အခန်း (၆)
" ဘယ်စူပါစတားကို အရူးထနေပြန်ပြီလဲ ကာတွန်းရယ် "
" မေမေကလည်း .. အရူးထတယ်လို့ မသုံးပါနဲ့။ သားအမိချင်းဆိုလည်း စကားအသုံးအနှုန်း ယဉ်ကျေးပေးရမယ်လေ။ သားရဲ့ idol ထုတ်တဲ့ ဖိနပ် မဝယ်နိုင်လို့ စိတ်ပြေလက်ပျောက် ဆေးဆိုးလာတာ။ Come back လာမှပဲ အနက် ပြန်ဆိုးတော့မယ် "
" နင့်ဘာသာ ဒိုးချင်ဒိုး ဘက်ချင်ဘက် .. ဒိုးပတ်ပဲ မျှော်မျှော်။ ငါကတော့ ငါ မွးထားတဲ့ သားမို့ တစ်ခါတည်း အပြတ်ပြောလိုက်မယ်။ မနက်ဖြန် နင့်ခေါင်းပေါ်မှာ ဒီနီကြောင်ကြောင်တွေ ထပ်မြင်နေရသေးရင် ငါကိုယ်တိုင် ကတုံးတုံးပြီး ဘုန်းကြီးကျောင်း ပို့ပစ်မယ် "
Idol နဲ့ Come Back ကို ရောသမမွှေပြီး ဒိုးပတ် လုပ်သွားသည့် မွေးမာတာရဲ့ ရာဇသံက ပြင်းသည်။ မနာခံလိုကြောင်း ဆန္ဒ ထုတ်ဖော်သည့် အနေနဲ့ ခြေနှစ်ဖက်ဆင်း စိတ်ကောက်ပြဖို့ရာလည်း အရွယ်က ကြီးရင့်နေလေပြီ။ ဒီအမေဟာ ခုချိန်ထိကို ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အပြည့်အဝ မပေးချင်။
" ဒိုးပတ် မဟုတ်ပါဘူး မေမေရဲ့။ Idol Come back ပါ Idol ရဲ့ Come back "
" လျှာမရှည်နဲ့။ မနက်ဖြန် မိုးလင်းလို့မှ နင့်ခေါင်း နီနေသေးရင် တစ်မွှေးမှ မကျန်အောင် အပြောင် ရိတ်ပစ်မယ်။ ကိုယ်ပိုင်တဲ့ ဆံပင် ကိုယ့်ဘာသာ ဘာလုပ်လုပ်ဆိုပြီး အာခံဖို့ မတွေးနဲ့။ နင့်ကို ငါ မွေးထားတာနော် ကာတွန်း "
" ဟုတ်ပါပြီ မေမေရယ်။ နိုင်လို့ ရတုန်း အနိုင်ကျင့်ထားဦးပေါ့။ ဒီသားလူပျိုကို မေမေပဲ ပိုင်ပါတယ်။ တကယ်ပဲ မိန်းမမြန်မြန် ယူမှပါ "
နည်းနည်းလောက်တော့ ပြန်ပြောလိုက်ရမှ နေသာထိုင်သာ ရှိတာမို့ အာချောင်ပြီး အပေါ် တက်ဖို့ ခြေလှမ်း ပြင်လိုက်၏။ အားကျမခံ မာတာ မိခင်ကလည်း ကျန်ရစ်နေရာက ပြန်အော်သည်။
" နင့်ကို ယူမယ့်လမိန်းမလည်း မရှိပါဘူး။ အပိုတွေ ပြောမနေနဲ့ "
" ဒါဆိုလည်း ယောက်ျားပဲ ယူလိုက်တော့မယ် မေမေရေ။ ရုပ်ရှင်ကားတွေထဲကလို ဆေးခတ်ပြီး ခိုးပြေးမယ် "