အခန်း (၈)
" နေ .. နေ ရတယ်။ အန်တီ ဆွဲနိုင်ပါတယ် "
အန်တီက အားနာ၍ တားပေမဲ့ မနေသာတာမို့ ဈေးခြင်းတောင်းကို ဝိုင်းကူဆွဲပေးဖြစ်သည်။
မနက်စောစောထဲက ကာတွန်းကိုလည်း မတွေ့ရ။" ဈေးဝယ်လာတာ အများကြီးပဲ။ တစ်ခုခု ရှိလို့လား အန်တီ "
" ဟုတ်တယ် သားမြတ်ရေ။ ရန်ကုန်က ဧည့်သည် ဒီနေ့ ရောက်မှာမို့လေ "
ဈေးခြင်းတောင်းထဲက ဝယ်လာသမျှကို ထုတ်ယူကာ နေရာချနေရင်းမှ ပြန်ဖြေလာသည့် စကားကြောင့် မလွတ်လပ်နိုင်တော့မည့် အရိပ်ငွေ့ကို ခံစားလိုက်ရ၏။
" သြော် .. ငါ့နှယ် မေ့ပြန်ပြီရော "
ကိုင်ထားတဲ့ ပစ္စည်းတွေကိုချပြီး နွားနို့ပူပူကို ဖန်ခွက်ထဲ ဂရုတစိုက် ထည့်သည်။ လက်ကလည်း အလုပ်မပျက်သလို နှုတ်ကလည်း ဖြေရှင်းချက် မမည်သော စကားတချို့ကို ဆိုလာလျက်။
" မင်းညီ ဖျားနေလို့လေ။ အဲဒါ ဆေးတိုက်ဖို့ လုပ်ပေးရမှာကို စိတ်ကများပြီး မေ့သွားတာ "
" ကျွန်တော် ယူသွားလိုက်မယ်။ အန်တီ လုပ်စရာ ရှိတာ လုပ်ပါ "
" သားမြတ်က အလုပ်သွားရဦးမှာမလား။ နောက်ကျနေပါ့မယ်။ ဖျားတယ်ဆိုပေမဲ့ ရိုးနေပါပြီ။ ဒီကလေးက အဲ့လိုပဲ။ အအေး နည်းနည်းမိတာနဲ့ ဖြစ်ရော "
အန်တီက သွားခိုင်းပေမဲ့ စိတ်က မဖြောင့်။ စနိုးစနောင့် ဖြစ်ရသည်။ လုပ်ငန်းခွင်ထဲ အနေအထားတစ်ခုအထိ ရာထူးရှိပေမဲ့ နေရာထိုင်ခင်း ပြောင်းကာစမို့ နောက်ကျရင်လည်း မကောင်းပြန်။
ဒီနေ့မှ အဆင်မပြေတာတွေ များလှသည်။
" စိတ်ပူမနေနဲ့ သားမြတ်ရေ။ အငြိမ်မနေတဲ့ ကလေးမို့ အဖျားက တစ်ရက် နှစ်ရက်အပြင် မင်းညီဆီမှာ ပိုမနေနိုင်ဘူး "
စိတ်မပူနဲ့ ဆိုပေမဲ့ ရင်ထဲက မအေးမြမှုကို လျှော့ချ၍ မရ။ တကယ်ဆို ကာတွန်း ဖျားနေခြင်းက ရိုးရာရဲ့ ပရောဂလည်း မကင်းခဲ့။ ကာတွန်းကို အလိုလိုက်ပြီး ညနေဘက်ကြီး ခေါင်းလျှော်ပေးခဲ့သူက ရိုးရာပဲ ဖြစ်ကာ ဖဲထုပ်နဲ့ အခန်းထဲ ရောက်လာတာကိုလည်း အတူ ကစားပေးလိုက်သေး၏။