အခန်း (၂၇)
" နာတယ်မလား "
" အင်း။ အရမ်းနာတယ် "
နှုတ်ခမ်းထောင့်ကို ဆေးထည့်ပေးရင်း မေးတော့ နင့်ကဲစွာ ဆိုလာသူ။ ကောင်လေး၏ နာကျင်မှုသည် အပေါ်ယံ အရေပြားမှ ဒဏ်ရာကြောင့် မဟုတ်။ ရင်ဘတ်ထဲမှ စူးရှစွာ လာခြင်း ဖြစ်၏။
" ကောင်လေး အနာသက်သာအောင် ငါ ဖက်ထားပေးမယ် "
ကောင်လေးရဲ့ လည်တိုင်လေးကို ဆွဲငင်ယူကာ ပခုံးထက် ခိုနားစေလိုက်သည်။ ကာတွန်းရဲ့ လက်တစ်ဖက်က ကျောပြင်တစ်လျှောက် ငြင်သာ ယုယစွာ ဖြတ်ပြေးမိ၏။ အိမ်လေးသည် ရင်နင့်အက်ကွဲသံ ကိုယ်စီဖြင့် တိတ်ဆိတ်နေလျက်။
" တောင်းပန်ပါတယ် "
ဆံသားတို့ကို ထိတွေ့ရင်း တိုးဖွစွာ ဆိုမိသည်။ အားနာသည်ထက် ပိုသာသော ခံစားချက်တို့အတွက် ထိုစကားတစ်ခွန်းက လုံလောက်မှု ရှိမနေ။ သို့ပေမဲ့ ကာတွန်းရင်ထဲက အားနာစိတ်တို့ မြူတစ်မှုန်စာမျှလောက်ဖြင့် လျော့ပါးသွားဖို့အတွက် တောင်းပန်မိသည်။ တစ်ကိုယ်ကောင်းဆန်သည်ဟုပင် ဆိုချင်ဆိုပါစေ။
ကောင်လေး နာကျင်နေရသလောက် ကာတွန်းလည်း ပင်ပန်းရပါသည်။ကောင်လေးသည် မည်သည့်စကားကိုမှ ဖွင့်ဟ လာနိုင်ခြင်း မရှိ။ ပခုံးသားထက် မျက်နှာ အပ်ထားလျက်သာ ဆိတ်ငြိမ်စွာ နေ၏။
သို့ပေမဲ့ ...
သိုပေမဲ့လို့ ...။" ကောင်လေး "
ပခုံးသားထက်က စိုစွတ်မှုတစ်စ။ ရင်တစ်ခုလုံး အမွှန်းခံလိုက်ရသည့်ပမာ နာလွန်း၏။ ပူပန်လာသော စိတ်ကြောင့် ဖယ်ခွာဖို့ ပြင်စဉ် ကာတွန်းအား ပြန်လည် သိုင်းဖက်လာသူ။ နားလည် သဘောပေါက်လိုက်မှုနှင့်အတူ ကျောပြင်ကိုသာ ခပ်ဖွဖွ ပွတ်သပ်ပေးရင်း မျက်ဝန်းအိမ်မှ လျှံတက်လာသော သောကရည်ကြည်တို့ အပြင်ဝန်းကျင်သို့ ထွက်မလာစေရေးအတွက် ပုတ်ခတ် ကာကွယ်ဖြစ်သည်။
" အရမ်း နာနေရင် ငိုချလိုက်။ ငါ့ပခုံးကို ကိုက်လည်း ရတယ် "
စကားနားထောင်သော ကောင်လေးသည် ကာတွန်းရဲ့ အဆိုပြုချက်အား မငြင်းဆန်ခဲ့။ သို့ပေမဲ့ ကာတွန်း၏ အသားစိုင်အား ကိုက်ခဲလာမှုကို သွေဖယ်ကာ နာကျင်စွာ ငိုရှိုက်ခြင်းသာ သည်းခဲ့လေသည်။ ကာတွန်းမှာ မျက်ရည် မဆည်နိုင်တော့ပေ။