အခန်း (၄၀)
" ဟိုကောင်မလေး မရောက်သေးဘူးလား "
" ဘယ်သူလဲ "
" ဖြူစင်လေ "
ဆိုင်ကို ရောက်ရောက်ချင်း အမေးရှိလာသူ။ မျက်ဝန်းတွေက တစ်စုံတစ်ယောက်ကို ရှာဖွေနေကတည်းက သတိထားမိပေမဲ့ မသိချင်ယောင် ဆောင်ပြီး ဝန်ခံချက်ကို စစ်ထုတ်ဖြစ်သည်။
" နေ့လည်မှ လာမှာ "
" ဘာလို့လဲ။ နေမကောင်းဘူးလား "
" မဟုတ်ပါဘူး။ မနက်ပိုင်း သင်တန်းရှိလို့ "
ပန်းကလေးတွေကို မြင်တွေ့ရခြင်းက သက်ထားရဲ့ စိတ်နှလုံးကို အေးချမ်းစေသည်။ ပန်းတို့၏ ရနံ့နဲ့ အလှကို သဘောကျ နှစ်ခြိုက်သည်။ ပန်းမချစ်တတ်သော အမျိုးသားလေးကလည်း ဆိုင်ကို မကြာခဏ ရောက်လာတတ်သည်။ ရင်ခုန်သံ ယစ်မူးရာ နယ်မြေလည်း ပြောင်းလဲသွားပုံပင်။ တစ်ခါတစ်ရံ နူးညံ့ ပါးလွှာသော ခံစားချက်ကို ကာယကံရှင် ကိုယ်တိုင် သတိမပြုမိသော်ငြား မြင်တွေ့နေရသူမှာ သိနေတာမျိုးလည်း ရှိပေသည်။
" ငါ့ဆီ လာတာ မဟုတ်ဘူးလား "
" မဟုတ်ဘူး "
အငိုက်စစ်တော့ မိသွားသည်။ လွှတ်ခနဲ ဖြေလာပြီးမှ မတ်တပ်ထရပ်ကာ ပြန်ဖို့ ပြင်၏။ သက်ထားမှာ သူငယ်ချင်းဖြစ်သူလေးကို ကြည့်ကာ သဘောကျမိတော့သည်။
" ထူးခန့် "
လက်ထဲက ပန်းစည်းကို ခုံပေါ် ချရင်း ခေါ်တော့ မျက်ဝန်းချင်း ဆုံလာ၏။ ခိုင်မာသည့် သံယောဇဉ်ကြောင့် အပြန်အလှန် နားလည်မှုက ထုတ်ဖော် ပြောစရာ မလိုခဲ့။ ခုံမှာ ပြန်ဝင်ထိုင်ရင်း ပြောလာမည့် စကားတို့ကို စောင့်ဆိုင်းနေလျက်။
" ငါ ပြောစရာ ရှိတယ် "
" ဘာလဲ "
" သေချာ နားထောင်နော်။ နင့်အတွက် ပြောမှာ "
" လန့်စရာတွေ မလုပ်နဲ့။ မြန်မြန် ပြော။ နားထောင်ပြီးရင် ပြန်မှာ "
စိတ်မရှည်သူပီပီ အလျင်လိုလာတော့သည်။ တစ်စုံတစ်ယောက် ရှိမနေသည့် နေရာတွင် ပြန်ချင်စိတ်တို့ အားကောင်းနေပုံပင်။ ထူးခန့်ပိုင်သည် ပြောင်းလဲမှုတစ်ခုအပေါ်မှာ ရှုပ်ထွေးနေရရှာ၏။ သူငယ်ချင်း ဖြစ်သူကို ကြည့်ရင်း သက်ထား ပြုံးမိလိုက်သည်။