အခန်း (၇)
" ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့သူရယ် နွေးနွေးထွေးထွေး ရင်ခုန်တယ်။ မှေးစက်နော် အသည်းဝယ် မောပမ်းလို့ နွမ်းရင် မောင်လေ ချော့ကာ သိပ်ပါမယ် အေ့အေ့အေအို .. အို မေရယ် အိပ်တော့ကွယ်။ မောင်ချော့ကာ သိပ်ပါ့မယ် အေ့အေ့အေအို .. အချစ်ရယ် အိပ်တော့ကွယ် "
အိမ်ထဲ ဝင်ဝင်ချင်း ဆီးကြိုနေသော ခေတ်လူငယ်လေး၏ သီချင်းညည်းသံ တိုးလျလျ။ ဧည့်ခန်းထဲက ဆိုဖာခုံမှာ အဝါရောင် ဘဲရုပ် တစ်ရုပ်ကို ပိုက်လို့ မျက်တောင်ဖျားတို့ ငိုက်စင်း ချကာ လှဲနေသူ။ ရိုးရာ ရောက်လာတာကိုပင် မသိသူသည် ဖုန်းမှ ဖွင့်ထားသော သီချင်းဇုန်ထဲ နစ်မြောလျက် ခပ်တိုးတိုး လိုက်ဆိုနေသည်။ ဒီလို ငြိမ်ငြိမ်အေးအေး ပုံစံလေးကို မြင်ရပြန်တော့ အမေပြောတဲ့ အမောပြောလေးဆိုတာကိုပင် သတိရမိသေး၏။
" သားမြတ် ပြန်ရောက်ပြီလား "
အပေါ်ထပ်က ဆင်းလာသော အန်တီ့ကို ခေါင်းညိတ်ပြချိန် ထထိုင်လာသည့် ကာတွန်း။ ဝင့်လာသည့် မျက်ဝန်းအစုံနဲ့အတူ မော့ကြည့်လာသူ။ အနားရောက်လာသည့် အန်တီ့ လက်ကို ဆွဲပြီး ထိုင်ချစေရင်း မိခင်ပေါင်ပေါ် ခေါင်းတင်ကာ ပြန်လှဲချတော့၏။
" အပျင်းထူမနေနဲ့။ ရေသွားချိုး။ ဒီဆံပင်က ခုထိ နီနေတုန်းပဲလား "
" ချိုးမှာ ချိုးမှာ။ ကိုကြီးကို စောင့်နေတာ "
" သားမြတ် ခုမှ အလုပ်က ပြန်လာတာ။ လိုက်မနှောင့်ယှက်နဲ့။ သားမြတ်ကို မဆိုးရဘူးလို့ မေမေ မှာထားတယ်လေ ကာတွန်း "
သားတော်မောင်ရဲ့ နီနီရဲရဲ ဆံသားတွေကို ညင်သာ နူးညံ့စွာ တို့ထိရင်းမှ ဆိုလာသည့် ဆန့်ကျင်စကား။ ပေတိပေကပ်လေးက လျော့တိလျော့ရဲ ထထိုင်ပေမဲ့ ဘဲရုပ်ကို ရင်ခွင်ထဲ ထည့်ပိုက်ထားဆဲ။
" မေမေ မွေးထားတာ ခါနွေလင်းနော်။ ကိုကြီး မဟုတ်ဘူး။ ကဲကဲသဲသဲလုပ်တာ နည်းနည်း လျှော့ဦး "
အရုပ်ကို ပစ်ချပြီး မတ်တပ်ထရပ်ရင်း လက်ကို လာဆွဲသည့် ကာတွန်းကြောင့် ရိုးရာ ယောင်နန ဖြစ်သွားရတော့၏။ အပေါ်တက်ဖို့ ခြေလှမ်း ပြင်ပြီးကာမှ မိခင်ဖြစ်သူဘက် ပြန်လှည့်ရင်း ---