Ep - 22 [U]

497 88 5
                                    

အခန်း (၂၂)

" နှစ်ယောက်စလုံး ဘယ်လိုဖြစ်နေကြတာလဲ "

ကာတွန်း စိတ်တိုရသည်။ အရွယ်ရောက်နေသူ၏ မာန်မာနကြောင့် တစ်စုံတစ်ယောက်အပေါ် မှီခို ရပ်တည်ခိုင်းနေမှုက ကာတွန်းကို ခံပြင်း ဒေါသ ထွက်စေသည်။ ကူညီချင်တဲ့ စိတ်ကို နားလည်ပေမဲ့ လက်မခံချင်။ စိတ်တိုတိုနဲ့ အော်ပေးလိုက်တော့ မျက်ရည်ကလည်း ပေါက်ခနဲ။ အလျင်လိုဇောနဲ့ ကောင်လေးခမျာ ကာတွန်းရဲ့ ဘေးကို ချက်ချင်း ရောက်ရှိလာသည်။ အားနည်းသည့် ပုံရိပ်ကို ပြရမှာ မုန်းသည်။ အသနားခံ လူသား တစ်ယောက်အဖြစ် အမြင်ခံရမှာကို ကြောက်သည်။ ဒါတွေကို ဘယ်သူမှ မသိရင်တောင် ကောင်လေး တစ်ယောက်ကိုတော့ နားလည်စေချင်ခဲ့သည်။ သို့ပေမဲ့ ထင်သလို ဖြစ်မလာသည့်အခါ စိတ်ပျက်ရမှုက နှစ်ဆ တိုးသွား၏။

" မနေချင်ရင် ပြန်ကြတော့။ ငါ့ကို ဟိုခေါ် ဒီခေါ် လုပ်ဖို့ မကြိုးစားနဲ့ "

မျက်ရည်စကို သုတ်ပစ်လိုက်ရင်း မတ်တပ် ထရပ်လိုက်၏။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည့် ကောင်လေးကို ထားခဲ့ရင်း အခန်းထဲ ဝင်အောင်းဖို့သာ ပြင်လိုက်သည်။ လွှတ်ပေးထားရ ကောင်းမှန်းတော့ နားလည်ပုံ ရသေးသည့် နှစ်ယောက်က ကာတွန်းကို တဂျီဂျီ လုပ်ပြီး တောင်းဆိုမလာ။ ဒေါသထွက်ခွင့်ကို အပြည့် ပေးထား၏။

******

" နေဦး "

အပြင်ထွက်ဖို့ ခြေလှမ်းပြင်နေသည့် ထူးခန့်ပိုင်ကို ရိုးရာ တားမြစ်လိုက်၏။ စိတ်ဆိုးသွားသည့် ကာတွန်းကို မချော့ခင် ထူးခန့်ပိုင်နဲ့ အရင် ရှင်းရဦးမည်။

" ဘာလဲ "

" မေးစရာ ရှိတယ် "

မှင်သေသေ မျက်နှာပေးနဲ့ ကြည့်လာရင်း မေးဆတ်ပြ၏။ မြန်မြန်မေး ဆိုသည့် သဘောပင်။
အချိန်ဆွဲနေစရာ အကြောင်း မရှိ၍ စိတ်ထဲမှာ မရှင်းသည့် အရာကို ပွင့်ပွင့်လင်းလင်း ထုတ်မေးဖြစ်၏။

" မင်းက ဘာကိစ္စနဲ့ ကာတွန်းကို ကာတွန်းလို့ ခေါ်ရတာလဲ။ အရင်တုန်းကတော့ ခါနွေလို့ပဲ ခေါ်ခဲ့တာမလား "

ရိုးရာရဲ့ အမေးဝါကျ ဆုံးသည်နှင့် ထူးခန့်ပိုင်က ခပ်သဲ့သဲ့ ရယ်လာတော့သည်။ လှောင်ပြောင် သရော်လည်း ခံရမှာပင်။ ကာတွန်းနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အတ္တစိတ်က ထိန်းချုပ်ထား၍ မရခဲ့။ အလိုမကျလွန်း၍သာ မေးမိပေမဲ့ ကလေးဆန်လွန်းနေတာမို့ ရှက်စိတ်ကြောင့် လူက ထူပူချင်လာသည်။ ဘဝမှာ အခေါ်အဝေါ်လေး တစ်ခုအတွက်နဲ့ ဒီလိုမျိုး အသေးစိတ်ဆန်မိတာ ပထမဆုံးပင်။

CartoonTahanan ng mga kuwento. Tumuklas ngayon