အခန်း (၄၃)
" မဟုတ်တာ မမရယ်။ ဖြူ ဘယ်လိုလုပ်ပြီး "
" ဖြူ လုပ်နိုင်မယ်လို့ မမ ယုံတယ်။ ဒီတော့ မငြင်းပါနဲ့။ အစ်မရဲ့ ခွဲခွာခြင်းလက်ဆောင်လို့ သဘောထားပြီး လက်ခံပေးလေနော် "
ဖြောင့်ဖြောင့်စင်းစင်း ဆံသားနက်နက်လေးတွေဆီ ညင်သာစွာ ထိတွေ့မိသည်။ မျက်ရည်လေး လည်နေသည့် ကောင်မလေးက နာမည်လေးနဲ့ လိုက်ဖက်စွာ ဖြူစင်လှပေသည်။
" မသွားလို့ မရဘူးလားဟင် "
" ထွက်ပြေးတာ မဟုတ်လို့ စိတ်မကောင်းမဖြစ်နဲ့။ မမ သင်ယူချင်တဲ့ ပညာရပ်တွေ ရှိလို့ သွားမှာ။ ပြီးတော့ မမရဲ့ နှလုံးသားကိုလည်း တံခါး ဖွင့်ပေးနိုင်ဖို့ ကြိုးစားရဦးမယ်လေ "
ဖြူစင့် လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်မိရင်း ရင်ထဲက အမှန်တရားတွေကို ရိုးသားစွာ ဝန်ခံဖြစ်သည်။ အတူရှိခဲ့သည့် အချိန်တွေ မနည်းခဲ့၍ သူမလည်း သံယောဇဉ် တွယ်မိတာ အမှန်ပင်။ အငယ် မရှိသူမို့ ဖြူစင်က ညီမလေး တစ်ယောက်လို ဖြစ်ခဲ့၏။
" ဒီဆိုင်လေးကို မမကိုယ်စား ဖြူစင်ကပဲ စောင့်ရှောက်ပေးပါ။ ပန်းကလေးတွေရဲ့ အလှနဲ့ မွှေးပျံ့တဲ့ ရနံ့ ဝေဆာသင်းနိုင်ဖို့ ကူညီပေးပါ။ မမ ဖြူစင့်ကို ယုံတယ်။ ဖြူစင်သာဆို ဒီပန်းလေးတွေကို အလှမပျက်ဘဲ ဆက်ပြီး ထိန်းသိမ်းသွားနိုင်မှာ .."
" ဖြူ မမ ပြောသလို လုပ်ပါ့မယ်။ ဒါပေမဲ့ အပိုင်တော့ မပေးခဲ့ပါနဲ့နော်။ ဖြူ မယူရက်ပါဘူး မမရယ်။ ဖြူ မမရဲ့ ဝန်ထမ်းပဲ ဆက်လုပ်မယ်လေ။ မမ ပြန်လာတဲ့အခါ ဒီပန်းဆိုင်လေးကို .."
" ဖြူ "
မျက်ရည်အိုင်ငယ်ဆီမှ ပူဆွေးဝမ်းနည်းမှုတို့ လျှံကျလာသူ။ ဟန့်တားကာ ခေါ်မိတော့ မျက်တောင်ဖျားတို့ ပင့်မြှောက်ထားလျက် မော့ကြည့်လာသည်။ ပါးပြင်ထက်က ဆိုစွတ်မှုကို သုတ်ဖယ်ပေးရင်းမှ အနှစ်နှစ်၊ အလလ အတူ ရှိခဲ့သော ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ဆိုင်ထဲက ပန်းကလေးတွေကို ကြည့်မိသည်။
" မမ ပြန်မလာဖြစ်လောက်ဘူး ဖြူ။ နေရာသစ်မှာ အရာအားလုံးကို တစ်က ပြန်စဖို့ မမအတွက် အချိန် လိုအပ်တယ်။ မမ ရင်ထဲက မြတ်နိုးခဲ့ဖူးတဲ့ လူတစ်ယောက်ကိုလည်း မေ့နိုင်ဖို့ ကြိုးစားရဦးမှာ။ ဒါပေမဲ့ မေ့ချင်မှပဲ မေ့နိုင်မှာ။ မသေချာဘူး ဖြူ။ တစ်ချို့ နှလုံးသားတွေက အစွဲအလမ်း ကြီးတတ်ကြတယ်လေ။ ဘဝတစ်သက်တာမှာ အဲ့ဒီလူ တစ်ယောက်တည်းအတွက်ပဲ ထာဝရ ရှင်သန်ချင်ကြတာမျိုး ဖြူရဲ့။ ဒါကို ဖြူ နားလည်နိုင်မလားဟင် "