အခန်း (၄၂)
" ကောင်လေး "
အလုပ်က အပြန် ကောင်လေးရဲ့ ရုံးကို ဝင်ကာ အကြိုတော် ထောက်ဖြစ်သည်။ ကားမောင်းတတ်ပြီးနောက် ကောင်လေးရဲ့ ကားကို အပိုင်စီးထားခဲ့မိတာလည်း ကြာပြီ။ ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မကို နှုတ်ဆက်ပြီးနောက် ကာတွန်းကို မြင်သွားသည့် ကောင်လေးက ဖြည်းဖြည်းချင်း လျှောက်လာ၏။ ကာတွန်းရဲ့ ဘေးမှာ ဝင်ထိုင်ပြီးသည်နှင့် ကောင်လေးကို ခါးပတ် ပတ်ပေးလိုက်သည်။ ပြုံးတုံ့တုံ့နဲ့ ကောင်လေးက ခေါင်းလေး ငုံ့ချထားရင်း အိတ်ကို ကားနောက်ခန်းထဲ ပို့ပစ်ဖို့ ပြင်သည်။
" အိပ်ချင်ရင် အိပ်နော်။ ရောက်ရင် ငါ နှိုးမယ် "
ကားစက် နှိုးလိုက်ရင်း ပြောပေမဲ့ ကောင်လေးက တုံ့ပြန်မလာ။ ငဲ့ကြည့်မိတော့ လက်ကလေး ပိုက်ကာ မျက်တောင်ဖျားတွေ ကန့်လန့်ကာ ချထား၏။
" ကောင်လေး အိပ်သွားပြီလား "
အတည်ပြုဖို့ အသံပေးမိတော့ ကာတွန်းဘက် ငဲ့လာသည်။ ကျောကို မှီထားလျက် လျော့တိလျော့ရဲလေး ထိုင်နေတဲ့ ကောင်လေးက ကာတွန်းကို အာရုံများစေတာ အမှန်။ မျက်တောင်စိပ်စိပ်လေးတွေနဲ့ နှုတ်ခမ်း ဖျောဖျော့လေးကို ငေးချင်ပေမဲ့ ငေးခွင့်က ရှိမနေ။ မီးပွိုင့်မိဖို့ ဆုတောင်းလည်း မပြည့်ခဲ့။ ခဏတဖြုတ်သာ အကြည့်ချင်း ဆုံခွင့်ရ၍ ကာတွန်းမှာ မကျေနပ်ချင်။
" ဝေဖာ ဝယ်ထားတယ်။ အိတ်ထဲမှာ "
" သွားကိုက်ရင် ငိုမှာနော်။ ငါ့ကို အချိုတွေ ကျွေးပြီး ငိုမှ မဆူနဲ့ "
" အိမ်မှာ တစ်ရှူး ရှိသေးတယ်။ တစ်ရက်စာ ငိုဖို့ လုံလောက်ပါတယ် "
နှာခေါင်းလေး ရှုံ့မိတော့ အပြုံးလေးကို မျက်ဝန်းထောင့်က ဖမ်းမိလိုက်၏။ ပိတ်နေသည့် ယာဉ်ကြောတန်းကြောင့် ကောင်လေးကို ငေးခွင့်လေး ရသွားသည်။ မချော့တတ်သည့် ကောင်လေးမို့ ကာတွန်းမှာ စိတ်ကောက်ရချိန်လည်း များများစားစား မရှိခဲ့။ ဒါပေမဲ့ ပျော်ပါသည်။ ကောင်လေးနဲ့ အတူရှိနေခွင့် ရလျှင်ပဲ ကာတွန်းရဲ့ အရာခပ်သိမ်း ပြီးပြည့်စုံသည်။