အခန်း (၅)
နာရီစင်ကို တစ်ပတ် ပတ်သည်။ ပြည်ချစ်ဘုရားမှာ ကောင်လေးနဲ့အတူ ဓာတ်ပုံလည်း ရိုက်ခဲ့၏။ ကာတွန်းထက် ဘုရားကန်တော့ချိန် ပိုကြာသည့် ကောင်လေးကို ဘေးက ထိုင်စောင့်ပေးဖြစ်၏။ လက်ကတော့ မငြိမ်ပါ။
ဖုန်းကို လိုင်းဖွင့်ချိန် Group Chat ထဲက တိရစ္ဆာန် လေးကောင်ကြောင့် စိတ်ထဲက အကျယ်ကြီး အော်ဆဲသံကို နှုတ်ခမ်းပေါ် လက်ကာပြီး အကွယ်ယူရင်း ခပ်လှုပ်လှုပ် ရွတ်လိုက်ရသည်။ သတိ မလွတ်ဘဲ ဘရိတ် အမြန် အုပ်နိုင်၍ အော်ကျယ်အော်ကျယ် မဆဲမိလိုက်တာ တော်သေးသည်။ အမြင်မတော်သည့် ဖွံ့ဖွံ့ဖြိုးဖြိုး နေရာတွေအား ဝံ့ဝံ့ကြွားကြွား လှစ်ဟထားသည့် ပစ္စည်းရှိ လူတန်းစားတချို့၏ ရက်ရောမှုကြီးကြောင့် ဖုန်းကို အမြန်ပိတ် အင်္ကျီ အိတ်ကပ်ထဲ ထိုးထည့်လိုက်ရသည်။
မြတ်စွာဘုရားကို အားနာမိပေမဲ့ ပေးနေသည့် ငရဲကို မယူဘဲ မနေနိုင်ခဲ့။ ရခဲလှသည့် လူ့ဘဝကနေ တန်းဆင်းဇုန်ကို ကန်ချခံရမည့်အရေးနဲ့ လူမို့ ကာတွန်းမှာ နတ်ပြည်တက်ဖို့လည်း မမျှော်မှန်းရဲပါ။ ဘဝအဆက်ဆက်က အကုသိုလ် အကြောင်းပြုပြီး လူ့ဘုံလူ့ဝါကနေ အောက်ဆင်းရဖို့အတွက် ပါရမီ ဖြည့်ပေးနေကြသည့် ငရဲမင်း၏ သားတော်များကို သူငယ်ချင်းအဖြစ် ပေါင်းသင်းနေရ၍ ဒီဘဝမှာ လူဖြစ်ရကျိုးလေး နပ်ရင်ပဲ အတော်အတန် ကျေနပ်စရာ ကောင်းလှပြီ။
ဘုရားကအပြန် ပြင်ဦးလွင်မှာ ကာတွန်း အကြိုက်ဆုံး ကော်ဖီလက်ရာ ဆိုင်ကို ဦးတည်သည်။ ခါးကို ဖက်မလာသည့် ကောင်လေးရဲ့ ဘယ်ညာလက်အစုံက ဆိုင်ကယ် ဘေးဘက်မှာသာ တွယ်တွယ်ရစ်ရစ် မြဲမြဲမြံမြံ။
နေကြာတွေ ရှုံးလောက်အောင် ပြုစားရက်သည့် ကိုယ်သင်းနံ့ သင်းသင်းလေးက လေအဝှေ့တိုင်းမှာ ကာတွန်းကို ကျီစယ်နေလျက်။ရန်ကုန်သားမို့ ပြင်ဦးလွင်ရဲ့ ရာသီဥတုနဲ့ နေသား မကျနိုင်မှာ ပူရသည်။ ကာတွန်းလို Hoodie တွေ မဝတ်တတ်သည့် ကောင်လေးက မိုးပြာရောင် ရှပ်အပါးလေး တစ်ထည်နဲ့သာ။ ကာတွန်း မောင်းတဲ့ ဆိုင်ကယ် နောက်က လိုက်စီးဖို့အတွက် မယုံမကြည် တွန့်ဆုတ်နေခဲ့သူကို ပညာပြချင်ပေမဲ့ လန့်သွားမှာစိုး၍ မလုပ်ရက်ပြန်။ အသားကုန် ကြမ်းရမ်းပြဖို့ နေနေသာသာ အရှိန်ပင် ပိုမတင်ရဲ။ ကောင်လေး အေးမှာ စိုးစိတ်နဲ့ ဖြည်းဖြည်းမှန်မှန်သာ ရွေ့ဖြစ်သည်။