အခန်း (၁၈)
" ဝါး .. ကောင်လေးက လုံးဝဆရာပဲ "
လက်မ တစ်ထောင်ထောင်နဲ့ ကာတွန်းကို ကောင်လေးက ခွန်းတုံ့မလာ။ ဘေးမဲ့ ပေးထားမူကိုသာ ချိတ်ဆွဲ ကျင့်သုံးလျက်။
နောက်ပြန် ကန်ဆွဲချင်နေသည့် ခြေကိုလည်း ကြိုသိထားပုံ ရ၏။ ကာတွန်းရဲ့ ကျောကို အသာတွန်းကာ အိမ်ထဲ ဝင်စေသည်။" ဘယ်တုန်းက ဒီလောက် လိမ်တတ်သွားတာလဲ။ တော်လိုက်တာ .. တော်လိုက်တာ "
မေးတငေါ့ငေါ့နဲ့ ပြောပေမဲ့ အဖက်လုပ် မခံရပေ။
စိတ်မပျက်တဲ့ ကာတွန်းကလည်း ကောင်လေး အသံ ထွက်မလာမချင်း ဇွဲမလျှော့ပါ။" ငါ့ကိုလည်း သင်ပေး။ ငါလည်း ကောင်လေးလို ရုပ်တည်နဲ့ ဖြီးချင်တယ်လေ။ အုပ်စိုး ယုံသွားတဲ့ မျက်နှာကို ကြည့်ပြီး ငါ့မှာ ရယ်ချင်တာဆိုမှ။ ဟီးး ကောင်လေး ဆူမှာစိုးလို့ မနည်း အောင့်ထားရတယ် "
" ခလုတ်တိုက်လဲမယ် "
ကြင်ကြင်နာနာ ဆိုလာခြင်းမဟုတ်။ မျက်နှာ တည်တည်လေးနဲ့ ပြောလာတဲ့ သတိပေးသံက ကာတွန်းရဲ့ လေကြောကို ဖြတ်ချင်လို့ပင်။ ကောင်လေးက ကာတွန်းရဲ့ ကျောကို အားမပါ၊ ဖျော့ဖျော့ပဲ တွန်းတာမို့ ထင်သလောက် ရှေ့မရောက်။
တွန်းလှန်နိုင်အား အပြည့်နဲ့မို့ ကောင်လေးရဲ့ လက်တွေကို ဖယ်ချပြီး ပခုံးချင်း ဘေးတိုက် လျှောက်ရင်း အမျိုးမျိုး ဆွပေးဖြစ်သည်။ ကောင်လေးကလည်း နည်းနည်းလေးမှ အလွတ်မခံ။ ကာတွန်းကို ပခုံးနှစ်ဖက်က ထိန်းကိုင်ပြီး ရှေ့က သွားစေ၏။ ကလေးလည်း မဟုတ်ဘဲ ရထားတွဲလို ဆော့ချင်နေတာလား မသိ။
" ဘာတဲ့။ လက်ထပ်ပြီးပြီ။ လက်မှတ် ထိုးပြီးသွားတဲ့ တရားဝင် ဇနီးမောင်နှံ။ ခွီး .. ငါလေ ကောင်လေးကို တကယ် မထင်ထားဘူး သိလား "
" စကားများတာပဲ "
တိုးဖွဖွလေး ဆိုလာတဲ့ အသံလေးကို သဘောကျရပြန်၏။ လူအေးလေးတွေ စိတ်မရှည်တော့တဲ့အခါ အသည်းယားစရာ အကောင်းဆုံးပင်။ မေမြို့ကို ကောင်လေး ရောက်လာခြင်းက ကာတွန်းအတွက် တန်ဖိုးကြီးလွန်းသည့် ဆုလာဘ်တစ်ခု ရလိုက်သလို။