အခန်း (၂)
" ကောင်လေး ငါ ခဏ ဝင်ခဲ့မယ်နော် "
" ဝင်ခဲ့လေ ကိုယ် ရှိတယ် "
ဖုန်းကို လက်ကကိုင်ရင်း အခန်းတံခါးနားကပ် တိုးတိုးပြောတော့ ခွင့်ပြုချက် ကျလာ၏။ လော့မချထားသည့် တံခါးကို အသာတွန်းဖွင့်ရင်း စခရင်ပေါ်က အရုပ်ကြောင့် နှုတ်ကလည်း အော်တို လွတ်ထွက်သွားတော့သည်။
" ခွေးသားလေး ဖိုက်တာကိုင်ဟ။ ငါ tank ကိုင်မှာ "
အားရပါးရ ပြောပြီးမှ သတိရစိတ်နဲ့ မော့ကြည့်မိတော့ ကောင်လေးက မယုံကြည်နိုင်သလို ကြောင်တောင်တောင်လေး ကြည့်နေရှာ၏။ သွားတန်းဖြူဖြူ ပေါ်တဲ့အထိ ဖြီးခနဲ တစ်ချက်ရယ်ပြပြီး ကုတင်ပေါ်တက် တင်ပလ္လင် ခွေထိုင်လိုက်သည်။ Voice Chat ဖွင့်ထား၍ Squad ထဲက ကောင်တွေရဲ့ အသံဆူဆူတွေက ဝူးဝူးဝါးဝါး။
" ဟေ့ကောင် ကာတွန်း .. ကားက ငါ ကိုင်မှာလေ။ တခြား hero ကိုင် "
ဒီ squad သည် ဒီပုံစံပင်။ ကစားရင်လည်း သူများတွေလို စည်းလုံးလားဆိုရင် နိုး။ အသာစီးရနေရင်တောင် MVP ရဖို့အရေး သူပြိုင်ကိုယ်နိုင် လုနေတတ်လေ့ ရှိသေးသည်။
" ချီးပဲဟေ့ .. အဲ့မှာ -ီးလိုတွေ ban နေ သိလား ခွေးကောင် "
ကိုင်ဖို့အတွက် လုနေသည့် Hero ကို ကာတွန်းတို့ အဖွဲ့ထဲက တစ်ယောက်က အမြင်ကတ်ပုဒ်မနှင့် နှစ်ယောက်စလုံး ကိုင်ခွင့်မရှိအောင် တားမြစ်ပစ်လိုက်၍ ကျော်ကျော်ရဲ့ ဆဲသံ အားပါးတရ ထွက်ပေါ်လာတော့သည်။
" ကောင်လေး ခဏနေ ထမင်းစားဖို့ မေမေ လာခေါ်ရင် လိုက်မသွားနဲ့နော်။ ဒီတစ်ပွဲပြီးမှ ငါနဲ့ အတူစား "
ချောချောလှလှထဲက Hero တစ်ကောင်ကို ရွေးတင်လိုက်ပြီး ဖုန်းကို အိပ်ရာပေါ် ခဏ ချထားလိုက်သည်။ ဘောင်းဘီအိတ်ထဲ ထိုးထည့်လာသည့် ချောကလက် ဝေဖာချောင်းကို ကိုက်ဖောက်ရင်း ကောင်လေးကို ပြောတော့ အင်တင်တင် လုပ်နေ၍ စိုက်ကြည့်ပေးရပြန်သည်။ မေမေက ကာတွန်းကိုသာ ပေါက်ပေါက်ဖောက်သလို တတွတ်တွတ် ပြောပေမဲ့ ကောင်လေးကိုတော့ ရွှေပေါ်မြတင် ထားသလို အရေးပေး ဆက်ဆံတတ်သူ ဖြစ်၏။ ဒီတော့ ကာတွန်းအတွက် အကာအကွယ် အပြည့် ယူလို့ ရသည့် မဟာတံတိုင်းကြီး ကောင်လေးကို ဆင်ခြေဆင်လက် ရှေ့မှာ ထားနိုင်မှပဲ နားပူ သက်သာမည်။