အခန်း (၃၂)
" ကောင်လေးရေ ပြီးပြီလား "
အခန်းထဲက ထွက်မလာသေး၍ ကာတွန်းမှာ စိတ်မရှည်သည့်အဆုံး အော်ရတော့သည်။ ဈေးထဲက ဝယ်လာခဲ့သည့် အဖြူရောင် တီရှပ် အစင်းလေးက ကာတွန်းကိုယ်မှာ နေရာယူသည်။ အလုပ်ပိတ်ရပ်မို့ ဒီနေ့အပြင်သွားဖို့ ကောင်လေးနဲ့ တိုင်ပင်ထားခြင်းပင်။
ပုံစံတူ အရောင်ကွဲ တီရှပ်အနက်စင်းလေးနဲ့ ကောင်လေးက ပိုက်ဆံခေါက်အိတ်လေးကို ကာတွန်းဆီ အပ်နှင်းလာ၏။ အဝါရောင် ကျောပိုးအိတ်ထဲ ကောင်လေးရဲ့ ပိုက်ဆံအိတ်ကို ထည့်ပြီး အောက်ထပ် ဆင်းခဲ့လိုက်ကြသည်။
အားလပ်ရက် အပြင်ထွက်လည်ဖြစ်တိုင်း ကားကို ယူမသွားတတ်၍ ကားမှတ်တိုင်ကို ခြေလျင် လျှောက်သည်။ ကောင်လေးရဲ့ ထီး အမိုးအောက် ခိုလှုံရင်း နှစ်ယောက်အတူ အပူဒဏ်ကို ရှောင်ဖယ်မိ၏။
" ကောင်လေးရော ဘာဝယ်စရာ ရှိသေးလဲ "
" မရှိဘူး။ စာအုပ်ဝယ်ပြီး ပြန်ကြမယ်လေ "
" မပြန်ချင်ပါဘူး။ ပန်းခြံထဲ ဝင်ထိုင်ဦးမှာ "
" အဝတ်တွေ လျှော်ဖို့ ရှိသေးတယ် "
" ခဏလေးပဲ ထိုင်မှာပါ။ မကြာဘူး "
" လကုန်ရင် မင်္ဂလာဆောင်တစ်ခု သွားဖို့ ရှိတယ်။ လိုက်မလား "
" ငါက နောက်လ စာမေးပွဲ ရှိတယ်။ လမကုန်ခင် မေမြို့ ပြန်ရမယ်။ ဒါနဲ့ ဘယ်သူဆောင်တာလဲ "
" အရောင်းဌာနက မန်နေဂျာ။ ဒီဘက်တိုး။ ပူမယ် "
ထီးကို ကာတွန်းဘက် ပိုပိုသာသာ စောင်းပေးရင်း ဂရုတစိုက် ဆိုလာသူ။ လမ်းလျှောက်ရင်းမို့ ထီးအရိပ်ထဲက လွတ်ချင်သွားတဲ့ အခိုက် ပခုံးပေါ်က ကျောပိုးအိတ်ကြိုးကို အသာဆွဲကာ ကောင်လေး အနားသို့ ကပ်စေ၏။ ကားမှတ်တိုင်နဲ့ ဝေးသည်မို့ လမ်းလျှောက်ချိန်က ကြာသည်။ သို့ပေမဲ့ အရိပ် ပေးနိုင်သည့် ကောင်လေး ရှိနေ၍ ရန်ကုန်နေသည် ထင်သလောက် မပူပြင်းခဲ့။
" ဘယ်နေ့ပြန်မှာလဲ။ လိုက်ပို့ရမလား "
" ဟင့်အင်း။ မပို့နဲ့။ ကောင်လေး ပင်ပန်းပါတယ်။ စာမေးပွဲ ဖြေပြီး ပြန်လာမှာမို့ လိမ်လိမ်မာမာသာ နေခဲ့ "