အခန်း (၂၅)
" ကောင်လေးရေ။ ငါ့ကို ဟင်းမြည်းပေးပါဦး "
ဟင်းခပ်ဇွန်းကို လက်က ကိုင်ရင်း အမှန်အကန် ချက်ပြုတ်နေသည့် ကာတွန်းမှာ ကောင်လေးကို အော်ခေါ်ရတော့သည်။ အိုးခွက်၊ ပန်းကန်တွေ ဆေးနေသည့် ကောင်လေးကလည်း ကာတွန်း ခေါ်သံ ကြားတာနဲ့ အနား ရောက်လာရှာသည်။ ဟင်းရည်တစ်ဇွန်းကို နည်းနည်း ခပ်လိုက်ရင်း အပူလျော့အောင် လေမှုတ်ပြီး ကောင်လေး နှုတ်ခမ်းရှေ့ တိုးပေးမိသည်။ ဝယ်လာသည့် ပန်းကန်ချပ်တွေကို ဆေးကြောနေရ၍ ကောင်လေး လက်နှစ်ဖက်မှာ လက်အိတ်က စွပ်လျက်သား။
" ဘယ်လိုနေလဲ "
" ပေါ့တယ် "
" ဟုတ်လား "
" အင်း "
" ဟင်းဆိုတာ ဒီလို နည်းနည်းပေါ့ပေါ့လေး ချက်ရတယ် ကောင်လေးရဲ့။ ငန်သွားရင် ကောင်လေး သွေးတိုးလိမ့်မယ် "
ကာတွန်းက ပါးစပ်ကလည်း မရပ်မနား ပြောသလို လက်ကလည်း ငံပြာရည်ဘူးကို ရှာဖွေယူလိုက်၏။ ကောင်လေးကတော့ ကာတွန်း ပြောသမျှကို နားထောင်ရင်း လုပ်သမျှကို စောင့်ကြည့်နေသည်။
ငံပြာရည် နည်းနည်း ထည့်ပြီး ဟင်းအိုးထဲက ကြက်သားတုံးတွေကို မွှေလိုက်၏။ ကာတွန်းရဲ့ အကျင့်က ငြိမ်ငြိမ်လေး မနေတတ်၍ ဟင်းအိုးကို အလှထိုင် မကြည့်နိုင်။ ဒီတော့ ဟင်းခပ်ဇွန်း တစ်ချောင်း ကိုင်ပြီး စိတ်ကြိုက် မွှေဖြစ်၏။" အဖုံး အုပ်လေ။ အဲ့လို ချက်နေရင် မိုးချုပ်သွားလိမ့်မယ် "
" ငါ သိပါတယ်။ အရသာ နှံ့သွားအောင် မွှေနေတာ။ ခဏနေ အုပ်မယ် "
ကာတွန်းကို ပြောမနိုင်ကာ ကောင်လေးက ပြန်ထွက်သွား၏။ ပန်းကန်ဆေးဖို့ ပြင်ရင်း ကာတွန်းကို အာရုံလွှဲထားလိုက်ပြီပင်။
" ကောင်လေးရေ ငါ့ကို ထပ်မြည်းပေးပါဦး "
ခေါ်တော့လည်း ရောက်လာရှာသည်။ အိမ်နေရင်း တီရှပ်တစ်ထည်နဲ့ ကောင်လေးက ပေါ့ပါးဟန်လေး လွင်နေသည်။ ညနေစာအတွက် ချက်ပြုတ်နေတာ ကာတွန်းဆိုပေမဲ့ ကောင်လေးလည်း မနားရပေ။ ဈေးက ပြန်လာပြီးကတည်းက ဝယ်လာသည့် ပစ္စည်းတွေကို နေရာချပြီး သပ်သပ်ရပ်ရပ် စီတော့လည်း ကောင်လေး ကူရတာပင်။ ဟင်းခတ်မှုန့်နဲ့ ကော်ဖီမှုန့်ကို ပုလင်းမှားပြီး ထည့်မိတော့မလို ဖြစ်သွားသည့် ကာတွန်းကိုလည်း ကပျာကယာ တားလာရသေး၏။ မြန်မြန် ပြီးချင်ဇောတွေ များနေ၍ အယောင်ယောင် အမှားမှား ဖြစ်သွားသည့် ကာတွန်းရယ်ပါ။