အခန်း (၃)
" သားမြတ် ထည့်စားနော်။ ကိုယ့်အိမ်လိုပဲ သဘောထား။ ဟဲ့ .. တော်တော့လေ။ နင့် လက်ချည်းပဲ။ ဒီဟင်းက သားမြတ်အတွက် ချက်ထားတာ ကာတွန်းရဲ့ "
စကားနဲ့တင် ဟန့်တားရုံမက လက်ကပါ ရှေ့ဆန့် ကာလာလျက် ပေါ်ပေါ်တင်တင် ပိတ်ပင်ပြနေသည့် မာတာမိခင်ကြောင့် နှာခေါင်းရှုံ့မိရင်းမှ ဇွန်းအပြည့် ခပ်ယူဖြစ်လိုက်သည်။ ကောင်လေးကတော့ တအင်းအင်းနဲ့ ခေါင်းညိတ်ခေါင်းခါ ပြုံးတုံ့တုံ့သာ။ ကောင်လေးကို ကြည့်ရင်း အားမရလွန်းတာမို့ သက်ပြင်းချချင်ပေမဲ့ ထမင်းအမြန် စားနေရ၍ ခဏ ရပ်ဆိုင်းထားလိုက်ရသည်။
" ကိုကြီးက အိ်မ်မှာပဲနေမှာလား "
" ဟဲ့ .. ဘယ်လိုတွေ ပြောနေတုန်း။ သားမြတ်က အိမ်မှာ မနေလို့ ဘယ်မှာနေရမှာလဲ "
ကာတွန်းက တစ်ခွန်းပြောရင် မေမေက ဒီလိုပုံစံမျိုးနဲ့ ဝင်နှောင့်သည်။ ဒါပေမဲ့ မမှုပါ။ ကာတွန်းကလည်း မေမေ့သားမို့ ဒီလောက်တော့ အပျော့။ ပြောစရာရှိတာတော့ ပြောထားရမည်။ မရှုပ်ခင်က ကြိုရှင်းရမည်။
" ကိုကြီးက တာဝန်နဲ့လာတာဆို။ နှစ်နှစ်တောင် ကြာမှာလေ "
" အေးလေ။ အဲ့တော့ ဘာဖြစ်လဲ။ သားမြတ်ကို ငါ ကျွေးထားနိုင်တယ်။ နင့်ပါးစပ်သာ ပိတ်ထား "
ပါးစပ်ဟတာနဲ့ ဘာပြောမလဲဆိုတာကို အကွက် ကြိုမြင်နေပုံရသော မေမေက မျက်နှာရိပ်၊ မျက်နှာကဲ ပြကာ ဟန့်သည်။ နားလည်ပေမဲ့ တချို့ အရာတွေကိုတော့ မသိချင်ယောင်ဆောင်ဖို့ လိုအပ်တာမျိုး ရှိ၏။ ကာတွန်းလည်း အလားတူပင် ကျင့်သုံးကာ ပြောချင်သည့် ဆိုလိုရင်းကို ရှေ့ဆက်ဖို့ ပြင်လိုက်ရသည်။ မရိုးစင်းသော လောကကြီးမှာ လူရည်လည်ဖို့ အရူးကွက် တချို့ ထုတ်သုံးတတ်မှ အဆင်ပြေလိမ့်မည်။
" နှစ်ရက် နှစ်လမှ မဟုတ်တာ။ နှစ်နှစ်ကြီးများတောင်လေ "
" ငါ သိတယ်လေ ကာတွန်းရဲ့။ ဘယ်လိုဖြစ်လို့ နင် ဒါပဲ အာကြောင်းထပ်နေတာလဲ။ စကား မများနဲ့။ စားစရာ ရှိတာသာ စားစမ်းပါ။ ဂိမ်းက လွဲလို့ အာရုံ မရှိတဲ့ နင့်လို ပေတလူးကိုတောင် ငါ ဒီအရွယ်ထိ ကျွေးထားနေတာပဲ။ သားမြတ်လို အလိမ္မာလေးကို ငါက ဘာလို့ ငြိုငြင်နေရမှာလဲ "