အခန်း (၁၁)
" ကာတွန်း။ ကာတွန်း။ ခဏ ထနော်။ အင်္ကျီ လဲရအောင် "
ဆေးရှိန်နဲ့ အိပ်ပျော်ပြီး ချွေးတွေ ရွှဲနေ၍ အဝတ် လဲပေးဖို့ ပြင်ရတော့၏။ ဖျားပြီဆို နေ့ဘက်မှာ သက်သာပေမဲ့ ညရောက်ရင် ကိုယ်ပူရှိန် မြင့်တက်လာတဲ့ ကာတွန်းအကြောင်း အန်တီ ပြောပြထား၍ သတိနဲ့ နေလို့သာ သိရတာပင်။ နေမကောင်းဘဲ ဆိုယ်ကယ်တစ်စီးနဲ့ အပြင်ကို ခိုးထွက်လိုက်သေးတဲ့အထိ ကာတွန်းရဲ့ ပေတေချက်ကလည်း လက်လန်စရာ။
ကိုယ်ကို ထူမပေးပြီး ကုတင်ခေါင်းရင်းကို မှီကာ ထိုင်ခိုင်းရ၏။ တဘက်နဲ့ ချွေးတွေ သုတ်ပေးပြီး အင်္ကျီလဲပေးဖြစ်သည်။ စေးကပ်နေတဲ့ ဆံပင်တွေကိုလည်း သေချာ သပ်တင်ပေးဖြစ်၏။
စောင်ထူထူကို ခြုံပြီး ပြန်လှဲဖို့ ပြင်ရာကနေ ရုတ်တရက် ထပြေးသွား၍ အပြေး လိုက်ရတော့၏။ဘေစင်ထဲ ခေါင်းငိုက်စိုက်ကာ အန်နေသူကို ကြည့်ကာ စိတ်မကောင်း။ ခဏခဏ အန်နေ၍ အစာမရှိတော့သည့် အစာအိမ်က ရေတွေကိုသာ ထုတ်ပေးနေသလို မှန်ထဲ ပေါ်နေသည့် ပုံရိပ်လေးကလည်း နွမ်းလျ မှိုင်းပျနေ၏။ ဖြစ်နိုင်ရင် ကာတွန်း ခံစားနေရသည့် ဝေဒနာ မှန်သမျှကို လွှဲပြောင်း ယူလိုက်ချင်သည်။ ကျောပြင်ကို ညင်ညင်သာသာ ပွတ်ပေးရင်းမှ ပလုတ်ကျင်းဖို့အတွက် ပြင်ပေးမိ၏။ ညနေကမှ ထူထူထောင်ထောင် ရှိခဲ့သည့် ကလေးက ခုတော့ လှုပ်တောင် မလှုပ်နိုင်တဲ့အထိ ယဲ့ယဲ့လေး ဖြစ်နေပြီသာ။
" ခေါင်းကိုက်နေလို့လား "
" အင်း "
နားထင်ကို ပွတ်ရင်း နှိပ်နယ်နေသူကြောင့် စိုးရိမ်ပူပန်မှုက မြင့်တက်သွားရတော့သည်။ ပေါ့ပေါ့ပါးပါး ခန္ဓာလေးကို တွဲရင်း အိပ်ရာပေါ် လှဲသိပ်ဖို့ ပြင်မိလိုက်၏။ အံဆွဲထဲက နားထင်ကပ် ပလာစတာကို ယူပြီး ခေါင်းကိုက်သက်သာအောင် ကပ်ပေးဖြစ်သည်။
ရေပတ်ကပ်ပေးဖို့ ပြင်ရင်း တစ်ညတာ အိပ်ချိန်ကို
ဖယ်ထုတ်ပစ်လိုက်၏။ ဒီကလေးကို စိတ်မချနိုင်၍ အိပ်လို့လည်း မရတော့။ အိပ်ရေးပျက်ခံနိုင်တာမို့ ရိုးရာအတွက်က တစ်ညလောက် မအိပ်ရလည်း ဘာမှ မဖြစ်။ သို့ပေမဲ့ နွမ်းလျပုံရိပ်လေးကတော့ စိုးရိမ်သောကကို ထူထဲစေနိုင်စွမ်း ပြင်း၏။