အခန်း (၂၄)
" ကောင်လေး။ ငါ့အိတ်ရော "
" အခန်းထဲမှာ "
" ငါ မတွေ့ဘူး။ ကောင်လေး နေရာ ပြောင်းလိုက်တာလား "
ရန်ကုန်မြေပေါ်က တိုက်ခန်းထဲ ကာတွန်းရဲ့ အဝတ်တွေ ထည့်ထားသည့် အိတ် ပျောက်ဆုံးနေခြင်းပင်။ အခန်း သန့်ရှင်းရေး လုပ်နေရင်းက ခဏရပ်ပြီး ဆိုဖာတွေ နေရာချနေသည့် ကောင်လေးကို ဝိုင်းကူပေးဖို့ ပြင်ရသည်။ နှစ်ကိုယ်တူ စတင်တော့မည့် တိုက်ခန်းလေးထဲမှာ နံရံကပ် စက္ကူတွေကို အဝါဖျော့လေး သုံးထား၏။ အခန်း အတွင်းပိုင်း ပြင်ဆင်မှုကို ကောင်လေးက ကာတွန်း စိတ်ကြိုက် ပြုစေသည်။
" ကိုယ့်အခန်းထဲမှာ "
ဆိုဖာထိုင်ခုံကို နေရာချပြီးနောက် ခုံပေါ် တင်ထားသည့် ကြက်တောင်မွှေးကို ယူရင်း ဖြေလာသူ။ အိပ်ခန်း နှစ်ခန်း ရှိနေသည်မို့ ကာတွန်းက ကောင်လေးရဲ့ ဘေးချင်းကပ်က အခန်းကို ယူထားသည်။ သို့ပေမဲ့ ကာတွန်းရဲ့ အိတ်ကို ကောင်လေးက သူ့အခန်းထဲ ပြောင်းရွှေ့လိုက်သည်။
" အခန်းကို မကြိုက်လို့လား။ ငါ့အခန်းနဲ့ လဲပေးမယ်လေ။ ငါက ဘယ်မှာနေရ နေရ အဆင်ပြေပါတယ် "
" မလဲနဲ့ "
" ဟမ် .. "
" အတူ နေမယ်။ တစ်ခန်းတည်းပဲ မျှသုံးရအောင် "
ကြက်တောင်မွှေးတစ်ချောင်းနဲ့ ဖုန်တွေ သုတ်နေရာက ရပ်တန့်လိုက်ပြီး ကာတွန်းရဲ့ မျက်ဝန်းတွေကို တေ့ဆိုင်ကာ ပြောလာ၏။ ရင်ခုန်သံ တဒိန်းဒိန်းက အင်နဲ့အားနဲ့ ပြေးဆောင့်သည်။ မျက်တောင်ခတ်ဖို့ရာ မေ့လျော့နေခဲ့သည်အထိ။
" မီးဖိုချောင်အတွက် လိုမယ်ထင်တဲ့ဟာတွေ ကာတွန်း စာရင်း လုပ်ပေးလို့ ရမလား။ သန့်ရှင်းရေးက ကိုယ် လုပ်လိုက်မယ်။ ညနေ ဈေးသွားကြမယ် "
" အင်း။ စာရင်း။ စာရင်း ခုပဲ သွားရေးလိုက်မယ် "
ကောင်လေးက မှာကြားစရာရှိတာကို ပြောပြီးနောက် သန့်ရှင်းရေးကို ပြန်လည် စတင်တော့သည်။ အိမ်နေရင်း တီရှပ် တစ်ထည်ကို ဘောင်းဘီတိုနဲ့ တွဲဝတ်ထားကာ ဆီမကူထားသည့် ဆံသားတို့က နဖူးပြင်တစ်ဝိုက် ဝဲတဲတဲလေး ပုံကျနေသည်။ ကာတွန်းလို ဆံပင်မကောက်၍ ဖြောင့်ဖြောင့်စင်းစင်းလေး ဖြစ်နေကာ ကြည့်ကောင်း၏။