အခန်း (၃၉)
" ကောင်လေး "
ဆေးနဲ့ ဖန်ခွက်ကို ကမ်းပေးရင်း ခေါ်တော့ မော့ကြည့်လာ၏။ ကာတွန်းရဲ့ ပြီတီတီရုပ်ကို မြင်ပြီး တွန့်သွားသည့် နှုတ်ခမ်းထောင့်လေးက ချစ်ဖို့ ကောင်းသည်။ မနေ့ညက ကာတွန်း သောင်းကျန်းထား၍ ကောင်လေးမှာ အဖျားငွေ့ပါ ရသွားရှာ၏။ အလိုလိုက်သည့် ကောင်လေးက နာကျင်တာတောင် တစ်ချက်လေး ဟန့်တား မလာခဲ့ပေ။ ကာတွန်းရဲ့ ခံစားချက်အရှိန်တို့ကို စိတ်ကြိုက် လွှတ်ပေးထားခဲ့သည်။
" မပေးရဲသလောက်ပဲ "
ဆေးကို မော့သောက်ပြီးနောက် ဖန်ခွက်ကို ခုံပေါ် တင်၏။ လည်တိုင်မှာ ခဲထားသည့် အရာ တစ်ချို့က ကာတွန်းလက်ချက်ပင်။ ကုတင်ကို ကျောမှီ ထိုင်နေသူကို ကြည့်ကာ အားလည်း နာရ၏။ ပျော်လည်း ပျော်သည်။
" မတွန့်တိုပါနဲ့ ကောင်လေးကလည်း "
" တော်ပါ "
" ရှက်နေတာလား "
စောင်ခြုံပြီး ပြန်လှဲဖို့ ပြင်နေ၍ အသည်းယားကာ စမိတော့သည်။ ကောင်လေးက တကယ်ကြီး ရှက်နေတာပင်။ ရယ်ချင်သည့် စိတ်ကို အောင့်ထားရ၍ ကာတွန်း မျက်နှာပိုးက ပြုံးစိစိ ဖြစ်နေမှာ အသေအချာ။
" အိပ်တော့မယ် "
" တကယ် ရှက်နေတာပဲ။ ငါ့ကို ကြည့်ပါဦး ကောင်လေးရဲ့ "
စောင်ကို အသာဆွဲရင်း ပြောတော့ ခြေဖြင့် ရွယ်ကာ ရုန်းကန်လာ၏။ ရှက်နေသည့် ကောင်လေးကို သဘောကျရင်း စောင်သေချာ ခြုံပေးဖြစ်သည်။ မျက်တောင်စိပ်စိပ်လေးတွေဆီ အကြည့် ရောက်မိတော့ အနမ်းပေးချင်စိတ်ကို မြိုသိပ်ထားရ၏။ ခုချိန်သာ ကြင်နာမိရင် ကန်ထုတ်ခံရမှာ သေချာသည်။
" နေကောင်းသွားရင် အလိုလိုက်ဦးနော် "
" တော်တော့ "
" ကောင်လေးကလည်း .. မငြင်းပါနဲ့။ ငါ လိမ္မာမယ်လေ "
ကောင်လေးရဲ့ စောင်ကို ဖွဖွရွရွ ဆွဲပြီး စတော့ မျက်ဝန်း အကြည့်လေးနဲ့ ခဲ၏။
" အိပ်ခွင့်မပေးတော့ဘူးလား။ လူကိုလည်း နည်းနည်းပါးပါး သနားဦး။ တတွတ်တွတ်နဲ့ စကားကို များတယ် "