အခန်း (၂၃)
" ဒီမှာလည်း ငါတို့ ရှိနေတာပဲကွာ "
သူငယ်ချင်း သံယောဇဉ်နဲ့ တိုးဖျော့စွာ ဆိုလာသူက တစ်တီတူးပင်။ ကာတွန်း စိတ်မကောင်း ဖြစ်မှာ စိုးစိတ်နဲ့ ပိုးဟပ်က တစ်တီတူးကို တံတောင်နဲ့ တွတ်ကာ ဝင်ဟန့်သည်။ ကျန်တဲ့ နှစ်ယောက်လည်း မျက်နှာ မကောင်းကြ။ ဒီသူငယ်ချင်းတွေက မေမေ့နာရေးမှာ အစအဆုံး ဝိုင်းကူခဲ့သလို ကာတွန်းကို နှစ်သိမ့်မှုလည်း ပေးခဲ့ကြသည်။
ကာတွန်းအနားမှာ ကိုခန့် အတူ ရှိပေးနိုင်သည်က သူငယ်ချင်းတွေရဲ့ ကူညီ ဖေးမမှုကြောင့်ပင်။ ကိုခန့် စိတ်အေးစွာ ဦးဆောင်ပြီး စီစဉ်နိုင်အောင် ဧည့်ခံရေးနဲ့ နာရေးကိစ္စ အဝဝကို ကာတွန်းရဲ့ လတ်လတ်လန် အဖွဲ့သားတွေက တာဝန် ယူပေးခဲ့ကြသည်။ ကောင်းအတူ၊ ဆိုးအတူ ရှိခဲ့ကြသူတွေမို့ ခွဲခွာချိန် ရောက်လာသည့် အခြေအနေမှာ ကာတွန်းလည်း စိတ်မကောင်း။
မီးငွေ့ရဲရဲ တောက်နေသည့် အပူက ရင်ကိုပါ လာဟပ်နေတာမို့ လက်ထဲက ဘီယာဘူးကို မော့သောက်လိုက်မိ၏။ ကောင်လေးကတော့ သူငယ်ချင်းတွေနဲ့ ကာတွန်း လွတ်လွတ်လပ်လပ် စကားပြောနိုင်ဖို့ ခြံထဲ ဆင်းမလာခဲ့။ အိမ်ထဲမှာသာ နေကာ ကိုခန့်နဲ့ စကားပြောပြီး ကျန်ရစ်ခဲ့သည်။ ဘီယာဘူးတွေ တစ်ဘူးပြီး တစ်ဘူး ကုန်သွားပေမဲ့ အရင်လို အာမရွှင်နိုင်။ ရင်ထဲ ဆို့နင့်မှုများနဲ့ နှုတ်ဆက်ချိန်ကို တိတ်ဆိတ်စွာ ကုန်ဆုံးဖြစ်သည်။
" စာမေးပွဲ ဖြေဖို့တော့ ပြန်လာခဲ့နော် ကာတွန်း "
" ကိုကောင်းနဲ့ နေရတာ မပျော်ရင် ချက်ချင်း ပြန်လာခဲ့။ မင်းအတွက် ငါတို့ အမြဲ ရှိတယ်။ ရန်ကုန်သားတွေ မင်းကို စိတ်တိုအောင် လုပ်ရင်လည်း ပြော။ ငါတို့ကို အချိန်မရွေး ဖုန်းဆက်နော် ဟေ့ကောင် "
" ပြောတော့ မင်းတို့က ဘာလုပ်ပေးမှာမို့လဲ "
" ရန်ကုန် လာပြီး သူ့ညီမကို ခိုးပြေးမယ်ကွာ "
မျောက်ရဲ့ ခြေရာအတိုင်း ကြံဆလာသည့် ဇီးကွက်ကြောင့် ပြုံးရသေး၏။ မျောက်ကလည်း စကားနဲ့ ခလုတ်တိုက်ခံလိုက်ရ၍ ဇီးကွက်ရဲ့ ဇက်ပိုးကို ခပ်သာသာ ဖြတ်အုပ်တော့၏။ မီးစွဲနေသည့် ထင်းချောင်းအချို့နဲ့ သစ်ရွက်ခြောက် တစ်ချို့က လောင်မြိုက်ခြင်းကို ပံ့ပိုးထားသည်။ ရာသီဥတုက အေးစိမ့်စိမ့်ဆိုပေမဲ့ လေပြည်တွေ ငြိမ်သက်စွာ အိပ်မော ကျနေ၏။