Ep - 14 [U]

549 81 3
                                    

အခန်း (၁၄)

" ဒီတစ်ခွက်ပဲနော်။ မျက်လုံးတွေ ရဲနေပြီ "

" သုံးခွက်ပဲ သောက်ရသေးတာလေ "

စကားသံက ပီသပေမဲ့ မျက်လုံးတွေက မူးနေကြောင်း သိသာစေသည်။ သူငယ်ချင်းတွေနဲ့ အပြိုင် လျှော့ချင်ပေမဲ့ အမီမလိုက်နိုင်တဲ့ ကာတွန်းက ခေါင်းမာချင်နေသည်။ ဘေးချင်းကပ် ထိုင်နေသည့် ရိုးရာကို ပစ်မှီထားရင်း အမူးသမားလေး လုပ်နေရှာ၏။

ထင်းမီးပုံ အသေးလေးဆီက အနွေးဓာတ်ကြောင့် အအေးမိမှာ စိတ်ပူစရာတော့ မလို။ သို့ပေမဲ့ ကာတွန်းရဲ့ လက်ဖျားတွေကိုတော့ မကြာခဏ စမ်းကြည့်ဖြစ်၏။

" ဒီက အစ်ကိုကလည်း ရန်ကုန်ကပဲဆို "

အပြိုင်အဆိုင် သောက်ထားပေမဲ့ လတ်လတ်လန် အဖွဲ့သား လေးယောက်ကတော့ အခြေအနေ ကောင်းနေဆဲ။ မူးရိပ်မသမ်းပုံအရ အတော်လေး စကေးကြွယ်ပုံပင်။ တစ်တီတူးရဲ့ အမေးက ရိုးရာနဲ့  မျက်နှာချင်းဆိုင် ထိုင်နေသူဆီ ရောက်ရှိလာ၏။

" အင်း။ ရန်ကုန်ကပဲ "

" ကာတွန်း။ မင်း အိမ်မှာ ရန်ကုန်သားတွေ လာဆုံနေတာပဲကွ "

" အေး။ အဲ့တော့ ဘာဖြစ်လဲ "

ဇီးကွက်ရဲ့ စကားကို ပြန်ကန်ထုတ်ပစ်လိုက်တဲ့ ကာတွန်းရယ်ပါ။ နောက်ထပ် ဘီယာခွက်ကို ရွယ်နေသေး၍ အအေးခွက်နဲ့ လဲပြီး လက်ထဲ ထည့်ပေးလိုက်ရ၏။ အမူးသမားလေးက ယာမကာအရှိန်နဲ့ ရစ်ထုပ်မကျပေမဲ့ ပျော့ခွေလေး ဖြစ်ချင်နေသည်။ အရိုးပျော့ဆေး စားထားသလား ထင်ရလောက်အောင် ရိုးရာကို ပစ်မှီထားတာပင်။
လက်ထဲက အအေးခွက်ကိုလည်း အကုန် မော့ပစ်၏။

" ဘာမှ မဖြစ်ဘူး။ ကိုကောင်းနဲ့က ရွယ်တူဆိုတော့ အချင်းချင်း သိနေကြမလားလို့ "

ထူးခန့်ပိုင်ရဲ့ အကြည့်တစ်စုံက ရိုးရာဆီ ဆိုက်ကပ်လာ၏။ ဒီမေးခွန်းကို ဖြေဖို့အတွက် တွန့်ဆုတ်နေပုံ ရသည်။

" ငပိန်းကောင် ! ဒီလောက်ကျယ်တဲ့ မြို့ကြီးထဲမှာ ရွယ်တူဖြစ်တာနဲ့ပဲ သိနေစရာလား။ ခေါင်းသုံးစမ်းပါ။ ဂျိုပဲ ထောင်ပြမနေနဲ့ "

" ရေစက်ဆုံတာမျိုးလည်း ဖြစ်နိုင်တယ်လေကွာ "

" ဆုံချင်တိုင်း ဆုံလို့ ရအောင် အဲ့ရေခဲခြစ်တဲ့ စက်ကို မင်းပိုင်တာမို့လား။ ဇာတ်ကားတွေ လျှော့ကြည့်လေ အန်နီးမည်းရေ။ မဟုတ်ရင် လက်တွေ့ ဘဝထဲကနေ ဝေးသွားလိမ့်မယ် "

CartoonDonde viven las historias. Descúbrelo ahora