် ကောင်လေးက ကိုယ်လေး နည်းနည်း တွန့်သွားပေမဲ့ ကာတွန်းကိုတော့ ဆောင့်တွန်း မလာခဲ့။
" ရေမွှေးနံ့ ပြောင်းသွားတယ် "
အင်္ကျီကို သေချာ အနံ့ခံကြည့်ရင်း ပြောပြီးနောက် ကောင်လေးကို မော့ကြည့်ဖြစ်တော့ ယောင်နနနဲ့ ခေါင်းညိတ်လာ၏။
" အင်း။ ကာတွန်း သုံးတဲ့ ရေမွှေးနံ့ကို ကြိုက်လို့ "
" ကြိုက်ပါ။ ကြိုက် "
" အင်း။ ကြိုက်တယ်။ ရေမွှေးရော ထမင်းဘူးရော "
ကိုယ်ကို နောက်ပြန်ဆုတ်ရင်း ပြောတော့ ခပ်တည်တည်လေး ပြောလာသည့် ကောင်လေးက အိတ်နဲ့ ထမင်းဘူးကို ယူပြီး မတ်တပ် ထရပ်တော့၏။
" ကောင်လေး "
" ခေါ်ပြန်ပြီ။ ပြောပါဗျ။ ဘာမှာစရာ ရှိသေးလို့လဲ "