အခန်း (၁၅)
" မူးမူးရူးရူးနဲ့ အိပ်ခဲ့လည်း အိပ်ရေးဟာ မဝပါဘူး "
ရေချိုး၊ ခေါင်းလျှော်ပြီး အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ရူးရူးမိုက်မိုက်အချစ် သီချင်းကို လိုရာစာသားတွေ ပြောင်းပြီး အော်ရင်း ရေချိုးခန်းထဲက ထွက်ခဲ့လိုက်၏။
" အမေ့ .. ပိုက်ဆံပေး "
ခလုတ်တိုက်လို့ ယောင်မိတာ မဟုတ်။ ကုတင် အစွန်မှာ အရှင်လတ်လတ် ငုတ်တုတ်ထိုင်နေတဲ့ ကောင်လေးကြောင့် လန့်သွားရလို့ပင်။ အသံမပေး အချက်မပြဘဲ ပိုင်စိုးပိုင်နင်း အကွက်တွေ ခင်းလည်း ငြိုငြင်စိတ်က အတွေးထဲတောင် ဝင်မလာ။ ကောင်လေးက အသံပေးပေမဲ့ ရေချိုးခန်းထဲ ကိုယ့်သီချင်းနဲ့ ကိုယ် တမ်ပိုမြင့်နေ၍ ကာတွန်း မကြားတာလည်း ဖြစ်ချင် ဖြစ်မည်။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေးမို့ အရာခပ်သိမ်း ကြည်ဖြူသည်။" ကောင်လေး ရောက်နေတာနဲ့ အတော်ပဲ။ ကတ် ပြန်ပေးရမယ် "
" အင်္ကျီပဲ အရင်ဝတ်ပါ "
ကောင်လေးစကားကို နားထောင်ရင်း ဗီရိုထဲက တီရှပ်နဲ့ ဘောင်းဘီတိုကို မြန်မြန်ဆန်ဆန်ပဲ ဝတ်လိုက်၏။ ခုံတစ်လုံးဆွဲပြီး မျက်နှာချင်းဆိုင်မှာ ထိုင်တော့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံ၏။ တည်တည်ကြည်ကြည် ကောင်လေးက မိုးပြာရောင်ရှပ်လေးနဲ့ ရှင်းသန့်နေသည်။ ကောင်းကင်ပြာကြီး ဘယ်လောက်လှလှ ကာတွန်း အမြင်မှာတော့ မှော်ဆရာ ကောင်လေးရဲ့ တင့်တယ်မှုကို မယှဉ်နိုင်။
" ကတ်ထဲက ပိုက်ဆံ ရှစ်သောင်း ထုတ်ထားတယ်။ ကျေနပ်တယ်မလား "
မျက်နှာမှာ သကာရည် မလောင်းထားရုံတမယ် ပိုပိုသာသာ ပြုံးပြပေးလိုက်သည်။ စိတ်မဆိုးတတ်တဲ့ ကောင်လေးကို စနောက်ရတာ ပျော်စရာ မကောင်းလည်း ငြီးငွေ့ဖူးခြင်း မရှိခဲ့။
" ဘာတွေ သဘောကျစရာ ရှိလို့ ဒီလောက် ပြုံးနေတာလဲ "
" သြော် .. ကောင်လေးရယ်။ အမုန်းစကားပင် ဆိုစေ၊ အပြုံးမျက်နှာ မပျက်ပါက စိတ်တော်ရယ် ကွက်ဖို့ကွယ် ချို့တဲ့ ရပါရဲ့ ဆိုသလိုပေါ့။ ငါက ကောင်လေး ပိုက်ဆံတွေကို ကိုယ့်သဘောနဲ့ ကိုယ် အကြိက် ထုတ်သုံးထားတာလေ။ ဒီတော့ ကောင်လေး မငြိုငြင်အောင် မျက်နှာချို သွေးပြနေတာ "